(ဆ)-သံဖြူဇရပ်မြို့ အမှတ်(၃) သုခကာရီရိပ်သာ၏ မျက်နှာစာတွင် ပိတ်ကာနေသော မီးရထားနှင့် ကားလမ်းခွဲတံခါးစောင့်၏ သစ်သားတဲကို အခြားလွတ်ကင်းရာ မီးရထားမြေသို့ ရွှေ့ပြောင်းပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၅. ၆. ၂၀၁၉)

 

သံဖြူဇရပ်မြို့ပေါ်တွင် မီးရထားနှင့်မော်တော်ကားလမ်း ဖြတ်သန်းရာနှစ် နေရာရှိပါသည်။ သံဖြူဇရပ်-ကျိုက္ခမီ ကတ္တရာလမ်းဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် ရထားလမ်းဖြတ်ခြင်းက တစ်နေရာ၊ သံဖြူဇရပ်နှင့် ရေးကတ္တရာလမ်းဖြစ်သည့် ဗိုလ်နေဝင်းလမ်းနှင့် ရထားလမ်း ဖြတ်ခြင်းကတစ်နေရာဆိုပြီး နှစ်ခုရှိပါကြောင်း၊ နှစ်နေရာစလုံးတွင် ယခင်က ရထားစောင့် တဲများမရှိပါကြောင်း၊ နရဖ အစိုးရတက်ပြီးနောက်ပိုင်း ရေးဘက်ဖြန့်ရာ တံခါးအစောင့်တဲ ထားရန်အတွက် အုတ်ဖိနပ်စလုပ်ပါကြောင်း၊ ကားလမ်းသည် အရှေ့မြောက်မှ အနောက်တောင်သို့ လည်းကောင်း၊ ရထားလမ်း အနောက်မြောက်မှ အရှေ့တောင်သို့လည်းကောင်း ကြတ်ခြေခတ် ဖြတ်နေခြင်းဖြစ်၍ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုပြီး လေးနေရာတွင် မြေကွက်လပ်များ ဖြစ်ပေါ်နေပါကြောင်း၊ ရထားစောင့်တဲအတွက်ကို အုတ်မြစ်စချရာသည် အမှတ် (၃) သုခကာရီ ရိပ်သာ၏ မျက်နှာစာအုတ်တံတိုင်းနှင့် ကပ်လျက်ဖြစ်ပါကြောင်း၊

၎င်းနေရာသည် ယခင်က မြေနိမ့်ချိုင့်ဝှမ်းဖြစ်နေပြီး ကျောင်းဒါယိကာများက ကုန်းဖြစ်အောင် ကြိုးစားဖို့ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အမှတ် (၃) သုခကာရီရိပ်သာသည်‌ မူလတောင်စွန်း ရွှေကူဆရာတော် ဘုရားကြီး  ဦးဝီနိတ၏ ကာယနုပတ္တိဝိပဿနာ ကမ္မဋ္ဌာန်းနည်းဖြင့် ပဋိပတ်သာသနာပြုပါ၍ ဆောင်ရွက်သော ကျောင်းတိုက်ဖြစ်ပြီး မျိုးတူသူအများစုက ကိုးကွယ်ပါကြောင်း၊ နောက်ရွှေကူရိပ်သာ ဆရာတော်ဘုရား ဆိုသည်ကလည်း မိမိတို့ ဓမ္မာစရိယဦးအေးလှိုင်ရေးသည့် ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ အပါး ၄၀ ထဲတွင်ပါဝင်သော ဆရာတော်ကြီးတစ်ပါး ဖြစ်ပါကြောင်း၊ ကျောင်းရှေ့မျက်နှာစာတွင် ရထားတဲဆောက်ရန်အတွက်ကို အုတ်မြစ်ချကြောင်းသိသည်နှင့် မိမိတို့ကျောင်းဒါယိကာကြီးများမှ ထွေ/အုပ်ဦးစီးဌာနမှူး မဖအ ဥက္ကဋ္ဌကို တင်ပြကြပါကြောင်း၊ မဖအ ဥက္ကဋ္ဌကလည်း မသိပါကြောင်း၊ အဆိုပါ နေရာတွင်လည်း မလုပ်သေးပါကြောင်းဆိုပြီး ၎င်းတားသည့် စာကိုချက်ချင်း ထုတ်ပေးပါကြောင်း၊

