(စ)- မြန်မာရေကူးလောက တစ်ခေတ်ဆန်းစေရန်နှင့် နိုင်ငံတကာခေတ်မီ ရေကူးကစားသမားများ ပေါ်ထွက်လာစေရန် မည်ကဲ့သို့ ပြုစုပျိုးထောင်နေသနည်းနှင့် အခြေခံပညာနှင့် တက္ကသိုလ်မှကျောင်းသားများအား ပြုစုပျိုးထောင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၈.၇. ၂၀၁၉)

 

လွန်ခဲ့သောနှစ် ၅၀ ကျော်က မြန်မာ့ရေကူးအားကစားသည် ၁၉၅၉ ခုနှစ်မှစ၍ ၁၉၆၉ ခုနှစ်ထိ ရွှေရောင်ဆုတံဆိပ်နှင့်အတူ အမြင်‌့ဆုံးအောင်မြင်မှုတို့ကို ရရှိခဲ့သော်လည်း ၁၉၆၉ ခုနှစ်ကတည်း က အောင်မြင်မှုဆက်တိုက်ကျဆင်းလာသည်မှာ ၁၉၇၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်၊ ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း မည်သည့်ဆုတံဆိပ်မျှ မရရှိသည့်အနေအထားကို ထိုးကျသွားပါကြောင်း၊ ယနေ့တိုင် ဆုတံဆိပ်အနည်းငယ် ရရှိသည်ကလွဲ၍ နာလန်မထူနိုင်တော့သည့်အတွက် ရေကူးအားကစား ရှေ့ ခရီးကို စိုးရိမ်မိပါကြောင်း၊

နိုင်ငံ့ဂုဏ်ကို ဆုတံဆိပ်အများဆုံးဖြင့်ရယူနိုင်ရန် ရေကူးအားကစားသည် ပြေးခုန်ပစ်အားကစား ပြီးလျှင် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများ၌ ဆုတံဆိပ်အများဆုံး ရွှေတံဆိပ် ၄၂ ခုထိ ရရှိနိုင်သော အားကစားဖြစ်ပါကြောင်း၊ ခေတ်သစ်အိုလံပစ်များ၏အစ ၁၈၉၆ ခုနှစ်တွင် ရေကူးအားကစားပြိုင်ပွဲ များ စတင်ကျင်းပခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရေကူးအားကစားနည်းကို ၁၉၃၀ ခုနှစ်မှ စတင် လေ့ကျင့်လိုက်စားခဲ့ကြသည်မှာ ၁၉၃၄ ခုနှစ်တွင် အမျိုးသားရေကူးအသင်းကြီး ပေါ်ပေါက်ခဲ့ ပါကြောင်း၊ ၁၉၅၈ ခုနှစ်တွင် ဗန်းမော်မြို့မှ ရေကူးသမားတင်မောင်နီသည် ရေကူးသမိုင်း၏ ထူးခြားသောနှစ်အစ ဖြစ်စေခဲ့သည့်အချိန်ကစပြီး တင်မောင်နီ၊ မြသီး၊ ချစ်စိန်၊ မညွန့်ခင်၊ နန္ဒကျော်စွာ၊ မောင်ကြည်၊ မိုးသူအောင် စသည်ဖြင်‌့ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ရေကူးသူရဲကောင်း များစွာ ပေါ်ထွက်ခဲ့ပါ‌ကြောင်း၊ ဦးမောင်မောင်စိန်သည်လည်း ဦးတင်မောင်နီ၏စံချိန်ကို ၁၉၈၄ ခုနှစ်တွင် ချိုးခဲ့ပါကြောင်း၊ တင်မောင်နီသည် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် ရွှေကိုးခု၊ ငွေသုံးခု၊ ကြေးနှစ်ခုရရှိခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ဥရောပနိုင်ငံနှင်‌့ အမေရိကန်နိုင်ငံ ရေကူးသမားများကို အံ့အား သင်‌့စေခဲ့ပါကြောင်း၊ ၁၉၆၂ ခုနှစ် အာရှအားကစားပြိုင်ပွဲတွင် ဂျပန်နိုင်ငံရေကူးသမားကို အနိုင်ယူ ခဲ့ပြီး ရွှေနှစ်ခုယူပေးခြင်းအားဖြင်‌့ အမြင်‌့ဆုံးအောင်မြင်မှုကို ရရှိခဲ့ပါကြောင်း၊

ယခု နောက်ပိုင်းကာလတွင် ရေကူးအားကစားနည်းသည် လွန်ခဲ့သောနှစ် ၅၀ ကနှင့်မတူဘဲ ကျဆင်းနေပြီး လူရွေးပွဲအဆင်‌့မှာတောင် နိုင်ငံတကာအဆင်‌့သို့ မတက်ရောက်နိုင်တော့ပါကြောင်း၊ ငယ်ရွယ်စဉ်ကတည်းက နည်းစနစ်မှန်မှန်ဖြင်‌့ ရေရှည်လေ့ကျင်‌့ပျိုးထောင်ရ‌သော အားကစားနည်း ဖြစ်သည့်အတွက် ထူးချွန်အားကစားလူငယ်များရွေးချယ်ရေး Talent Test Counting က အထူး လိုအပ်ခြင်း၊ ရေတွင် အဓိကလေ့ကျင်‌့ရသော အားကစားဖြစ်သော်လည်း တိုင်းဒေသကြီးနှင်‌့ ပြည်နယ်မြို့ကြီးများတွင် အပြည်ပြည်ဆိုင်ရာရေကူးကန်များမရှိခြင်း၊ အဆင်‌့မမီခြင်း၊ ပညာရေး ဝန်ကြီးဌာနအောက်ရှိ အခြေခံပညာနှင်‌့ တက္ကသိုလ်၊ ကောလိပ်များ၊ တပ်မတော်(ရေ)နှင့် တပ်ရင်း တပ်ဖွဲ့များ၊ အားကစားသိပ္ပံများ၊ ရေကူးကလပ်များက စုပေါင်းဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ် နေခြင်း၊ ရေကူးအားကစားသမားကောင်းများ မွေးထုတ်ရာတွင် အားကစားသိပ္ပံများ၌ အသက် ၁၃ နှစ်ရှိပြီး အချိန်နှောင်းမှသာ စတင်လေ့ကျင်‌့သင်ကြားပေးခြင်းများကြောင်‌့ အခြေခံပညာမှ ကလေး များကို ရေကူးအားကစားအဖွဲ့ချုပ်နှင်‌့လက်တွဲ၍ ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာနနှင်‌့ ပညာရေးဝန်ကြီးဌာန ပူးပေါင်းအစီအစဉ်ဖြင်‌့ စီမံကိန်းချကာ ပြုစုပျိုးထောင်ရန် လိုအပ်နေပြီဖြစ်ပါ ကြောင်း၊ ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်မီလေ့ကျင်‌့ပေးနိုင်မည့် ရေကူးကန်ဖြစ်သော အမျိုးသား ရေကူးကန်သည်လည်း လက်ရှိတွင်အခြေအနေမကောင်းဘဲ သွေးပူလေ့ကျင်‌့ခန်းလုပ်ကိုင်ရန် နေရာများမရှိတော့သည့်အတွက် ကန်ပေါင်ပေါ်တွင်ပြုလုပ်နေရခြင်းနှင့် ရေကူးသမားအများစု ကလည်း ကိုယ့်စရိတ်ကိုယ်စား လေ့ကျင်‌့နေရသည်ဟုလည်း သိရှိရပါကြောင်း၊ ၎င်းအခက်အခဲ များကြားထဲက အောင်မြင်မှုအလားအလာရှိသော မျိုးဆက်သစ်ရေကူးသမားများ ထွက်ပေါ်လာရန် ၂၀၁၈ ထိုင်းဘုရင့်သမီးတော် ချူလာလောင်ကွန် ရေကူးပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း ၃၁ ခု ရယူနိုင်ပြီး အသက် ၁၂ သာရှိသေးသော အလားအလာကောင်းသော မျိုးဆက်သစ်ရေကူးမယ် တစ်ဦးဖြစ်သူ သွန်းမိုးမေသီလည်း ၂၀၁၉ ခုနှစ်မှ လက်ရှိအချိန်အထိ ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများ တွင် ရွှေ၊ ငွေ၊ ကြေး ၈၅ ခု နှင့် အမျိုးသမီးအကောင်းဆုံးရေကူးသမားဆုနှစ်ဆု ရရှိခဲ့ပါကြောင်း၊ ၎င်းမျိုးဆက်သစ်များကို ဆက်လက်ပြုစုပျိုးထောင်ပေးပြီး လွန်ခဲ့သော နှစ် ၅၀ ကဲ့သို့ မြန်မာရေကူး လောကတစ်ခေတ်ဆန်းစေရန်နှင်‌့ နိုင်ငံတကာခေတ်မီ ရေကူးကစားသမားများ ပေါ်ထွက်လာ စေရန် မည်ကဲ့သို့ပြုစုပျိုးထောင်လေ့ကျင်‌့နေပါသနည်းနှင်‌့ အခြေခံပညာနှင်‌့ တက္ကသိုလ်မှ ကျောင်းသားများအား ပြုစုပျိုးထောင်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသော နိုင်ငံတကာအဆင်‌့အတန်းမီထွက်ရန် အဓိကက ရေကူးကန်၊ ရေကူးနည်းပြများလိုအပ်ပါကြောင်း၊ မရှိပါက မည်သို့မျှရှေ့ဆက်သွား၍ မရပါကြောင်း၊ ရေကူးကန်နှင့် ရေကူးနည်းပြရှိသည်‌့အပြင် ကျောင်းသားများ၊ ပြည်သူများ ရေကူးတွင်စိတ်ဝင်စား လာအောင် မဟာဗျူဟာနည်းဗျူဟာဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန နှင်‌့ ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာနက ယခုထက်ပိုမိုပြီးကျောင်းများတွင် ရေကူးသင်တန်း များပေးခြင်း ပိုမိုလုပ်ဆောင်ရန်ရှိသော်လည်း ရေကူးကန်မရှိပါက မည်သည်မျှလုပ်ဆောင်၍ မရပါကြောင်း၊ မိမိတို့၏နိုင်ငံတွင် အဓိကလိုအပ်ချက်သည် မြို့နယ်များ၊ တိုင်းဒေသကြီးနှင်‌့ ပြည်နယ်များတွင် ရေကူးကန်များပိုမိုရှိရန် ဖြစ်ပါကြောင်း၊ နွေရာသီရေကူးသင်တန်းများ လုပ် ဆောင်နေသည်ကို ဆက်လက်ပြီးအရှိန်အဟုန်မြှင်‌့မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင်‌့အားကစား ဝန်ကြီးဌာနပိုင် နိုင်ငံတကာအဆင်‌့မီရေကူးကန် သုံးကန်သာရှိပါကြောင်း၊ နေပြည်တော်တွင် ဝဏ္ဏသိဒ္ဓိ၊ ရန်ကုန်တွင် ဦးဝိစာရနှင်‌့ မြောက်ဒဂုံ  စုစုပေါင်း သုံးကန်ရှိပါကြောင်း၊

အဆိုပါသုံးကန်အပြင် ရေကူးလေ့ကျင်‌့နိုင်သည်‌့ကန် ရှစ်ကန်ရှိပါကြောင်း၊ နေပြည်တော်တွင် တစ်ခု၊ မြောင်းမြမြို့၊ ဟားခါးမြို့၊ ပလက်ဝမြို့၊ လွိုင်ကော်မြို့၊ ရန်ကုန်မြို့နှင်‌့ မန္တလေးမြို့ (အားကစားသိပ္ပံ)နှင့် မြောင်းမြမြို့တို့တွင် ရှိပါကြောင်း၊ အားလုံးပေါင်း ၁၁ ကန်သာရှိပါကြောင်း၊ နိုင်ငံတကာမိုးလုံလေလုံရေကူးကန်တည်ဆောက်ရန် အတော်ခက်ခဲပါကြောင်း၊ အဘယ်ကြောင်‌့ ဆိုသော် အလျား ၅၀ မီတာ၊ အနံ ၂၅ မီတာ လိန်းက ၁၀ ခုရှိရမည် ဖြစ်ပါကြောင်း၊ ဘီလီယံလိုက် ကုန်ကျမည် ဖြစ်ပါကြောင်း၊ ဥပမာ-ဝဏ္ဏသိဒ္ဓိရှိ နိုင်ငံတကာအဆင်‌့ရေကူးကန်ကြီးသည် ၂၃ ဘီလီယံ ကုန်ကျပါကြောင်း၊ တိုင်းဒေသကြီးနှင်‌့ ပြည်နယ်ပြိုင်ပွဲများကျင်းပနိုင်သည်‌့ အမိုးမပါသည့် ရေကူးကန် မီတာ ၅၀၊ ၂၅ မီတာ လိန်း ၁၀ ခုပါရှိသည်က သန်း ၇၀၀ မှ သန်း ၁၃၀၀ ကုန်ကျပါကြောင်း၊ Water Treatment ပါရှိပါက သန်း ၁၃၀၀၊ Water Treatment မပါရှိဘဲ Manual ဖြင့်သာ ကင်းလုပ်သည်က သန်း ၇၀၀ ခန့်ကုန်ကျပါကြောင်း၊ အပန်းဖြေလေ့ကျင်‌့ နိုင်သော ရေကူးကန်ကို လုပ်ဆောင်၍ရပါကြောင်း၊ အပန်းဖြေလေ့ကျင်‌့နိုင်သည်‌့ ရေကူးကန်က  အမိုးပါရှိပြီး မီတာ ၅၀၊ ၁၁ မီတာနှင့် လိန်းလေးခုပါရှိသည်က သန်း ၂၅၀ ခန့် ကုန်ကျပါကြောင်း၊ အကယ်၍ အပန်းဖြေလေ့ကျင်‌့ရေကူးကန် အမိုးမပါပါက သန်း ၁၅၀၊ သိန်း ၁၅၀၀ ခန့်ဖြင့် လုပ်ဆောင်၍ရပါကြောင်း၊

ဥပမာ ဟားခါးမြို့နှင့် ပလက်ဝမြို့ရှိ မိမိတို့ပိုင် ရေကူးကန်နှစ်ခုက သန်း ၁၅၀ သာကုန်ကျ ပါကြောင်း၊ ရေကူးကန် ဆောက်လုပ်မပြီးစီးသေးပါကြောင်း၊ ပြုပြင်ထိန်းသိမ်းစရိတ်လိုအပ် ပါကြောင်း၊ ရေသန့်စင်ခပ်ခြင်းကအစ အနည်စုပ်ထုတ်ခြင်းက တစ်လလျှင် ငါးသိန်းမှ သိန်း ၄၀ ခန့်ထိ ကုန်ကျပါကြောင်း၊ Maintenance Cost ကုန်ကျပါကြောင်း၊ ဘဏ္ဍာငွေရရှိမည်ဆိုပါက မိမိတို့က ၎င်းတို့ကို လုပ်ဆောင်လိုပါကြောင်း၊ အလွန်အရေးကြီးပါကြောင်း၊ သန်း ၁၅၀၊ သိန်း ၁၅၀၀ ခန့်ဆိုပါက နှစ်အလိုက် ဘတ်ဂျက်တွင်တင်ပြ၍ လုပ်ဆောင်ပါက မဖြစ်နိုင်စရာအကြောင်း မရှိပါကြောင်း၊ ရေကူးခြင်း၏အကျိုးအာနိသင်က အလွန်များပြားပါကြောင်း၊ Full Body တစ်ကိုယ် လုံး Exercise ရသည့်အပြင် Pressure ဖြင့် လုပ်နေရသည့်အတွက် နှလုံးနှင့် အဆုတ်က ပိုမိုအားကောင်းပါကြောင်း၊ ပိုကောင်းရပါက အောက်ဆီဂျင်ပိုရပါကြောင်း၊ အောက်ဆီဂျင်ပိုရပါက ကောင်းကျိုးများ ဆက်တိုက်များစွာရှိပါကြောင်း၊ Stamina တက်သည်ကအစ ကောင်းကောင်း အိပ်နိုင်ပါကြောင်း၊ Stress မရှိပါကြောင်း၊ ရေကူး၏ Benefit က ကျန်သည့်အားကစားများထက် ပိုကောင်းသည်က နှလုံးနှင့်အဆုတ်ကို ပိုအားကောင်းသည့်အပြင် ကြွက်သားများကိုလည်း အားကောင်းပါကြောင်း၊ ရေကူးသည် အလွန်ကောင်းမွန်သည့်အားကစားတစ်မျိုး ဖြစ်ပါကြောင်း၊

