(ခ)-ခိုင်းနွား၊ နို့စားနွား၊ အသားစားနွားများမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ထားပါသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၅. ၆. ၂၀၁၉)

 

ခိုင်းနွားများသည် လယ်ယာလုပ်ငန်းခွင်တွင် စက်မှုလယ်ယာကို အပြည့်အဝမပြောင်း နိုင်သေးသည့်အတွက် သုံးစွဲနေရခြင်းဖြစ်ပါကြောင်း၊ နွားတစ်ကောင်ကို နို့ရှစ်ပိဿာ၊ ၁၀ ပိဿာ၊ ၁၂ ပိဿာစသည်ဖြင့် အနည်းဆုံးထွက်ကြပါကြောင်း၊ ယခုကဲ့သို့ အသားများ၊ နို့များရမှ ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုများ၊ ခန္ဓာကိုယ်ထွားကျိုင်းမှုများ ရှိမည်ဖြစ်သဖြင့် School Milk Program ဆိုသည့် နို့တိုက်ကျွေရေး စီမံကိန်းတွင်လည်း နွားနို့များရရှိရန်လိုပါကြောင်း၊ အားမရစရာ ကောင်းတာသည့် အချက်က ကလေးများကို နိုင်ငံခြားကတင်သွင်းသည့် နို့ဘူးများကို တိုက်နေရသည့်အခါ မွေးမြူရေးလုပ်ငန်းအတွက် အားမလိုအားမရ ဖြစ်ရပါကြောင်း၊ ထို့ကြောင့် ဒေသနွားမျိုးများကိုလည်း ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် နွားအထီးများ တခြားနိုင်ငံရောက်သွားလျှင် နွားအထီးသည် ၎င်းူတို့နိုင်ငံမျိုးရင်းပါဆိုပြီး မူပိုင်လုပ်လိုက်လျှင် အများကြီးနစ်နာဆုံးရှုံးမှု ရှိနိုင်သည့်အတွက် မူပိုင်ပြုလုပ်ရန် ဆောင်ရွက်ထားရှိဖို့ လိုပါကြောင်း၊

နွားမွေးမြူရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသားစပ်ခြင်း လုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မေထုန်မဲ့သားစပ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်လည်း ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများတွင်လည်း အထူးသဖြင့် Liquid Nitrogen ရရှိမှုက အခက်အခဲ ဖြစ်သည့်အတွက် ပိုမိုဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ကျွဲ/နွားများကို အမှတ်အသားပြုလုပ်ပြီး Microchip ဆိုသည့် Ear Tag များတပ်ပေးထားလျှင် နွားများ၏ သယ်ယူပို့ဆောင်မှုလုပ်ငန်းများ၊ ကျွဲ/နွားအာမခံလုပ်ငန်းများ အတွက်ပါ အဆင်ပြေ နိုင်ပါကြောင်း၊

နွားမွေးမြူရေး ဖွံ့ဖြိုးရန်အတွက် ကိုယ်တိုင်မွေးခြင်း၊ မွေးဖက်ပေးခြင်းတို့ရှိပါကြောင်း၊ မွေးဖက်ပေးသည့် နေရာတွင်လည်း ကာလတို၊ ကာလရှည်စသည်ဖြင့် စနစ်တကျစီစဉ်ဆောင်ရွက်နိုင်အောင် SOP လို့ဟုခေါ်သည့် Standard Operating Procedure အရ ရေးဆွဲဆောင်ရွက်ရန် လိုပါကြောင်း၊ နောက် နွားများကို ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါမဖြစ်ပွားရအောင် ကာကွယ်ဆေးထိုးပေးရပါမည်၊ ဒေါင့်တန်းရောဂါ၊ လည်ချောင်းကွဲရောဂါ၊ BQ (Black Quarter) ဆိုသည့် ပေါင်ပုတ်လက်ပုတ်ရောဂါ၊ ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများလည်း ထိုးပေးရန်လိုအပ်ပါကြောင်း၊ ထို့နောက် စားကျက်နှင့်အခြားနည်း သုံးစွဲခွင့်များလည်းရရှိရန် လိုအပ်ပါကြောင်း၊ စားကျက်ရှိမှ နွားမွေး၍ ရမည်ဖြစ်ပြီး လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ရမှ နွားမွေး၍ရမည် ဖြစ်ပါကြောင်း၊ စပါးစိုက်၍ မြတ်မည့်ပမာဏနှင့် မြက်စိုက်ပြီး မွေးမြူရေးလုပ်လျှင် အမြတ်အစွန်းရသည့် ပမာဏက ပိုများနေလျှင်လည်း အဆိုပါကိစ္စများကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်အောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကိုယ်တိုင်မွေးသည့်နွားနှင့် မွေးဖက်ပေးသည့်နွားများ၊ ကျွဲ/နွားများ ဈေးကွက်ရှိပါက တင်ပို့သည့်နေရာတွင်လည်း မှောင်ခိုလမ်းကြောင်းများ ရှိနေပါကြောင်း၊ ပြည်တွင်းတွင် လွတ်လပ်စွာ သယ်ပို့နိုင်ရေးအတွက် အခွင့်အရေးဆောင်ရွက် ပေးရန်လိုအပ်သကဲ့သို့ ပြည်ပထွက်ပေါက် များတွင်လည်း ထိန်းချုပ်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် နွားမွေးမြူးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှ ကျေးလက်နေ တောင်သူများ၏ဘဝ ဖွံ့ဖြိုးတိုးတက် လာနိုင်မည် ဖြစ်သည့်အတွက် နွားမွေးမြူးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆောင်ရွက်ထားရှိမှု အခြေအနေကို ကျေးလက်နေ ပြည်သူများ၏ကိုယ်စား မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