သို့သော်လည်း တိုင်းဒေသကြီးမန်နေဂျာက ၎င်းကာလက ဝန်ကြီးကိုယ်တိုင်ပြသည့်နေရာ၊ ရွှေ့၍မရဘူးဆိုပြီး ငြင်းပယ်ခဲ့ပါကြောင်း၊ ၎င်းနောက်တဲကို တားသည့်အချိန်တွင်လည်း စည်ပင်အင်ဂျင်နီယာက ဆက်ဆောက်ခြင်း ဖြစ်သည့်အတွက်ကြောင့် မကျေမနပ်မှုများ များသွားပါကြောင်း၊ ထိုအချိန်တွင် မြို့တွင်ရှိသည့် အဖွဲ့အစည်းပေါင်းစုံသည် ညီညွတ်ကုန်ကြပြီး ထိုကဲ့သို့မျိုးဖြစ်လျှင် ညကျမှ တို့စုပေါင်းရိုက်ဖျက်ကြမည် ဆိုသည်အထိ ဖြစ်လာကြပါကြောင်း၊ မိမိက ကျောင်းဒကာအဖွဲ့တွင်လည်း အတွင်းရေးမှူးဖြစ်သဖြင့် မလုပ်ကြရန်နှင့် ဥပဒေဘောင်အတွင်းက ကြိုးစားဆောင်ရွက်ကြရအောင် မရတော့လည်း တစ်နေ့ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အချိန်ကျလျှင် ဥပဒေဘောင်အတွင်းမှ တောင်းဆိုကြရအောင်ဟု ညှိနှိုင်းပြီး ဖြေရှင်းပေးလိုက်ပါကြောင်း၊ မကြာသေးမီကာလအတွင်း ၎င်းတဲတွင် ဘာသာခြားများ မင်္ဂလာဆောင်ခြင်း၊ ဘာသာခြားနည်းဖြင့် အညစ်အကြေးများ ကျောင်းဝင်းထဲပစ်သွင်းခြင်းများ ရှိသဖြင့် မအဖ ဥက္ကဋ္ဌက ခေါ်ပြီး စစ်ဆေးပြီး တဲအစောင့်ကို လူချက်ချင်းလဲလိုက်ပါကြောင်း၊ ယခုက ဒီမိုကရေစီနိုင်ငံရောက်ရှိလာပြီ ဖြစ်သဖြင့် မိမိကတိပေးခဲ့သည့်အတိုင်း တာဝန်တစ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နောက်တစ်ခုက မိမိအပါအဝင် မွန်၊ ကရင်၊ ရှမ်း တိုင်းရင်းသားခြံသမားများ တောတက်လျှင် တောမီးမလောင်ရေး ဆိုသည့် စည်းကမ်းရှိပါကြောင်း၊ ၎င်းကလည်း မိရိုးဖလာသင်ကြားလာသည့် ဓလေ့အရ သင်ကြားလာသည့်အစွဲ၊ ဓလေ့တစ်မျိုး ဖြစ်ပါကြောင်း၊ မိမိတို့ တောတက်မည်၊ တောင်သွားမည်၊ နွားလှည်းပေါ်တွင် ဆေးလိပ်သောက်ချင်ပြီဆိုလျှင် ဝါးဆစ်ဘူးလေးများဖြင့် သောက်ခြင်းကို အားလုံးတွေ့ဖူးကြပါလိမ့်မည်။ ခြံထဲရောက်ရှိလျှင်လည်း ဆေးလိပ်သောက်ပြီး လွှင့်ပစ်မည် ဆိုလျှင်လည်း စည်းကမ်းတကျ လွှင့်ပစ်ပါကြောင်း၊ နောင်တစ်ချိန်တွင် မီးကြွင်း မီးကျန်ဖြစ်ပွားမည် စိုးရိမ်သည့်အတွက်ကြောင့်လည်းကောင်း၊ နောက် ၎င်းကာလတွင်  ဒီမိုကရေစီ နိုင်ငံဖြစ်လျှင်မိမိတို့ ဥပဒေဘောင်အတွင်းက  တင်ပြကြရအောင်ဟု ကတိပေးခဲ့သည့်ကတိအတိုင်း အဆိုပါမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

