(ည)-ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင်မြေတိုင်းဌာနခွဲသီးသန့်ဖွဲ့စည်းပေးရန်နှင့်မြေလွတ်/မြေလပ်နှင့်မြေရိုင်းများဥပဒေ/နည်းဥပဒေများမှမဟုတ်ဘဲဖြေလျှော့၍ရသောပုံစံ(၇)ထုတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၃. ၆. ၂၀၁၉)

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေတိုင်းဌာနခွဲ သီးသန့်ဖွဲ့စည်းပေးရန်နှင့် မြေလွတ်/မြေလပ်နှင့် မြေရိုင်းများပေါ်တွင် နှစ်ကာလ ကြာရှည်စွာ တောင်သူများ စိုက်ပျိုးလုပ်ကိုင်ပြီး လုပ်ကွက်တည်ငြိမ်လျက်ရှိသော နေရာများအား မြေလွတ်/မြေလပ်နှင့် မြေရိုင်းများ ဥပဒေ၊ နည်းဥပဒေများမှ မဟုတ်ဘဲ ဖြေလျှော့၍ရသော နည်းလမ်းတစ်ခုခုဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည်‌့ မေးခွန်း

 

ရှမ်းပြည်နယ် (မြောက်ပိုင်) အတွင်းရှိ မြို့နယ်များတွင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှဝန်ထမ်းများသည် လက်ရှိအသုံးပြုလျက်ရှိနေသော ကွင်းမြေပုံအဟောင်းများ Digital စနစ်ဖြင့် ပြန်လည်ပြင်ဆင် တိုင်းတာနေသည်ကိုလည်း သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကွင်းဖွဲ့တိုင်းတာခြင်းမရှိသည့် ဧရိယာများအများအပြား ကျန်ရှိနေသည်ကိုလည်း စုံစမ်းသိရှိရပါကြောင်း၊ မြေအသုံးချမှုနှင့် စီမံခန့်ခွဲရေးနှင့် နိုင်ငံတော်ဘဏ္ဍာခွန်ငွေ ကောက်ခံရာတွင် လွယ်ကူစေရန်အတွက် ကွင်းမြေပုံအသစ်များ ကွင်းဖွဲ့တိုင်းတာရန် လိုအပ်လျက်ရှိနေပါကြောင်း၊

မြေပုံအဟောင်းများ ပြန်လည်ပြင်ဆင်တိုင်းတာခြင်းနှင့် ကွင်းမြေပုံအသစ်များ ပြန်လည် တိုင်းတာရာတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာတွင် လက်ရှိဝန်ထမ်းများ ဖွဲ့စည်းပုံအင်အားဖြင့် ဆောင်ရွက်သွားရန် အခက်အခဲရှိနေသည်ကိုလည်း သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ (က) လက်ရှိဆောင်ရွက်နေသည့် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြေတိုင်းဌာနခွဲသီးသန့် ဖွဲ့စည်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် (ခ) ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြေလွတ်/မြေလပ်နှင့် မြေရိုင်းများပေါ်တွင် တောင်သူများမှ စိုက်ပျိုးလုပ်ကိုင်လာသည်မှာ နှစ်ကာလကြာရှည်ပြီး လုပ်ကွက်တည်ငြိမ်လျက်ရှိသော နေရာများအား မြေလွတ်/မြေလပ်နှင့်မြေရိုင်းများ ဥပဒေ၊ နည်းဥပဒေများမှ မဟုတ်ဘဲ ဖြေလျှော့၍ရသော နည်းလမ်းတစ်ခုခုဖြင့် လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ (၇) အား ထုတ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

 


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးတွင် ကွင်းဖွဲ့တိုင်းတာ ပြီးသည့် ကွင်းပေါင်း ၈၃၅၀၄ ကွင်း ရှိပါကြောင်း၊ ဧရိယာအားဖြင့် ဧကသန်း ၅၀ ကျော် ဖြစ်ပါကြောင်း၊ လက်ရှိဧရိယာဧက ၂၇ သန်း ၅ သိန်းခန့် ကို ကွင်းဖွဲ့တိုင်းတာ ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊

၁၉၉၇ ခုနှစ်မတိုင်မီ ကွင်းဖွဲ့တိုင်းတာခြင်းနှင့် မြေပုံထုတ်ခြင်းလုပ်ငန်းကို မြေတိုင်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၉၇ ခုနှစ်တွင်သာ ထိုစဉ်က ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ယခု လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှတာဝန်ယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး ရှိရင်းစွဲဖွဲ့စည်းပုံပါ ဝန်ထမ်းအင်အားဖြင့်သာ ဆောင်ရွက်ခဲ့မှုဖြစ်ပါကြောင်း၊ ၂၀၁၁-၁၂ ခုနှစ်မှစပြီး ဌာနတွင် ခေတ်မီမြေတိုင်း ကိရိယာများနှင့် မြေတိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး Digital စနစ်ဖြင့် မြေပုံရေးဆွဲထုတ်လုပ်ခြင်းကို ဆောင်ရွက်လျက်ရှိနေပြီး ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် မူလကဌာန၏ပင်မ လုပ်ငန်းများဖြစ်သော မြေကြီး/မြေပုံနှင့်မြေစာရင်း မှန်ကန်ရေး သီးနှံစိုက်ပျိုးထုတ်လုပ်မှု စာရင်းများပြုစုခြင်း လုပ်ငန်းများ၊ မြေအသုံးချမှုစာရင်းများ ပြုစုထုတ်ပြန်ခြင်း လုပ်ငန်းများအပြင် ၂၀၁၂ ခုနှစ်တွင် ပေါ်ထွက်လာသော လယ်ယာမြေဥပဒေ၊ နည်းဥပဒေများသာ မြေလွတ်/မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများပါ မြေယာဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း တာဝန်များကိုပါ လက်ရှိဝန်ထမ်းအင်အားဖြင့် ဆောင်ရွက်လျက်ရှိသည့် အနေအထားဖြစ်ပါကြောင်း၊