မြန်မာနိုင်ငံ၏ တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်ယူခြင်းကို FAO နှင့် Lift Fund အကူအညီဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်သည့်အခါ ၂၀၁၈ ခုနှစ် မေလ အထိ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းအရ ကျွဲ/နွား အကောင်ရေ အားလုံး ၁၁၅၀၀၀၀၀ ခန့် ရှိသည်ဟု စာရင်းများရရှိပါကြောင်း၊ ၎င်းစာရင်းထဲမှ ကျွဲအကောင်ရေသည် တစ်သန်းရှစ်သိန်း ဖြစ်ပါကြောင်း၊ ကျန် ကိုးသန်းခုနစ်သိန်းခန့်သည် ခိုင်းနွားနှင့် နို့စားနွားများ ဖြစ်ကြပါကြောင်း၊ ပြည်တွင်းတွင်ရှိသည့် ကျွဲ/နွားများအနက် စားသုံးမှု/သေဆုံးမှုစသည့် ခန့်မှန်း တွက်ချက်မှုများကို စိစစ်လိုက်သည့်အခါ နှစ်စဉ် ကျွဲ/နွားအကောင်ရေ ခုနစ်သိန်းခန့် ပိုလျှံမှုရှိနိုင်မည့် အခြေအနေ ဖြစ်ကြောင်းလည်း စိစစ်ရရှိပါသည်။

နိုင်ငံအတွင်း ကျွဲ/နွားများတရားမဝင် မှောင်ခိုစီးပွားဖြစ် နယ်စပ်များမှ ထွက်ရှိမသွားရအောင် တရားဝင်တင်ပို့မှုမှ နိုင်ငံတော်အတွက် ဝင်ငွေဖြည့်ဆည်းပေးနိုင်ရေးကို ရည်ရွယ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ၉-၁၀-၂၀၁၇ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၄၉/၂၀၁၇) နှင့်အညီ စီမံဆောင်ရွက်ခဲ့သည့်အခါ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ပြည်ပကိုတင်ပို့မည့် နွားများအတွက် Ear Tag များ တပ်ဆင်ပြီး စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဧပြီလအထိ တစ်နှစ်ခွဲခန့်နီးပါး ပြည်ပကို ကျွဲ/နွားအကောင်ရေ ငါးသိန်းကျော်ခန့် တင်ပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ခိုင်းနွား၊ နို့စားနွားနှင့် အသားစားနွားမွေးမြူရေးဇုန် ၂၈ ဇုန် တည်ဆောက်မှုနှင့်လည်း မွေးမြူထုတ်လုပ် ပြန်လည်ဖွဲ့စည်းမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် ပြည်တွင်းကျွဲ/နွားများ မပြုန်းတီးစေရေးအတွက် ငါးနှစ်စီမံကိန်းဖြင့် သဘာဝသားစပ်ခြင်း၊ မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစားအစာနှင့် စားကျက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းတို့ကို ဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းပြီး ဒေသအလိုက် မွေးမြူရေးအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်တွင်းကျွဲ/နွား အကောင်ရေ လျော့ပါးမှုမဖြစ်စေရေးအတွက် အရွယ်ရောက်သည့် ကျွဲ/နွားအမများကို ပုံမှန်သားတင်/ သားစပ် ပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