အားကစားအားလုံးအတွက်ကို တစ်နှစ်တွင် မည်သည်များလုပ်မည်၊ မည်သည့်လတွင် မည်သည်များလုပ်မည်ဟူသော အားကစားပြက္ခဒိန်ရှိပါကြောင်း၊ ရေကူးနှင့်ပတ်သက်ပြီး January လတွင် တပ်မတော်(ကြည်း)၊ (ရေ)၊ (လေ) ရေကူးပြိုင်ပွဲများ ရှိပါကြောင်း၊ မေလတွင် သက်တမ်း အလိုက် Europe ပြိုင်ပွဲများ ရှိပါကြောင်း၊ ဇွန်လတွင် အိုလံပစ်အထိမ်းအမှတ်ရေကူးပြိုင်ပွဲ ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင်‌့ပြည်နယ် ရေကူးပြိုင်ပွဲရှိပါကြောင်း၊ အောက်တိုဘာလတွင် အားကစားသိပ္ပံနှင့် ကျောင်းပေါင်းစုံရေကူးပြိုင်ပွဲရှိပါကြောင်း၊ အခြေခံပညာကျောင်းပေါင်းစုံ ရေကူး ပြိုင်ပွဲရှိပါကြောင်း၊ ဒီဇင်ဘာလတွင် အလွတ်တမ်းတံခွန်စိုက်ရေကူးပြိုင်ပွဲများ လုပ်လျက် ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်းထဲတွင် အသက် ၁၃ နှစ်မှစပြီး အား/ကာ သိပ္ပံတွင် နောက်ကျနေပြီဟုပြောပါကြောင်း၊ အားကစားခြောက်မျိုးကို ဝူရှူး၊ ကျွမ်းဘား၊ Table Tennis နှင့် ရွက်လှေတွင် ၁၁ နှစ်သားမှစပြီး စယူပါကြောင်း၊ ၁၃ နှစ်ကို မစောင်‌့ပါကြောင်း၊ ရန်ကုန်မြို့နှင့်မန္တလေးမြို့ အားကစားသိပ္ပံတွင် ၄၇ ယောက်ကို ကျွန်းဆွယ်တို့တွင် အနိုင်ရရန် အတွက် အပတ်တကုတ်ကြိုးစားပြီး လတ်တလော Training ပေးနေပါကြောင်း၊

ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာနက နှစ်စဉ်နွေရာသီရေကူးသင်တန်း ဖွင်‌့ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်က ၁၄၀၇ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၉၅၀ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၁၄၄၈ ဦး သင်တန်းပေးခဲ့ပါကြောင်း၊ ထို့အပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် နွေရာသီရေကူးသင်တန်း များကို ပေးလျက်ရှိပါကြောင်း၊ မတ်လတွင် အခြေခံပညာက ၅၀ ဦး၊ ဖေဖော်ဝါရီလနှင်‌့မတ်လတွင် ၅၀၀ ဦး သင်တန်းပေးခဲ့ပါကြောင်း၊ မတ်လတွင် ၃၁၀ ဦးပေးပါကြောင်း၊ တက္ကသိုလ်နှင်‌့ဒီဂရီ ကောလိပ်တွင် ၁၂၅ ဦးကို အမျိုးသားရေကူးကန်၊ ကုက္ကိုင်းနှင့် မိမိတို့ပိုင်သော မြောက်ဒဂုံတို့တွင် သင်တန်းပေးခဲ့ပါကြောင်း၊ ရေကူးနည်းပြများကို သင်တန်းပေးမည် ဖြစ်ပါကြောင်း၊ Administrative အုပ်ချုပ်ရေးပိုင်းအစ အားလုံးကိုပံ့ပိုးနိုင်မှ B.Sc Sports များကို မွေးထုတ်နေပါကြောင်း၊ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တွင် B.Sc Sports  သည် ဘက်စုံအကုန်သိပါကြောင်း၊ ရန်ကုန်မြို့တွင် B.Sc Sports ကို ၂၀၃ ယောက်တက်ရောက်နေပါကြောင်း၊ မန္တလေးမြို့တွင် ၂၁၇ ယောက် တက်ရောက်သင်ကြားလျက်ရှိပါကြောင်း၊ သင်ကြားရာတွင်လည်း ဘာသာတက္ကသိုလ်ကို သီအိုရီလည်း မဟုတ်ပါကြောင်း၊ လေ့ကျင်‌့ရေးလည်းလုပ်ပါကြောင်း၊ လေ့ကျင်‌့ရေးက ၂၄ ခု၊ သင်ကြားရေးက ၁၀ ခုဖြင့် လုပ်နေခြင်းဖြစ်ပါကြောင်း၊ ၎င်းတို့အောင်မြင်ပါက နည်းပြမဟုတ်သော် လည်း နည်းပြကိုပြန်ပြီး Supervise လုပ်နိုင်သည့်ကိစ္စ များစွာဖြစ်ပါကြောင်း၊

ဘဏ္ဍာငွေရရှိလျှင်ရရှိသလို ရေကူးကန်များကို ပိုမိုဆောက်လုပ်လိုပါကြောင်း၊ ရှိပြီးသားရေကူးကန် ကိုလည်း ပိုမိုအကျိုးရှိရန်အတွက် မည်သည့်အချိန်တွင် မည်မျှပေးမည်ကို ပြန်လည်သုံးသပ်နေပါ ကြောင်း၊ လေ့ကျင့်ချိန်၊ အချိန်ဇယား၊ နည်းပြများကိုလည်း ယခုထက်ပိုမိုပြီးတိုးထုတ်ရန်စီစဉ် နေသည့်အပြင် နိုင်ငံခြားနည်းပြကိုလည်း ငှားရမ်းထားပါကြောင်း၊ နိုင်ငံခြားနည်းပြကလည်း မိမိတို့နည်းပြများကို သင်တန်းပေးခြင်းများကို လုပ်နိုင်ပါကြောင်း၊ ထို့အပြင် မိမိတို့က ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံများကလည်း ချိတ်ဆက်ပြီး များစွာလုပ်နေသည့်အပြင် ရေကူးကန် သန်း ၁၅၀ သာ ကုန်ကျမည့်ရေကူးကန်ဆိုသည်မှာ Private Public Partnership ဆိုပါက များစွာဖြစ်နိုင်ပါကြောင်း၊ ရေရှည်ကိုကြည့်ပြီး အလွန်နည်းပါးသောဝင်ကြေးကို ကောက်ခံပြီး Private Public Partnership ဖြင့်သာ သန်း ၁၅၀ ရေကူးကန် လုပ်လိုသည့်ပုဂ္ဂလိက လုပ်ငန်းရှင်များ များစွာသိရှိမည်ဟုထင်ပါကြောင်း၊ ဖိတ်ခေါ်ပါကြောင်း၊ ပြိုင်ပွဲများကိုလည်း ဆက်လက်ပြီး လုပ်ပေးမည်ဖြစ်ပါကြောင်း၊ ဆုကြေးများကိုလည်း များစွာတိုးပြီဖြစ်ပါကြောင်း၊ ASEAN အဆင်‌့၊ South East Asian Region အဆင်‌့ စိတ်ဝင်စားမှုရှိအောင် ဆုကြေးအားလုံးကို များစွာတိုးခြင်းဖြစ်ပါကြောင်း၊ သိသူဖော်စား မသိသူကျော်သွားဆိုသလို World Olympic Council ကို ပြီးခဲ့သည့်လက ဒုတိယဝန်ကြီးကို လော့ဇန်းသို့ လွှတ်လိုက်ပါကြောင်း၊ သွားရောက် ဆွေးနွေးသည့်အခါတွင် မိမိတို့ယူ၍ရသည်များ များစွာရှိပါကြောင်း၊ အားကစားအမျိုးမျိုးတွင် သင်တန်းများအလကားရသည်ကအစ များစွာသိလာခဲ့ပါကြောင်း၊ မိမိတို့ ဝင်ရောက်ဆွေးနွေးပြီး World Olympic Council က မည်သို့အထောက်အကူရမည်ကို စဉ်းစားပြီးလုပ်ဆောင်နေ ပါကြောင်း၊ ၎င်းတို့ကိုလုပ်မည်ဆိုပါက ရေကူးအပါအဝင် အားကစားဘက်စုံကို များစွာအကူအညီ ရမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။