ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ် (၁) ရှိ စက်မှုနည်းပညာ လေ့ကျင့်ရေးသင်တန်းကျောင်းသည် ယခင်က အမှတ် (၁) အခြေခံပညာ ဦးစီးဌာနရုံးချုပ် ဖြစ်ခဲ့ပါကြောင်း၊ အကျယ်အဝန်းအားဖြင့် ၂.၅ ဧကကျော်ရှိပါသည်။ ၉-၇-၂၀၁၇ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်တိုက်တွန်းချက်နှင့်အညီ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် Sea Lion ကုမ္ပဏီမှ တာဝန်ရှိ သူများသည် နိုင်ငံအတွင်း စက်မှုသက်မွေးပညာကဏ္ဍ မြှင့်တင်ရေးကိုရည်ရွယ်၍ စက်မှု နည်းပညာ သင်တန်းကျောင်းကို ပူးပေါင်းဖွင့်လှစ်ရန် သဘောတူညီခဲ့ကြပါကြောင်း၊ စက်မှုနည်းပညာ လေ့ကျင့်ရေးကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ခေတ်နှင့်အညီ လိုအပ်လျက်ရှိသော Industry Technology Nation သင်တန်းများကို ပို့ချပေးပြီး ကျွမ်းကျင်လူငယ်များ မွေးထုတ်ပေးရန် Outcome Base Education Training (OBET) နည်းစနစ် လက်တွေ့အကောင်အထည်ဖော်ပြီး လုပ်ငန်းခွင်လိုအပ်သော ကျွမ်းကျင်မှုများကို ချိတ်ဆက်ဖြည့်ဆည်းပေးရန် လက်ရှိနှင့်နောင်လာမည့် Industry Revolution များအတွက် လိုအပ်သည့် Knowledge နှင့် SKill စဉ်ဆက်မပြတ် ဖြည့်ဆည်း မြှင့်တင်ပေးရန် တို့ဖြစ်ပါကြောင်း၊
စက်မှုနည်းပညာ လေ့ကျင့်ရေးသင်တန်း ကျောင်းကိုနှစ်တို၊ နှစ်ရှည်မွမ်းမံပြင်ဆင်မှုများနှင့် တည်ဆောက်ရေး လုပ်ငန်းများကို တိုးချဲ့တည်ဆောက် ခဲ့ပါကြောင်း၊ ၈-၆-၂၀၁၈ ရက်နေ့တွင် ကျောင်းကို စတင်ဖွင့်လှစ်ပြီး ပထမနှစ်တွင် သင်တန်းနှစ်ခုကို စတင်ပြီးသင်ကြား ပေးနိုင်ခဲ့ပါကြောင်း၊ ဒုတိယနှစ်တွင် သင်တန်းငါးခုကို တိုးချဲ့သင်ကြား ပေးနိုင်ခဲ့ပါကြောင်း၊ ယခုတတိယနှစ်တွင် သင်တန်း ခုနစ်ခုကို ဆက်လက်သင်ကြားပေးနေဆဲ ဖြစ်ပါကြောင်း၊ လက်ရှိကျောင်း၏ ဖွဲ့စည်းပုံဖြစ်ပါကြောင်း၊ ကျောင်းသား/သူများ စာတွေ့၊ လက်တွေ့သင်ကြားနေမှု မှတ်တမ်းများ ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများ လက်တွေ့သင်ကြားနေသော မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါကြောင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ် (၁) ရှိ စက်မှုနည်းပညာလေ့ကျင့်ရေး သင်တန်းကျောင်းအား အစိုးရစက်မှုလက်မှု သင်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး ခရိုင်အားဖြင့် လေးခရိုင်ရှိပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၊ ရွှေပြည်သာ စက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ရွာမ)၊ ရန်ကုန်တောင်ပိုင်း ခရိုင်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (လက်ခုပ်ကုန်း)၊ အနောက်ပိုင်းခရိုင်တွင် စင်ကာပူ-မြန်မာ သက်မွေးပညာ သင်ကျောင်း (SMVTI)၊ တင်ပြပါ စက်မှုနည်းပညာ လေ့ကျင့်ရေးသင်တန်းကျောင်း (SITE) စုစုပေါင်း ၆ ကျောင်းကို ဖွင့်လှစ်ထားပြီး ပုံမှန်အင်ဂျင်နီယာ သင်တန်းများနှင့် ဒေသလိုအပ်ချက်အရ ဖွင့်လှစ်သည့် ကာလတိုသင်တန်းများပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာ လေ့ကျင့်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် Sea Lion Co.,Ltd၊ ၎င်း၏မိတ်ဖက်များဖြစ်သည့် ဂျာမန်ကုမ္ပဏီများဖြစ်သော Festo, Emco, Felder တို့နှင့် ပူးပေါင်းပြီး စက်မှုနည်းပညာ လေ့ကျင့်ရေးသင်တန်းကျောင်း (SITE) ကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂) ရပ်ကွက်၊ နတ်မောက်လမ်းသွယ် (၁) တွင် ၁၈-၆-၂၀၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး နိုင်ငံတော်အတွက်လိုအပ်သည့် Industrial Automation ကဏ္ဍအတွက် Basic Advance Industrial Skills များအား ကာလတိုအတွင်း စာတွေ့၊ လက်တွေ့သင်ကြား လျက်ရှိပါကြောင်း၊
စက်မှုနည်းပညာလေ့ကျင့်ရေး သင်တန်းကျောင်း (SITE) တွင် လက်ရှိသင်ကြားလျက်ရှိသော ကာလတို သက်မွေးသင်တန်းများအပြင် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့် AGTI Diploma Level သင်တန်းများအဆင့် တိုးမြှင့်ပြီး အရည်အသွေးပြည့် သက်မွေးပညာသင်တန်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန် စီမံချက်များ ရေးဆွဲလျက်ရှိပြီး ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် AGTI Diploma in Industrial Automation, AGTI Diploma in CNC Production, AGTI Diploma in Wooking Technology ဘာသာရပ်များအတွက် လိုအပ်သော သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများကို ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့လက်ရှိသင်တန်း ပို့ချနေသော ပုံမှန်သင်တန်းများလည်း ရှိပါကြောင်း၊ ဒေသလိုအပ်ချက်အလိုက် ဖွင့်လှစ်သင်ကြားမည့် ဘာသာရပ်သင်တန်းများလည် ရှိပါကြောင်း၊ လက်ရှိကျောင်းသားစာရင်း ၁၅၀ တတ်ရောက်လျက်ရှိပါကြောင်း၊ ထို့ပြင် သင်တန်းဆင်းပြီးသည့် ကျောင်းသားများထဲမှ ၃၈ ရာခိုင်နှုန်းသည် အလုပ်ဝင်ရောက် လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊
ယခုအခါ စက်မှုနည်းပညာ လေ့ကျင့်ရေးသင်တန်းကျောင်း (SITE) တွင် လက်ရှိအဆောက်အဦက သုံးခုရှိပြီး ပင်မလေးထပ်ဆောင်ကြီးကို အကြီးစားမွမ်းမံမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်ရုံ သုံးထပ်ဆောင် တည်ဆောက်ခြင်းနှင့် အင်ကွာရီဌာန ဆောင်တစ်ထပ်ဆောင် တည်ဆောက် ခြင်းများလည်း ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက် လမ်းသွယ် (၁) ရှိ စက်မှုနည်းပညာလေ့ကျင့်ရေး သင်တန်းကျောင်း (SITE) အား အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရေးအတွက် လိုအပ်သည့်အခြေခံ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းခြင်း၊ လိုအပ်သော ဆရာ/မဝန်ထမ်းများအား လေ့ကျင့်ဖြည့်ဆည်းခြင်းတို့ကို လက်ရှိဦးစားပေး ဆောင်ရွက်နေပါကြောင်းနှင့် လာမည့် ၂၀၂၀-၂၁ ပညာသင်နှစ်တွင် အစိုးရစက်မှုလက်မှု သိပ္ပံအဖြစ် ဖွင့်လှစ်ရန်ရည်မှန်း ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