လက်ရှိတွင် သားတင်/သားစပ်နိုင်သည့် နွားမအကောင်ရေ ၁၄ သိန်းခန့်ရှိရာ ၉၅ ရာခိုင်နှုန်းသည် နွားသိုးများနှင့် သဘာဝသားတင်/သားစပ်ပြီး ကျန် ၅ ရာခိုင်နှုန်းကို မိမိတို့ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မေထုန်မဲ့နည်းဖြင့် သားစပ်ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ခိုင်းနွားမျိုးရေခဲချောင်း ၁၉၇၇၅ ချောင်း၊ နို့စားနွား မျိုးရည်ခဲချောင်း ၁၆၂၀၀ ခန့်ဖြင့် အသားတိုးနွားမျိုးရည်ခဲချောင်း ၁၃၀၀၀ ခန့်ကို ဖြန့်ဖြူးပေးနိုင်ခဲ့ ပါကြောင်း၊  ခိုင်းနွားနှင့်နို့စားနွား မျိုးရည်ခဲချောင်းဖြန့်ဖြူးမှုသည် ၃၆၀၀၀ ဖြစ်သည့်အတွက် တစ်နှစ်လျှင် ပျမ်းမျှနွားမကောင်ရေ ၇၀၀၀ ခန့်ကို မေထုန်မဲ့နည်းနှင့် သားစပ်နိုင်ခဲ့ပါကြောင်း၊ နှစ်ကုန်တွင် နွားမကောင်ရေ ၈၅၀၀၀ ခန့်ကို သားစပ်လုပ်ငန်းဆောင်ရွက် သွားနိုင်မည် ဖြစ်ပါကြောင်း၊

မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် မေထုန်မဲ့သားစပ် နွားမကောင်ရေ ၁၄၀၀၀၀ ခန့်ထိ တိုးမြှင့်ဆောင်ရွက် သွားရန်ဖြစ်သည့်အတွက် လိုအပ်သော သွင်းအားစု မျိုးနွားသိုးများ၊ လုပ်ငန်းခွင်သုံးပစ္စည်းဖြစ်သည့် Nitrogen အရည်၊ Nitrogen အရည် ထည့်အိုး၊ သားစပ်ကိရိယာများကို ဝယ်ယူဖြည့်တင်း ဆောင်ရွက်လျက်ရှိပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အသားတိုးနွား မွေးမြူထုတ်လုပ်ရေး တိုးမြှင့်နိုင်ရန် ပြည်ပကလည်း ဘရာမင်မျိုးနွားသိုးနှင့် မျိုးရည်ခဲချောင်း ၂၀၀၀၀ ကို အခု ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဖြည့်တင်းနိုင်ရန် စီမံဆောင်ရွက်ထားပြီးလည်း ဖြစ်ပါကြောင်း၊

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်တာကာလအတွင်း မျိုးမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများအတွက် စုစုပေါင်းငွေကျပ် သန်းပေါင်း ၂၃၂ သန်းကျော် ကျခံသုံးစွဲခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခု ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၄၀ ခန့် ကျခံသုံးစွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း မေထုန်မဲ့သားစပ် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန် ဌာန၏မျိုးမြှင့်တင်ရေး သင်တန်းကျောင်းများတွင် လစဉ်သင်တန်းများလည်း ဖွင့်လှစ်ပို့ချ ပေးလျက်ရှိပါကြောင်း၊