အဆိုပါအခြေအနေတွင် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့နှင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတို့တွင် ပါဝင်ဆောင်ရွက်နေရမှုများ ရှိလာသည့်အတွက် ဌာန၏ ဖွဲ့စည်းပုံအင်အားအပေါ် ပြန်လည်သုံးသပ်ပြီး တိုးချဲ့ဖွဲ့စည်းသွားရန် စီမံဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ထပ်မံတိုးချဲ့ဖွဲ့စည်းမည့် ဖွဲ့စည်းပုံခွင့်ပြုအင်အားအရ တစ်နိုင်ငံလုံးမြေတိုင်းတာ ရေးအတွက် ဌာနတွင်ရှိသည့် မြေတိုင်းပုံနှိပ်ဌာနခွဲကို အင်အားတိုးမြှင့်ဖွဲ့စည်းထားမှုဖြင့်သာ အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မည် ဖြစ်သည့်အတွက်ကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မြေတိုင်းဌာနခွဲသီးသန့် ဖွဲ့စည်းရန် အစီအစဉ်မရှိပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းဒုတိယပိုင်းဖြစ်သည့် မေလွတ်/မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်းပြီး လျှောက်ထားလာသည့်အခါ ပြဋ္ဌာန်းထားသော ဥပဒေအရ ရာသီသီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ နှစ်ရှည်ပင်ဥယျဉ်ခြံသီးနှံ စိုက်ပျိုးမှုအတွက် အဆိုပါ လုပ်ကိုင်ခွင့် လျောက်ထားလာမည်ဆိုလျှင် ဧက  ၃၀၀ နှင့် အထက်မပိုသည့် မြေလွတ်/မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်အသုံးပြုရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် ‌မြေလွတ်/မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီကို လျှောက်ထားနိုင်ပါကြောင်း၊

ဧက ၃၀၀ နှင်‌့အထက်ကို မြေလွတ်/မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီကို လျှောက်ထားရမည် ဖြစ်ပါကြောင်း၊ ဧက ၃၀၀ ထက်မပိုသည့် မြေလွတ်/မြေလပ်နှင့် မြေရိုင်းများအတွက် တိုင်းဒေသကြီး/ပြည်နယ် ‌မြေလွတ်/မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု ကော်မတီမှလည်းကောင်း ဧက ၃၀၀ နှင့်အထက်ကို ဗဟိုကော်မတီမှလည်းကောင်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ပြီးခွင့်ပြုမိန့်များ ထုတ်ပြန်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မြေလွတ်/ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူသည် ဥပဒေကသတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ရမည်ဖြစ်ပါကြောင်း၊ ဖော်ထုတ်စိုက်ပျိုးသည့် သီးနှံအမျိုးအစား အလိုက် ဖော်ထုတ်စိုက်ပျိုး လုပ်ကိုင်ပြီးစီးမှု တည်ငြိမ်သည့် အခြေအနေရှိလာမှုကို ဓာတ်ပုံမှတ်တမ်း များနှင့်အတူ ခိုင်လုံသည့်အထောက်အထားများ ပူးတွဲပြီး ‌မြေလွတ်/မြေလပ်နှင့် မြေရိုင်းမြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် လယ်ယာမြေနည်းဥပဒေပါ ပုံစံ (၁၀) နှင့် လျောက်ထားရမည် ဖြစ်ပါကြောင်း၊

ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးအတွက်ကို ဧက ၅၀ နှင့် အောက်ကို တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ဧက ၅၀ နှင့်အထက်ကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို လျှောက်ထားရမည့် အခြေအနေဖြစ်ပါကြောင်း၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေဟု ပြောင်းလဲ သတ်မှတ်နိုင်ရေးအတွက် ခွင့်ပြုမှုကို သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနမှ လျောက်ထားသူကို အသိပေးပြီး မှတ်ပုံတင်ကြေး ပေးသွင်းမှုနှင့်အတူ ပုံစံ (၇) ထုတ်ပေးခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းပါ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ လက်ရှိဆောင်ရွက်လျက်ရှိသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနတွင် မြေတိုင်းဌာနခွဲသီးသန့် ဖွဲ့စည်းပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် မြေတိုင်း လုပ်ငန်းများအတွက် မြေစာရင်း၊ မြေတိုင်းနှင့် ပုံနှိပ်ဌာနခွဲရုံးချုပ်၏ စီမံခန့်ခွဲမှုနှင့် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ‌မြေလွတ်/မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်ပြီး တည်ဆဲမြေလွတ်/မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေနှင့်အညီသာ ဆောင်ရွက်ပေးနိုင်သည့် ကိစ္စဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။