လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်း၊ ကွမ်းခြံကုန်းနှင့် ပန်းတောကြီးအုပ်စုတို့အတွင်းရှိ လယ်ယာ မြေများကို နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် ခတ္တူချောင်းမကြီး၌ ရေသိုလှောင်ဖြန့်ဖြူးနိုင်မည့် မြောင်း ပေါင်တမံနှင့် ရေတံခါးကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
လေးမျက်နှာမြို့နယ်အတွင်းရှိ ပန်းတောကြီးအုပ်စု၊ ကွမ်းခြံကုန်းအုပ်စု၊ ကြီးပေါက်ကုန်းအုပ်စုနှင့် ခတ္တူအုပ်စုများကို ခတ္တူတောင်ကျချောင်းသည် ဖြတ်သန်းစီးဆင်းပြီးမှ အလျားခြောက်မိုင်ကျော် ရှည်လျားကာ ဂဝန်မြစ်အတွင်းကို စီးဝင်ပါကြောင်း၊ ခတ္တူချောင်းဘေးတွင်ရှိသည့် ကြီးပေါက်ကုန်း အုပ်စု၏ကျေးရွာခွဲ တစ်ရွာဖြစ်သည့် ဆင်သေဟုခေါ်သည့် ရွာနားတွင် ဒေသခံတောင်သူများသည် ၎င်းတို့၏ လယ်ယာမြေများကို နွေစပါးစိုက်ပျိုး ရရှိနိုင်ရေးအတွက် မိုးကုန်ခါနီး ချောင်းရေနည်းသည့် အချိန်ချောင်းတွင်း ရေတားတမံပြုလုပ်ပြီးမှ ဆောင်ရွက်ရပါကြောင်း၊ အဆိုပါနေရာတွင် တစ်ခုတင်ပြ ချင်သည်က မိမိတို့အနီးအနားတွင်ရှိသည့် လယ်ယာမြေများသည် မိုးတွင်းကာလဆိုလျှင် မြစ်ရေကြီးပြီး ရေကျသွားသည့်အချိန်တွင် တခြားဒေသက လယ်မြေများကဲ့သို့ ဆောင်းသီးနှံဖြစ်သည့် ပဲ/ပြောင်းစိုက်ပျိုး၍ မအောင်မြင်ပါကြောင်း၊ ၎င်းအတွက် စိုက်ပျိုး၍ရသည့် နွေစပါးကို မိမိတို့ တတ်နိုင်သည့် အားလေးဖြင့် ရေကိုဆည်ယူပြီးမှ စိုက်ပျိုးနေကြရခြင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်လက မိမိအပါအဝင် စိုက်ပျိုးရေး၊ ဆည်မြောင်း၊ မြေစာရင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကွင်းဆင်းလေ့လာ ထားရှိပါကြောင်း၊ လယ်သမားများသည် ရေနည်းသွားသည့် အချိန်တွင် ချောင်းထဲကိုဆင်းပြီးမှ မျောတိုင်များစိုက်ခြင်း၊ ထရံများကာခြင်းနှင့် မြေကြီးများဖို့ခြင်းမှ ဒီရေကို တားဆီးပြီး နွေစပါးအတွက် အသုံးပြုနေရခြင်းဖြစ်ပါကြောင်း၊ တချို့နှစ်များတွင် ဒီရေကို မနိုင်သည့်အတွက် သုံးလေးကြိမ်ကျိုးပေါက်ပြီး ပြန်လုပ်ရခြင်းများရှိပါကြောင်း၊ ယခုနှစ်တွင်လည်း နှစ်ကြိမ်လုပ်ထားသည့် အနေအထားတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားအရ အဆိုပါ ဒေသပတ်ဝန်းကျင်တွင် နွေစပါးစိုက်ခင်းဧက ၅၀၀ ခန့်ရှိပါကြောင်း၊ ၎င်းချောင်းထဲတွိင် စနစ်ကျသော၊ ခိုင်မာသော၊ ရေမြောင်းတမံဖြင့် ရေတံခါးတစ်ခုကို နိုင်ငံတော်ဘက်က ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ကျန်ရှိသည့်စိုက်ပျိုး၍ ရသောမြေဧကပေါင်း ၃၀၀၀ ကျော်ခန့် အဆိုပါ နေရာတွင်ရှိနေခြင်း ဖြစ်သည့်အတွက် ထိုမြေများကို အကျိုးရှိစွာအသုံးချ နိုင်ရေးအတွက် အထက်ပါမေးခွန်းအား မေးမြန်းရခြင်းဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်း၊ ကွမ်းခြံကုန်းနှင့် ပန်းတောကွင်း ကျေးရွာအုပ်စုအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ခတ္တူချောင်းသည်အလျား ခြောက်မိုင်ခွဲ ရှည်လျားပြီး ဂဝန်မြစ်အတွင်းစီးဝင်လျက် ရှိသည့်ချောင်းဖြစ်ပါကြောင်း၊ အဆိုပါချောင်း သဲနုန်းပို့ချ တိမ်ကောလျက်ရှိသည့် အတွက်ကြောင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ချောင်းအဖျားပိုင်း သုံးမိုင်ခွဲခန့်ကို သဲနုန်းတူးဖော်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ကွင်းဆင်းစစ်ဆေး ချက်အရ ဒေသတွင် တောင်သူများအနေဖြင့်လည်း မိုးနှောင်းကာလတွင် ခတ္တူချောင်းအတွင်း ယာယီ ချောင်းပိတ်တမံပိတ်ပြီး ရေသိုလှောင်ကြရပါကြောင်း၊ သိုလှောင်ထားသည့်ရေနှင့် စိုက်ပျိုးထားသည့် စပါးဧက ၅၀၀ ခန့် အောင်ရေကို ရယူနေရသည့်အတွက်ကြောင့် အခိုင်အမာရေထိန်းတံခါးတစ်ခု တည်ဆောက်ပေးရန် တင်ပြခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါအခြေအနေအရ ခတ္တူချောင်းပေါ်တွင် ရေတံခါးတစ်ခု တည်ဆောက်ခြင်းနှင့်အတူ ဆက်လက်တူးဖော်ရန် ကျန်ှရှိသည့် ချောင်းပိုင်းသုံးမိုင်ခန့်ကို တူးဖော်ပေးရန် လိုအပ်မည့် အခြေအနေဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ရေတံခါးတည်ဆောက်ရန် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ၊ စူးစမ်းလေ့လာတိုင်းတာသည့် လုပ်ငန်းများကို ဦးစွာဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းများအတွက် ရန်ပုံငွေ ကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး စူးစမ်းလေ့လာမှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စူးစမ်းလေ့လာမှု လုပ်ငန်းများ၏ ရလဒ်အရ ဆောင်ရွက်ရရေး အတွက် ဖြစ်မြောက်နိုင်စွမ်းရှိမှုအပေါ် မူတည်ပြီး လိုအပ်မည့် ရန်ပုံငွေကို ၂၀၂၀-၂၁ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ရှင်းလင်းဖြေကြားပါသည်။