ယခုအခါ နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဖြစ်သည့် National Dairy Development Board-NDDB ကို ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ နို့စားနွား မွေးမြူဖွံ့ဖြိုးမှုနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်သည့် နို့ဈေးကွက် ပေါ်ပေါက်လာစေရေး၊ နို့တိုက်ကျွေရေး Program ရေရှည်တည်တံ့အောင်မြင်စွာ ဆောင်ရွက် သွားနိုင်ရေး၊ စားသုံးသူများအတွက် အရည်အသွေးကောင်း ဘေးကင်းထုတ်ကုန်များ ရရှိစေရေးနှင့် ဓာတ်ခွဲစစ်ဆေးရေးဆိုင်ရာ နည်းပညာအရည်အသွေး ပြည့်ဝစေရေးနှင့်ကောင်းမွန်သည့် ထုတ်လုပ်မှုစံချိန်စံညွှန်း လမ်းညွှန်ချက်များ ဖြစ်ပေါ်ရေးအတွက်ကိုလည်း စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုလို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ မိမိ၏ပြည်တွင်း အနေအထားအပြင် နိုင်ငံတကာအဖွဲ့အစည်းများ၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့်ပေါင်းပြီး နည်းပညာအထောက်အကူပြု သင်တန်းများ၊ မေထုန်မဲ့သားစပ်လုပ်ငန်းများနှင့် မြစိမ်းရောင်အသားကဏ္ဍ ကျေးရွာများထူထောင်ခြင်းနှင့် မျိုးကောင်းမျိုးသန့် နို့စားနွားဖြန့်ဖြူးရေး လုပ်ငန်းစဉ်များလည်း ပါဝင်ပါကြောင်း၊ နို့စားနွားမွေးမြူဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အထိ နိုင်ငံတော်ထောက်ပံ့ငွေမှ စုစုပေါင်းကျပ်သန်း ၁၀၁၀ သန်းဖြင့် နို့စားနွားအကောင်ရေ ၁၀၀၀ ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် ၁၀ မြို့နယ်ကို တစ်မြို့နယ်ကျပ်သန်း ၃၀ နှင့် မျိုးကောင်းမျိုးသန့်နို့စားနွား ဖြန့်ဖြူးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

ကျွဲ/နွားများအတွက် စားကျက်မြေသည် အရေးပါသည့်အလျောက် ဌာနပိုင်မြက်မျိုးများ စံပြစိုက်ကွက်များ စိုက်ပျိုးပြီးဖြန့်ဝေ ပေးလျက်ရှိပါကြောင်း၊ ပြည်ပစီမံကိန်းများ အကူအညီဖြင့်လည်း စားကျက်မြေမြက်မျိုးစေ့များကိုလည်း တင်သွင်းဖြန့်ဖြူးခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ စားကျက်ဖွံ့ဖြိုးရေး လုပ်ငန်းအစီအမံများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ခိုင်းနွား၊ အသားစားနွားများ ဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ် ဆောင်ရွက်ထားရှိမှုကို သိရှိလိုသည့်အတွက် ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာသန်းအောင်စိုး (မင်းလှမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

နွားမွေးမြူရေး လုပ်ငန်းများလည်းလုပ်ခြင်း၊ ချေးငွေလည်း ထောက်ပံ့ပေးခြင်း၊ စားကျက် ဖွံ့ဖြိုးရေးများလည်း လုပ်သည်ဆိုခြင်းမှာ မိမိတို့အားလုံးအတွက် စံပြနမူနာများဖြစ်အောင် Pilot Project ဆိုသည့် ရှေ့ပြေးနမူနာစံပြမြို့နယ်များများ ချမှတ်ဆောင်ရွက် ထားခြင်းများရှိ/မရှိ၊ ရှိလျှင်လည်း မည်သည့်မြို့နယ်များတွင် လုပ်ထားသည်ဆိုသည်ကို ဖြေကြားနိုင်မည်ဆိုပါက ဖြေကြားပေးပါရန် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မိမိတင်ပြခဲ့သည့်အတိုင်း မြို့နယ် ၂၈ မြို့နယ်တွင် မွေးမြူရေးဇုန်များကို ဆောင်ရွက်သည့် အစီအမံများကလည်း အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ နေပြည်တော်တွင် လေးဇုန်၊ ကရင် ပြည်နယ်တွင် ခုနစ်ဇုန်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှစ်ဇုန်ရှိပါကြောင်း၊ မွေးမြူရေးဇုန်များသည် တောင်သူများကို ပညာပေးရင်းနှင့်အတူ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အစီအမံ၊ အပံ့အပိုးများလည်း ဖြည့်ဆည်းပေးသည့် အနေအထားမျိုးများလည်း ဖြစ်ပါကြောင်း၊ သီးခြား Pilot စီမံချက်ဆိုခြင်းထက် မွေးမြူရေးဇုန်များက တွဲဖက်ပြီး တောင်သူများအစုအဖွဲ့ဖြင့် မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားသည့် အစီအမံအနေဖြင့် လုပ်ကိုင်နေသည့် အခြေအနေဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။