ပြည်နယ်နှင့်တိုင်းအသီးသီးတွင် ဒေသသင်ရိုးရေးဆွဲနိုင်ရန် တိကျသည့်မူဝါဒချမှတ်ပေးခြင်း၊ ပညာရှင်များ၊ ဒေသခံများပါဝင်ဆွေးနွေးခွင့်ရရှိနိုင်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်နှင့် အချိန်မီ စာအုပ်ရိုက်နှိပ်နိုင် ရန်အတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ပြည်နယ်နှင့်တိုင်းအသီးသီးတွင် ဒေသသင်ရိုးရေးဆွဲနိုင်ရန်နှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းလိုပါကြောင်း၊ ဒေသသင်ရိုးသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီး အကျိုးကျေးဇူးများစွာ ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြငင့် မိမိနှင့် ဆက်စပ်နေသည့် ပတ်ဝန်းကျင်ကိုလေ့လာနိုင်မှသာ တီထွင် ဖန်တီးမှုတွေ ရရှိနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိလာစေမည်ဖြစ်ကာ ပတ်ဝန်းကျင်နှင့် ဆက်သွယ်နိုင်သူများ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ အခြေခံပညာသင်ရိုးညွှန်းတမ်းတွင် အခြေခံသင်ရိုး၊ ဒေသသင်ရိုးတို့ကို ထည့်သွင်း ရေးဆွဲရန် ဒေသသင်ရိုးကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအားဖြင့် Level သုံးဆင့်ဖြင့် ရေးဆွဲပြဋ္ဌာန်းမည့်သူမှာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရဖြစ်မည်ဆိုသည်ကို သိရပါကြောင်း၊ ဒေသသင်ရိုးကို အချိန်မီ ရေးဆွဲပြဋ္ဌာန်းနိုင်ရန် အချိန်မီစာအုပ်ရိုက်နှိပ်ပြီး အခြေခံပညာကျောင်းများကိုဖြန့်ဝေပြီး သင်ကြား နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံကိုယ်တိုင် ညွှန်ကြားထားသည်ဟု လေ့လာ သိရှိရပါကြောင်း၊
နီပေါနိုင်ငံ၏ ကျောင်းတစ်ကျောင်းတွင် သင်ရိုးညွှန်းတမ်း၏ ၂၀ ရာခိုင်နှုန်းသည် ဒေသသင်ရိုးညွှန်းတမ်းဖြစ်ပြီး ဒေသသင်ရိုးညွှန်းတမ်းတွင် ကျောင်းသူကျောင်းသားများ လှုပ်ရှားပါဝင်ပြီးမှသာ ဒေသအတွင်း ယဉ်ကျေးမှု ပွဲတော်များ၊ ဘာသာရေးပွဲတော်များကို ဆင်နွှဲခွင့်ရရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နောင်ပါမွန်မူလတန်းကျောင်းလေးတွင် ဆရာဦးဆောင်မှုနှင့် ကျောင်းသူ ကျောင်းသားများကို သင်ကြားပေးနေပါကြောင်း၊ ဖတ်စာအုပ်မှ အလွတ်ကျက်ရန် မဟုတ်ဘဲ သင်ယူလေ့လာခွင့် ပညာတွေပေးခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ သင်ပေးခြင်းအားဖြင့် အတိုင်းအတာဖြစ်သည့် သင်္ချာဘာသာရပ်များကိုပါ အထောက်အကူပြုမည်ဖြစ်သည့်အပြင် တီထွင်ကြံဆမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လက်မှုပညာ၊ အနုပညာ စသည်ဖြင့် များစွာသင်ကြားတတ်မြောက်နိုင်ပါကြောင်း၊ ဒေသနှင့် လျော်ညီသည့် အဆောက်အဦများ ဆောက်လုပ်ခြင်းအားဖြင့် ဒေသကိုလေ့လာနိုင်သော ပထဝီအနေအထားကို လေ့လာ နိုင်ပြီး အဆိုပါအဆောက်အဦများ တည်ရှိခဲ့သည့် သမိုင်းကြောင်းများပါ လေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးစနစ်တစ်ခုအောင်မြင်ရန် မိမိဒေသကို မည်မျှစူးစမ်းလေ့လာနိုင်စွမ်း ရှိသည်၊ မည်သို့ ပြန်အသုံးချပြီး ဒေသဖွံ့ဖြိုးရေး တိုးတက်ရန်အတွက် နည်းလမ်းတွေရှာဖွေသည် ဆိုသည့်အပေါ် တိုင်းတာရမည်ဖြစ်ပါ ကြောင်း၊
