မိမိတို့ကောလင်းမြို့နယ်မှာ လာကာကြိုးဝိုင်းအတွင်း ရွှေပေါ်ခဲ့ပါကြောင်း၊ မုဆိုးမှညပိုင်းအခါမှာ တောတွင်းကို တောအလည်သွားရင်းနှင့် ဓာတ်မီးထိုး လိုက်သည့်အခါ ဝင်းဝင်းကြီးတွေ့လိုက်သည့်အခါ ဗဟန်းများပါသည့် ကျောက်တစ်လုံးကို ရွာကိုယူလာရင်း ရွှေကြောကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရွှေများပါသည်ကိုသိရသဖြင့် အနီးပတ်ဝန်းကျင်ရွာများက စိတ်ဝင်စားပြီး အလုအယက်သွားရောက် တူးဖော်ကြ၍ အန္တရာယ် အလွန်များသည့် အတွက်ကြောင့် သက်ဆိုင်ရာမှ ၎င်းကိုမတူးရန် ပိတ်ပင်ခဲ့ပါကြောင်း၊ ပိတ်ပင်ပြီးမှ အဆိုပါရွှေကြော မည်မျှရှိသနည်းဆိုသည်ကို စမ်းသပ်ရန် ကြိုးစားခဲ့ပါကြောင်း၊ ပထမဦးဆုံးမိမိတို့အမြင် ထိပ်ပိုင်းကို စမ်းသပ်သည့်အခါ PPM 32 အဆင့်ထိအောင်ကို ရှိပါကြောင်း၊ တော်တော်ကို မြင့်ပါကြောင်း၊ သို့သော်လည်း ပတ်ဝန်းကျင် ပျမ်းမျှယူထားခြင်း မဟုတ်ဘဲ ရွှေပါသည့်နေရာကိုသာ ယူထားခြင်းဖြစ်နေပါကြောင်း၊ အဆိုပါရွှေကြောသည် မည်မျှကြီးပြီး မည်မျှထိအောင် ဆင်းသွားသည်ကို မသိရှိနိုင်ပါကြောင်း၊ သို့သော်လည်း ရွှေထုတ်သည့် သူများ၏ အမြင်ခန့်မှန်းချက်အရ ရွှေကြောက ကြီးနိုင်သည်ဟုလည်း တချို့က ယူဆပါကြောင်း၊ ထို့ကြောင့် ကောလင်းမြို့နယ်ကို ဝန်ကြီးချုပ်ကိုယ်တိုင် လာသည့်အခါတွင်လည်း ၎င်းရွှေကြောမည်မျှအထိ ရှိမည်လဲဆိုသည်ကို စမ်းသပ်ရန် မိမိတို့မေးမြန်းမှုများ လုပ်ပါကြောင်း၊ ကုန်ကျစရိတ်လည်းကြီးမည်၊ လွန်များထိုးဖောက်ပြီး စမ်းသပ်ရမည်ဆိုသည်ကို ရွှေလုပ်သည့် ကုမ္ပဏီကြီးများက ပညာရှင်များကလည်း ပြောကြပါကြောင်း၊ ထို့ပြင် ၎င်းကိစ္စကို ပိတ်ထားပြီးမှ စမ်းသပ်မှုလည်း မလုပ်သည့်အခါကျ ဒေသခံများ၊ ရွှေလုပ်ငန်းကို စိတ်ဝင်စားသည့်သူများ၊ ကုမ္ပဏီအသီးသီး အဆိုပါနေရာကို လုပ်ပိုင်ခွင့်ရရန် လျှောက်ကြပါကြောင်း၊ လျှောက်သည့်အခါ ထူးခြားချက်မှာ တချို့က အသေးစားလုပ်ငန်းအတွက် လျှောက်ကြပါကြောင်း၊ တချို့က အလတ်စား လုပ်ငန်းအတွက် လျှောက်ကြပါကြောင်း၊ တချို့က အကြီးစားအတွက် လျှောက်ကြပါကြောင်း၊ မိမိတို့အား အကြံဉာဏ်လာတောင်းသည့်အခါ မိမိတို့က လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဆိုပါကိစ္စများကို မသိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနဆီတွင် လျှောက်ထားပါ။ သက်ဆိုင်ရာအစိုးရအဖွဲ့က သင့်တော်သည့်သူကို ပေးပါလိမ့်မည်ဆိုပြီး မိမိတို့က ပြောပါကြောင်း၊ သို့သော်လည်း မိမိစိတ်ဝင်စားသည်က အဆိုပါနေရာသည် အသေးစားချပေးမည်လား၊ အလတ်စားချပေးမည်လား၊ အကြီးစားချပေးမည်လားဆိုသည်ကို မသိရှိဘဲ တစ်ယောက်တစ်မျိုး လျှောက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းကိစ္စသည် သဘာဝမကျပါကြောင်း၊ မနှစ်က အဆိုပါနေရာတွင် တခြားနိုင်ငံခြား ကုမ္ပဏီတစ်ခုကို စမ်းသပ်လုပ်ကွက်အဖြစ်ဖြင့် ချထားပေးပြီးသား ဖြစ်ပါကြောင်း၊ အခြားကုမ္ပဏီများ လျှောက်၍ မရဘူးဆိုသည်ကို ဝန်ကြီးဌာနမှ ကျေးရွာကိုလာပြီးမှ ပြောသည်ဟုပြောပါကြောင်း၊ တချို့အဆင့်မြင့် အရာရှိများ ရောက်လာပြီး ပြောသည်ဟုပြောပါကြောင်း၊ မိမိတို့ကို ရှင်းပြခြင်းမရှိပါကြောင်း၊ မိမိတို့အသေးစိတ်လည်း အတိအကျမသိပါကြောင်း၊
ထို့ကြောင့် မိမိအနေဖြင့် ထင်သာမြင်သာရှိသော ရွှေအများစုပါသည့် နေရာဖြစ်သည် ဆိုသည်မှာလည်း အားလုံးသိနေပြီးသား ဖြစ်ပါကြောင်း၊ ပွင့်လင်းမြင်သာလည်း ရှိသင့်ပါကြောင်း၊ မည်သည့်ကုမ္ပဏီ ရသင့်သည်ဆိုသည့် ကိစ္စကိုလည်း ပွင့်လင်းမြင်သာရှိသင့်ပါကြောင်း၊ ထို့ကြောင့် ပွင့်လင်းမြင်သာ ပြောပြီး့မှ အစိုးရအဖွဲ့ဆီတွင် လျှောက်ပြီးပြန်ယူခိုင်းမည် ဆိုပါက ပိုပြီးသင့်တော်မည်ဟု ယူဆပါကြောင်း၊ ဒေသခံများကလည်း မိမိတို့ ရွေကြောပေါ်သည်မှာလည်း တော်တော်ကြာပြီ ဖြစ်ပါကြောင်း၊ အဆိုပါ နေရာကိုဆက်ပြီး မလုပ်ပါကြောင်း၊ မိမိတို့ဆိုလျှင် ၎င်းနေရာကို လူများဖျက်စီးမည်စိုးသဖြင့် စောင့်ရှောက်ထားရသည်မှာ မိမိကိုယ်တိုင် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းပြီး တားဆီးရခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါနေရာကို မိမိတို့ မကြာခင် ကုမ္ပဏီတစ်ခုခု ပေးနိုင်မည်ဆိုလျှင် မိမိတို့ကလည်း ဒေသခံကျေးရွာများ၏ ဖွံ့ဖြိုးမှုအတွက်ကို ကုမ္ပဏီများကို CSR အနေဖြင့် ပြန်လုပ်ခိုင်းရန် မျှော်လင့်ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း ယခုချိန်ထိအောင် ဘာလုပ်ငန်းစဉ်မှမရှိဘဲ ကုမ္ပဏီတစ်ခု၏ စမ်းသပ်လုပ်ခွင့်အတွင်း ရောက်နေသည်ဆိုခြင်းကို ပြန်ကြားရသည့်အခါ ဒေသခံပြည်သူလူထု၏ ကိုယ်စား နိုင်ငံတော် အကျိုးစီးပွားရေးအတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကောလင်းမြို့၊ လာကာကြိုးဝိုင်းအတွင်း ရှာဖွေတွေ့ရှိထားသော ရွှေထွက်ရာနေရာအား အသေးစား၊ အလတ်စား သို့မဟုတ် အကြီးစားပေးမည်ကို ပွင့်လင်းမြင်သာစွာကြေညာ၍ လေလံပစ်သည့် စနစ်ဖြင့် မျှတသော ယှဉ်ပြိုင်မှုပေးနိုင်ရန် စီစဉ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဒေသန္တရဘူမိဗေဒ အနေအထားနှင့် သတ္တုသိုက် အမျိုးအစား၊ ဓာတ်သတ္တု ဖြစ်ထွန်းပျံ့နှံ့တည်ရှိ နေမှုများအပေါ်မူတည်ပြီး အကြီးစားနှင့်အလတ်စား ဆောင်ရွက်နိုင်မည့် ဧရိယာ၊ အသေးစားနှင့် လက်လုပ်လက်စား