သံဖြူဇရပ်မြို့နယ်၊ အမှတ် (၃) သုခကာရီရိပ်သာ၏ မျက်နှာစာတွင်ရှိသည့် မော်လမြိုင်-ရေး ရထားလမ်းပိုင်း၊ သံဖြူဇရပ်နှင့် ပင်မဘူတာကြားရှိ ရထားလမ်းနှင့် မော်လမြိုင်-ရေးကားလမ်း ဖြတ်သည့်ဂိတ်က တရားဝင်ကားလမ်းကူး ဂိတ်တစ်ဂိတ်ဖြစ်သည့်အတွက် ဂိတ်စောင့်ဝန်ထမ်းထားရှိပြီး ဂိတ်စောင့်နေအိမ်ထားရှိရခြင်း ဖြစ်ပါကြောင်း၊

မော်လမြိုင်-ရေးကားလမ်းသည် နေ့/ညမပြတ် မော်တော်ကားများဖြင့် ဖြတ်သန်းသွားလာရေး ရှိသည့်အတွက်ကြောင့် ရထားလမ်းကို ကားလမ်းဖြတ်ကူးသည့် နေရာတွင် ရထားဖြတ်သန်းနေစဉ် မတော်တဆမှု မဖြစ်စေရေးအတွက် ဂိတ်တံခါးနှစ်ခုကို ဖွင့်/ပိတ်ခြင်း ဆောင်ရွက်ရန် ဂိတ်စောင့် ဝန်ထမ်းကို တာဝန်ချထားရခြင်းဖြစ်ပြီး ၎င်းဂိတ်စောင့်ဝန်ထမ်း နေထိုင်ရန်အတွက် (ပေ ၃၀ x ၁၂ ပေ) ဂိတ်စောင့်နေအိမ် လုံးချင်းတစ်လုံးကို ရထားလမ်းမှ ပေ ၂၀ အကွာ၊ ကားလမ်းကူးနှင့် ပေ ၅၀ အကွာ ရထားလမ်းအရှေ့ဘက်ခြမ်းနေရာတွင် ရထားလမ်းဘက်သို့ မျက်နှာမူပြီး ၂၀၀၅-၀၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၃၀.၅၆ သိန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဂိတ်စောင့်ဝန်ထမ်း နေအိမ်အဆောက်အဦသည် အမှတ် (၃) သုခကာရီရိပ်သာ ကျောင်ဝင်းခြံစည်း ရိုးမှ ကားလမ်းဘက်ကို ၁၅ ပေကွာဝေးပြီး ကျောင်းမုခ်ဦးဝနှင့် ပေ ၅၀ ကွာဝေးသည့်အတွက် သုခကာရီရိပ်သာသို့ လာရောက်သည့် တရားဓမ္မမိတ်ဆွေများကို အဟန့်အတားဖြစ်စေခြင်း မရှိပါကြောင်း၊ အဆိုပါ ကားလမ်းကူးဂိတ်တွင် တာဝန်ပေးအပ်ထားသူ ဦးမိုးအောင် (လုပ်သား/ဂိတ်စောင့်) ဆိုလျှင် ၂၀၁၁ ခုနှစ်မှ ယနေ့အထိ ဂိတ်စောင့်တာဝန် ထမ်းဆောင်နေသည့် သူဖြစ်ပြီး ၎င်းမှာ ဗုဒ္ဓဘာသာဝင်၊ ဗမာလူမျိုးဖြစ်ပါကြောင်း၊ ၎င်းဂိတ်စောင့်ဝန်ထမ်း နေအိမ်ကိုအဖီချ၍ အဆောင်တိုးချဲ့ထားခြင်း၊ ဆိုင်ဖွင့်လှစ်ရောင်းချခြင်း မရှိကြောင်းနှင့် ဂိတ်စောင့်တစ်ဦးသာ နေထိုင်လျက်ရှိကြောင်း၊ ၎င်းသည် အရက်သေစာ သောက်စားမူးယစ်တက်သူလည်း မဟုတ်ပါကြောင်း စိစစ်တွေ့ရှိရပြီး အကယ်၍ ၎င်းအနေဖြင့် အနေအထိုင်မှားယွင်းမှု တစ်စုံတစ်ရာရှိလျှင်လည်း ကြပ်မတ်ကွပ်ကဲ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ၎င်းဂိတ်စောင့်သည် ရုံပိုင်၏အုပ်ချုပ်မှုအောက်က ဝန်ထမ်းမဟုတ်ဘဲ မြို့ပြအင်ဂျင်နီယာဌာန၊ အငယ်တန်းအင်ဂျင်နီယာ (၁) (သံလမ်း) အောက်က ဝန်ထမ်းတစ်ဦး ဖြစ်ပါကြောင်း၊

ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် အခြားလွတ်ကင်းသည်‌့နေရာ သုံးနေရာဆိုသည့်နေရာတွင်လည်း အရှေ့ဘက်တွင် ဆိုင်ခန်းများ၊ အနောက်ဘက်ခြမ်းတွင် အောင်ကုသိုလ်ရပ်ကွက်နှင့် ရေးဘက်အနောက် ဘက်ခြမ်းတွင် သေမင်းတမန်ရထားလမ်း ပြတိုက်နေရာများ ဖြစ်နေပါကြောင်း၊ အစောင့်တစ်ဦးတည်းဖြစ်ပြီး နေ့ရောညပါစောင့်ပြီး ရထားလာလျှင် ပေ ၃၀ ကျော်ရှည်သည့် ဂိတ်တံခါးနှစ်ဖက် စလုံးကို အပိတ်/အဖွင့် ပြုလုပ်ရသဖြင့် ဂိတ်တံခါးများနှင့် ဝေးကွာသည့် နေရာကို ‌ပြောင်းရွှေ့နေရာ ချထားရန်မသင်‌့ပါကြောင်း၊ သို့ဖြစ်ပါ၍ မီးရထားနယ်နိမိတ်အတွင်း ရထားဖြတ်သန်းစဉ် မတော်တဆမှု မဖြစ်စေရေးအတွက် ဂိတ်တံခါးအဖွင့်/အပိတ် ဆောင်ရွက်နေသည့် ဂိတ်စောင့်ဝန်ထမ်းအတွက် လုပ်ငန်းလိုအပ်ချက်အရ လက်ရှိနေအိမ်ကို ဆောက်လုပ်ထားရခြင်းဖြစ်ပြီး ယခုအခါ ပြောင်းရွှေ့ဆောက်လုပ်ပါက ၁၄ နှစ်ခန့်ကြာပြီဖြစ်သည့် သစ်သားများကို ပြန်လည်အသုံး အသုံးပြုနိုင်တော့မည် မဟုတ်သဖြင့် ကျပ်သန်း ၈၀ ခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ မလွဲမသွေလိုအပ်သည့် ကိစ္စမဟုတ်သဖြင့် ရန်ပုံငွေကျခံသုံးစွဲရန် မသင့်လျော်ကြောင်း သုံးသပ်ရပါသဖြင့် မီးရထားဂိတ်စောင့် နေအိမ်ကို ဖျက်သိမ်း၍ ‌ပြောင်းရွှေ့ဆောက်လုပ်ရန် အစီအစဉ် မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးဉာဏ်ဟိန်း (သံဖြူဇရပ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတစ်ခု တင်ပြတာချင်သည်က ဖယ်ခိုင်းခြင်းမျိုးမဟုတ်ပါကြောင်း၊ နောက်တစ်ခုက ဘုန်ကြီးကျောင်း၏ အဝင်ဝမုခ်ဦးပိတ်ဟု တင်ပြခြင်းမျိုးလည်းမဟုတ်ပါကြောင်း၊ မုခ်ဦးအဝမှ တိုင်းမည်ဆိုလျှင် ပေ ၅၀ ရှိသော်လည်း ဘုန်းကြီးကျောင်း၏ အုတ်တံတိုင်းမှ တိုင်းမည်ဆိုပါက လှမ်းကိုင်၍ရပါကြောင်း၊ နောက်တစ်ခုက ဘုန်းကြီးကျောင်းက အရှေ့ဘက်တွင်ရှိပြီး ရထားလမ်းလေးကို ကျော်လိုက်ရုံဖြစ်ပါကြောင်း၊ တံခါးစောင်‌့သည့်တဲ၏ မျက်နှာချင်းဆိုင် ရထားလမ်းကျော၏ အခြားတစ်ဖက်တွင် ရထားပြတိုက်မြေဆိုသော်လည်း ၎င်းပြတိုက်ကြီးသည် ၎င်းထိ မရောက်ပါကြောင်း၊ ပြတိုက်မြေက တစ်ဝက်တစ်ပြတ်ဖြင့် ရပ်သွားပြီး ၎င်းဘက်ခြမ်းတွင် မြေလွတ်အနေဖြင့် ပိုနေခြင်းကိုက  ပေ ၇၀ မကပါကြောင်း၊ မိမိတင်ပြသည်က ၎င်းနေရာလေးကို လက်ရှိကဆိုင်ခန်းများလည်း မရှိပါကြောင်း၊ နောက်ပိုင်းတွင် ရော်ဘာဒိုင်များ ဖြစ်လာပါကြောင်း၊ အဆိုပါနေရာလေးကို လုပ်ရသည့်ရည်ရွယ်ချက်ကလည်း ၎င်းကာလက အမဲလိုင်စင်က ရုံပိုင်နှင့်ပေါင်းပြီး ၎င်းနေရာတွင် အရက်သောက်စားခြင်းမဟုတ်ကြောင်း၊ အရက်ကိုရောင်းခြင်း ကြောင်‌့လည်း မ.အ.ဖ ဥက္ကဋ္ဌ ဦးသိန်းဝင်းကခေါ်ပြီး စစ်ဆေးပြီးမှချက်ချင်း လူစားလဲခိုင်းခြင်း ဖြစ်ပါကြောင်း၊ နောက်ပိုင်း လဲလိုက်သည့်ဆီကလည်း မကြာသေးပါကြောင်း၊ မိမိ မေးခွန်းတင်သည့် နောက်ပိုင်းတွင် လူစားပြန်လဲထားခြင်း၊ မိမိမေးချင်မှာ ၁၄ နှစ်၊ ၁၅ နှစ်လည်းကြာ ခဲ့ပြီ၊ အဆိုပါတဲကြီးက ဟောင်းနေပြီ၊ အသစ်ပြန်ဆောက်မည်ဆိုလျှင်လည်း မဝေးဘဲကပ်ရပ်ရှိခြင်း၊ မျက်နှာချင်းဆိုင် ရထားလမ်းကျော်ပြီး ကူးလိုက်ရုံဖြစ်ပါကြောင်း၊ ကျောင်းဒါယိကာများက စရိတ်ဖြင့် အစောင်‌့တဲလေးကို ကူညီပြီးဆောက်ပေးမည်ဆိုပါက ဝန်ကြီးဌာနအနေဖြင့် ရွှေ့ပြောင်းနိုင်ခြင်း ရှိ/မရှိကို ဖြေကြားရန်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

အဆိုပါ မေးခွန်း‌ဖြေရန်အတွက် မီးရထားကို နေရာကြည်‌့သည့်အခါ ရထားလမ်းနှင့် မျက်နှာချင်းဆိုင် ဂိတ်များနီးမည့် နေရာဆို ရပ်ကွက်ဖြစ်နေပါကြောင်း၊ မြန်မာ့မီးရထားကို အသေးစိတ် မြေနေရာပြန်ပြီး စိစစ်ပေးပါမည်၊ စိစစ်ပေးပြီး သင့်တော်မည့်မြေနေရာ ရထားပိုင်မြေထဲတွင်ရှိမည့် မြေနေရာများ ရှိမည်ဆိုပါက ကိုယ်စားလှယ်တော်ကြီး ကမ်းလှမ်းသည့်အတိုင်း သိန်း ၈၀ ဆိုသည့်အရာသည် မများသော်လည်း ဌာနအနေဖြင့်က တစ်နှစ်တစ်နှစ်ဘတ်ဂျက် တင်သည့်နေရာတွင် အင်မတန်မှတွက်ချက်ပြီး တင်သမျှမရဘဲ အဖြတ်ခံရသည့် အပိုင်းများရှိပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်တော်ကြီး‌ပြောသည့်အတိုင်း အကယ်၍ သင့်တော်သည့် မြေနေရာများရှိမည်ဆိုလျှင် သက်ဆိုင်ရာဒေသအာဏာပိုင် ဂေါပကအဖွဲ့တို့နှင့်ညှိနှိုင်းပြီး ဆောင်ရွက်ရမည်ဟု မိမိညွှန်ကြား သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။