မိမိလေ့လာသည့်ဘာသာရပ်များ ပြန်အသုံးချရန်၊ အသုံးပြုရန် ပြန်လည်သုံးသပ်ခြင်းကအစ တီထွင် ကြံဆဖန်တီးနိုင်သည် အထိအောင် ရည်ရွယ်ထားသည့် စနစ်သစ်ပညာရေးတွင် ဒေသသင်ရိုးက များစွာ အထောက်အကူဖြစ်နိုင်မည်ဖြစ်သည့်အတွက် ဒေသသင်ရိုးသည် အရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်သည်ဆိုသည်မှာ ထင်ရှားပါကြောင်း၊
ချင်းပြည်နယ်တွင် ဒေသသင်ရိုးအတွက် မူကြမ်းများ ရေးဆွဲထားရာတွင် မိမိဒေသကိုချစ်မြတ်နိုးတတ်ရန်၊ တိုင်းဒေသကြီး/ပြည်နယ်ကို ချစ်မြတ်နိုး တန်ဖိုးထားတတ်ရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ထားသည်ကိုပါ လေ့လာသိရှိရပါကြောင်း၊ ကဏ္ဍငါးခုအဖြစ် သမိုင်းကြောင်းများ၊ အထင်ကရ ပုဂ္ဂိုလ် များ၊ ဒေသတွင်းက သဘာဝအရင်းအမြစ်များ၊ စီးပွားရေးလုပ်ငန်းများ၊ ကွန်ပျူတာများ စသည်တို့ပါဝင်ကြောင်း ကိုလည်း သိရှိရပါကြောင်း၊
ဒေသအသီးသီးတွင် ဒေသသင်ရိုးနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်နေသည်ကို လေ့လာသိရှိရသော်လည်း တိကျသည့် မူဝါဒများ ချမှတ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၏ ပံ့ပိုးကူညီမှုကို လိုအပ်လျက် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ဒေသသင်ရိုးအတွက် တိကျသည့် သင်ရိုးညွှန်းတမ်း၊ ဖတ်စာအုပ်၊ သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ကျောင်းသားကျောင်းသူများ လက်တွေ့ ဆောင်ရွက် ခြင်း၊ ဒေသတွင်းလေ့လာရေးသွားရောက်ခြင်း၊ ယဉ်ကျေးမှုပွဲတော်များကို ကျောင်းသားကျောင်းသူများ ကိုယ်တိုင်ပါဝင်စေခြင်းဖြင့် အထွေထွေဗဟုသုတ ရရှိပြီး မိမိဒေသကို ချစ်မြတ်နိုးတန်ဖိုးထားရန် များစွာ ထောက်ကူပြုမည်ဖြစ်သည့်အတွက် ဒေသသင်ရိုးရေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းသည် အရေးကြီးလိုအပ်လျက် ရှိပါသေးကြောင်း၊ မိမိတို့ နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သည့် အားသာချက်ရှိပါသည့်အတွက် မိမိ၏ တိုင်းရင်းသားရိုးရာဘာသာစကားများ၊ စာပေယဉ်ကျေးများ၊ အနုပညာ၊ ရိုးရာဓလေ့များ၊ သမိုင်းအမွေအနှစ်များ၊ သဘာဝပတ်ဝန်းကျင်များ အကြောင်းကို တန်းဖိုးထားတတ်ရန်အတွက် ယင်းတို့ကိုလက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသူနိုင်ငံသားများဖြစ်အောင် အထောက်အကူဖြစ်မည်ဖြစ်သည့်အတွက် ဒေသသင်ရိုးအတွက် မည်သည့်မူဘောင်ချမှတ်ပြီး ပံ့ပိုး ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၃၉ ပုဒ်မခွဲ(ဆ)တွင် သင်ရိုးညွှန်းတမ်းစံကို အခြေခံ၍ သင်ရိုး ညွှန်းတမ်းဖွံ့ဖြိုးမှုကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဆောင်ရွက်နိုင်ခွင့်ရှိရေးဟူ၍ ပြဋ္ဌာန်းထားသကဲ့သို့ ဘက်စုံ လွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးအစီရင်ခံစာ အတွဲ(၂)အစီရင်ခံစာ စာမျက်နှာ ၃၁ အပိုဒ် ၉၃ တွင်လည်း မူလတန်းအဆင့်၌ ဒေသသင်ရိုးညွှန်းတမ်းကို ၂၀ ရာခိုင်နှုန်း ထည့်သွင်းသင်ကြား သင့်ကြောင်း အကြံပြုထားချက်များအရ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဒေသသင်ရိုးအကောင်အထည်ဖော်ရေး စီမံချက်စာအုပ်ကိုပြုစု၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များထံ ပေးပို့တင်ပြပြီးဖြစ်ပါကြောင်း၊ အဆိုပါစာအုပ်တွင် ဒေသသင်ရိုး၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အကောင် အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်များ၊ ဒေသသင်ရိုးအကောင်အထည်ဖော်ရေးအဖွဲ့နှင့် ဒေသသင်ရိုး ရေးသားပြုစုရေးအဖွဲ့တို့တွင် ပါဝင်သင့်သည့် ပညာရှင်များ၊ ပုဂ္ဂိုလ်များဆိုင်ရာအကြံပြုချက်၊ ၎င်းအဖွဲ့မှ ဆောင်ရွက်မည့်လုပ်ငန်းများ၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းများ၊ တစ်ပတ်စာသင်ချိန်၊ သင်ရိုး၌ ပါဝင် ရမည့်ရာနှုန်းအစရှိသည်တို့ကို အသေးစိတ်တင်ပြပြီးဖြစ်ပါကြောင်း၊
အခြေခံပညာသင်ရိုးညွှန်းတမ်း အညွှန်းမူကြမ်းတွင်လည်း ဒေသသင်ရိုးဖြင့် မူလတန်းအောက်အဆင့် Grade 1+2+3 တို့၌ တိုင်းရင်းသားဘာသာစကားနှင့် စာပေကိုသင်ကြားပေးရန် မူလတန်းအထက်ဆင့် Grade 4+5 တွင် ဒေသဆိုင်ရာ ပထဝီဝင်၊ သမိုင်း၊ စီးပွားရေးအခြေအနေ၊ စိုက်ပျိုးရေးလုပ်ငန်းများ အစရှိသဖြင့် ဒေသ လိုအပ်ချက်နှင့်အညီ သင်ကြားပေးရန် တစ်ပတ်ကိုသင်ချိန် ငါးချိန်၊ တစ်နှစ်သင်ချိန် ၁၂၀ နာရီ၊ အလယ်တန်းအဆင့်Grade 6+7+8 +9 တွင် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အခြေခံကျွမ်းကျင်မှု၊ အြခေခံကွန်ပျူတာ၊ သတင်းအချက်အလက်နည်းပညာ၊ စိုက်ပျိုးရေးစသည်တို့ကို ဒေသလိုအပ်ချက်နှင့်အညီ သင်ကြားပေးရန် တစ်ပတ်လျှင် သင်ကြားချိန်လေးချိန်၊ တစ်နှစ်စာသင်ချိန် ၁၀၈ နာရီနှင့် အထက်တန်းအဆင့် Grade 10+11+12 တို့တွင် ICT နည်းပညာ၊ အလုပ်အကိုင်ရရှိရေးဆိုင်ရာ အခြေခံကျွမ်းကျင်မှု စသည်တို့ကို တစ်ပတ်လျှင် သင်ကြားချိန်လေးချိန်၊ တစ်နှစ်လျှင်၁၀၈ နာရီ သင်ကြားပေးရန် မူလအားဖြင့် တိကျစွာဖော်ပြ တင်ပြပြီးဖြစ်ပါကြောင်း၊
ဒေသသင်ရိုးညွှန်းတမ်းအကောင်အထည်ဖော်ရေး စီမံချက်စာအုပ်တွင် ဒေသသင်ရိုး ရေးသား ပြုစုရေးအဖွဲ့ကို သင့်လျော်သောဦးရေဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအစရှိသည်တို့ကို သိရှိကျွမ်းကျင်သူ ပညာရေးနယ်ပယ်အတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သူ သင်ကြားရေးအတွေ့အကြုံရှိသူတွေ၊ ဒေသခံကျွမ်းကျင်ပညာရှင်များ၊ ပြင်ပပုဂ္ဂိုလ်ပညာရှင်များဖြင့် ဖွဲ့စည်းဆောင်ရွက်သင့်ပါကြောင်း အကြံပြုဖော်ပြ ထားပြီးဖြစ်ပါကြောင်းနှင့် ထိုသို့ အကြံပြုချက်အတိုင်း ဖွဲ့စည်းဆောင်ရွက်ခြင်းအားဖြင့် ပညာရှင်များ၊ ဒေသခံများပါဝင်ဆွေးနွေးခွင့်ရနိုင်မည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၃၉ ပုဒ်မခွဲ(ဆ)ပါ ပြဋ္ဌာန်းချက်အရ ဒေသသင်ရိုးသည် ပြည်ထောင်စုအစိုးရက ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသလိုအပ်ချက်နှင့် အညီ ပြုစုထားသည့် အကြောင်းအရာများသာဖြစ်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အစီအမံဖြင့်သာ သင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ သင်ကြားမည့် အကြောင်းအရာ၊ သင်ခန်းစာ၊ ကျောင်းသုံးစာအုပ်အပါအဝင် သင်ကြားသင်ယူမှုပစ္စည်းများ၊ စစ်ဆေး အကဲဖြတ်ခြင်းတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများကသာ စီစဉ်ဆောင်ရွက်မည့် လုပ်ငန်းများ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဒေါ်အေးမြမြမျိုး(ကျောက်တန်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိအနေဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးအစိုးရများတွင် တာဝန်ရှိသည်ကို နားလည်သဘော ပေါက်ပါကြောင်း၊ တချို့ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် အားကြိုးမာန်တက် ဆောင်ရွက်နေသည်ကိုလည်း လေ့လာသိရှိရပါကြောင်း၊ အဓိကလိုအပ်နေသည့်က ပံ့ပိုးပေးရန်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၊ မူလတန်း(ခွဲ)ကျောင်းကဆရာလေး ဆိုပါက ကိုယ်စွမ်းဉာဏ်စွမ်းနှင့် ကျောင်းသားများအတွက် သင်ပေးနေတာဖြစ်ပါကြောင်း၊ ထိုသို့ ဆရာများအတွက် အားပေးချီးမြှောက်ဖို့ပံ့ပိုးဖို့လိုပါကြောင်း၊
မိမိတို့က ဒေသသင်ရိုးသင်ခွင့်ရှိကြောင်းသာ ညွှန်ကြားခဲ့ပါကြောင်း၊ ထိုသို့ အရေးကြီးသည့်ဘာသာရပ်တစ်ခု၊ အပြောင်းအလဲအရွေ့အတွက်ကို အရေးကြီးသည့် အနေအထားတစ်ခုအပေါ်တွင် ပံ့ပိုးမှုမရှိဘဲ ညွှန်ကြားရုံဖြင့် မရပါကြောင်း၊ ဒေသသင်ရိုးအတွက်ကို ဘဏ္ဍာငွေထည့်သွင်းရန်လိုပါကြောင်း၊ ထို့ပြင် ဒေသသင်ရိုးအတွက် သက်ဆိုင်ရာ ခရိုင်၊ တိုင်းဒေသကြီး၊ မြို့နယ်များတွင် အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ၊ ဖတ်စာအုပ်များ မည်သို့ ဝေနေပြီ၊ မည်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘယ်လောက်က ဖတ်စာအုပ်များထွက်ရှိပြီး မည်မျှ အတိုင်းအတာအထိ သင်ကြားနေပြီ စသည်များကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားဘာသာစကားနှင့် စာပေကို မူလတန်းအဆင့် Grade 1, 2, 3 အတွက် ပြည့်စုံစွာ စာအုပ်များ ပြဋ္ဌာန်း၊ ရိုက်နှိပ် ပြီးဖြစ်ပါကြောင်း၊ သင်ကြားရေးအတွက်လည်း စီစဉ်ပြီး ဖြစ်ပါကြောင်း၊ ဒေသသင်ရိုးသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက စီမံဆောင် ရွက်မည့် လုပ်ငန်းဖြစ်ပါသည့်အတွက် တချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များက သင်ကြားမှုအားကောင်းပြီး တချို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များက အားနည်းပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အားနည်းသည်ဟု ယူဆသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ပြန်လည်ဆန်းစစ်ပြီး လိုအပ်ချက်များရှိပါက ပညာရေးဝန်ကြီးဌာနမှ နည်းပညာအားဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