ဆောင်ရွက်ခွင့်ပြုမည့် ဧရိယာများကို ခွဲခြားသတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အလတ်စားနှင့်အကြီးစား ဓာတ်သတ္တုလုပ်ကိုင်ခွင့်ပြုမည့် နယ်မြေဧရိယာလေးခု၊ အသေးစားနှင့် လက်လုပ်လက်စား လုပ်ကိုင်ခွင့်ပြုသည့် ဧရိယာသုံးခုကို သတ်မှတ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ၂၇-၉-၂၀၁၈ ရက်စွဲပါစာဖြင့် အကြောင်းကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ အကြီးစားနှင့် အလတ်စား ဓာတ်သတ္တုလုပ်ကွက်များ ခွင့်ပြုရန်သတ်မှတ်ထားသည့် ဧရိယာအတွင်းဖြစ်ပါက ပြည်ထောင်စု ဝန်ကြီးဌာနသို့ မြန်မာ့သတ္တုတွင်း နည်းဥပဒေများပါ သတ်မှတ်ပုံစံများနှင့် လျှောက်ထားရန် ဖြစ်ပါကြောင်း၊ အသေးစားနှင့်လက်လုပ်လက်စား ဓာတ်သတ္တု လုပ်ကွက်များ ခွင့်ပြုရန် သတ်မှတ်ထားသည့် ဧရိယာအတွင်းဖြစ်ပါက တိုင်းဒေသကြီးလုပ်ကွက် စိစစ်ချထား ပေးရေးအဖွဲ့သို့ မြန်မာ့သတ္တုတွင်းနည်းဥပဒေပါ သတ်မှတ်ပုံစံများနှင့် လျှောက်ထားရန် ဖြစ်ပါကြောင်း၊ အကယ်၍ အသေးစား/အကြီးစား သတ်မှတ်ထားခြင်းမရှိသည့် ပြင်ပဧရိယာတွင် အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များ လျှောက်ထားလာပါက ပြည်ထောင်စု ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးပြီး ဘူမိဗေဒ အခြေအနေနှင့် ဓာတ်သတ္တုဖြစ်ထွန်းမှုအပေါ် မူတည်ပြီး အသေးစားဧရိယာအဖြစ် သတ်မှတ်ပေးလျက် ရှိပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် လာကာဒေသသည် စစ်ကိုင်းဒေသကြီး ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ကန့်ဘလူ၊ ထီးချိုင့်မြို့နယ်များ အတွင်း ရွှေနှင့်ကြေးနီသတ္တုအကြီးစား သတ်မှတ်လုပ်ကွက် ဧရိယာ ၁၁၉၅၅.၉၉ စတုရန်းကီလိုမီတာအတွင်း ကျရောက်နေကြောင်း စိစစ်တွေ့ရှိ ရပါကြောင်း၊ ဖော်ပြပါ ရွှေတွေ့ရှိရာနေရာတွင် ပြည်ပကုမ္ပဏီများ ဖြစ်ကြသည့် Myanmar Reserves Development ကုမ္ပဏီ၏ ရွှေနှင့်ကြေးနီ ဆက်စပ်သတ္တုများရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေး လုပ်ငန်းခွင့်ပြုထားသည့် ဧရိယာ ၆၅.၁၀၃၂ စတုရန်းကီလို မီတာအတွင်း ကျရောက်လျက် ရှိပါကြောင်း၊ ဂျပန်နိုင်ငံအခြေပြု Myanmar Reserves Development ကုမ္ပဏီသည် ၂၀-၂-၂၀၁၃ ရက်နေ့ကစပြီး ဝန်ကြီးဌာနသို့ အဆိုပြုလျှောက်ထားခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ၄-၁၁-၂၀၁၈ ရက်နေ့မှာ ပြုလုပ်သည့် (၁၈/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးက သဘောတူခွင့်ပြုချက်အရ ဝန်ကြီးဌာန၏ ၂၇-၁၁-၂၀၁၈ ရက်စွဲပါ ခွင့်ပြုမိန့်နှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာနနှင့် ၂၇-၁၁-၂၀၁၈ ရက်နေ့တွင် နှစ်ဖက်သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် လာကာကြိုးဝိုင်းအတွင်း ပါဝင်နေသည့် ကျန်ဧရိယာများမှာ Daewoo Precious Resources Co., Ltd က ရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၁၄-၁-၂၀၁၈ ရက်နေ့တွင် ပြန်လည်အပ်နှံ ခဲ့သော်လည်း ၎င်းကုမ္ပဏီနှင့်ဖက်စပ် ဆောင်ရွက်ခဲ့သည့် မြောက်ကျွန်းသူမမကုမ္ပဏီက ပြန်လည် လျှောက်ထားပြီး ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့် ဧရိယာတွင် အဆိုပါကုမ္ပဏီနှစ်ခုကြားမှာရှိသည့် Buffer Zone တွင် ကျရောက်နေခြင်း၊ ၂၆-၇-၂၀၁၈ ရက်နေ့က လုပ်ကွက်သစ်လျှောက်ထားမှုများ ပြန်လည်လက်ခံခဲ့ရာ အချင်းချင်းလုပ်ကွက်များ ထပ်နေခြင်း၊ Myanmar Reserves Development Co., Ltd ၏ တိုးချဲ့လုပ်ကွက်နှင့် လွတ်ကင်းမှု မရှိခြင်းတို့ကြောင့် ရှုပ်ထွေးမှုများရှိလာနိုင်သည့်အတွက် လက်ရှိအနေအထားမှာ လုပ်ကွက်သစ်များ ချထားပေး၍မရပါ။
အကယ်၍ ပြည်ပရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများက ခွင့်ပြုမိန့်ဧရိယာအချို့ စွန့်လွှတ်ခဲ့လျှင်သော် လည်းကောင်း၊ ဧရိယာများ ပြန်လည်အပ်နှံခဲ့လျှင်သော် လည်းကောင်း မြန်မာ့သတ္တုတွင်း နည်းဥပဒေအရ ဖော်ပြခဲ့သည့်အတိုင်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဆောင်ရွက်မည့် နည်းစဉ်များကတော့ နည်းဥပဒေ ၁၁၅ ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် မှတ်ပုံတင်ထားသောဦးစွာ လျှောက်ထားသည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဦးစားပေးခွင့်ပြုရေး စိစစ်ရွေးချယ်ရမည်နှင့် နည်းဥပဒေ ၁၁၆(ဂ) အရ သတ္တုသိုက်ပမာဏနှင့် စပ်လျဉ်း၍ စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် မြေနေရာ ဖြစ်ပါက နည်းဥပဒေ ၁၁၅ ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် ယှဉ်ပြိုင်မှုနည်းလမ်းနှင့် ခွင့်ပြုနိုင်ရေးစိစစ် ရွေးချယ်ရမည် ဖြစ်ပါကြောင်း၊ လက်ရှိစာချုပ်ချုပ်ဆိုပြီး ကုမ္ပဏီများ လုပ်ကွက်ပြန်လည် အပ်နှံခြင်း သို့မဟုတ် ဧရိယာလျှော့ချစွန့်လွှတ်ခြင်း မြန်မာ့သတ္တုတွင်းနည်းဥပဒေများ အခန်း (၁၂) နည်းဥပဒေ ၁၁၆ နည်းဥပဒေခွဲ (ခ) နှင့် နည်းဥပဒေခွဲ (ဂ) တို့အရ အလတ်စား၊ အကြီးစားဧရိယာအဖြစ် လျှောက်ထားလာပါက ကုမ္ပဏီကြီးများကလုပ်ကွက် ပြန်လည်အပ်နှံခြင်း သို့မဟုတ် ဧရိယာလျှော့ချ စွန့်လွှတ်ပေးလို့ရှိပါက တင်ဒါစနစ်နှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
