နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူဦးရေတိုးတက်များပြားလာမှု အပေါ်မူတည်၍ ကျေးရွာများမှသည် မြို့ပြများဆီသို့ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိပါကြောင်း၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာသည် ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်လာပြီး လူဦးရေတဖြည်းဖြည်း တိုးတက် များပြားလာသော ကျေးရွာကြီး တစ်ရွာလည်း ဖြစ်ပါကြောင်း၊ ဖောင်တော်သီကျေးရွာသည် ဒိုက်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၅၃ အုပ်စုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင် ၈၁ တွင်တည်ရှိသော ကျေးရွာဖြစ်ပါကြောင်း၊ အိမ်ခြေအားဖြင့် ၂၀၀၀ ကျော် ရှိပြီး အိမ်ထောင်စုပေါင်း ၂၁၀၀ ကျော်ရှိပါကြောင်း၊ လူဦးရေအားဖြင့် တစ်သောင်းခန့် နေထိုင်ပါကြောင်း၊ ဖောင်တော်သီကျေးရွာ၏ တောင်ဘက် ၃၁ မိုင်ခန့်တွင် ပဲခူးမြို့တည်ရှိပြီး မြောက်ဘက် ၆ မိုင်ခန့် အကွာတွင် ဒိုက်ဦးမြို့တည်ရှိပါကြောင်း၊ လူနေအိမ်ခြေထူထပ် ပေါများသော ကျေးရွာလည်း ဖြစ်ပါကြောင်း၊
နိုင်ငံတော်ကြီး လျင်မြန်စွာဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ ဖောင်တော်သီ ကျေးရွာမှာလည်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးမှအစ တိုးတက်များပြားလာမှုများ ရှိလာပါကြောင်း၊ ခေတ်ပညာတတ် လူ့စွမ်းအားအရင်းအမြစ် အမြောက်အမြားထွက်ရှိသော ကျေးရွာကြီးလည်း ဖြစ်ပါကြောင်း၊ လူမှုရေးကဏ္ဍအနေဖြင့် အနီးပတ်ဝန်းကျင် ကျေးရွာဖြစ်ကြသော ပေါက်တပင် ကျေးရွာ၊ ဆင်ကူးကျေးရွာ၊ မျောက်ချောကုန်းကျေးရွာ၊ ကန်ကလေးကျေးရွာ၊ ရှမ်းစုကျေးရွာ၊ အကြောင်ခင်တန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ အမရကျေးရွာ၊ ပုကိုင်ကျေးရွာများတွင် ပြည်သူများကူးလူး ဆက်ဆံသွားလာ၍ ရောင်းဝယ်ဖောက်ကားသော ကျေးရွာကြီးလည်း ဖြစ်ပါကြောင်း၊ စီးပွားရေးကဏ္ဍအနေဖြင့် ဆန်စက်ကြီးများ တည်ရှိခြင်း၊ အဓိကအားဖြင့် မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ရှိသော တောင်သူလယ်သမားများ အဓိကစိုက်ပျိုးရာ ကွင်းကျယ်ကြီးမှာ စပါးစိုက်တောင်သူများ ရှိခြင်းကြောင့် ဒိုက်ဦးမြို့နယ်၏ စပါးအိုးကြီးဟုလည်း ပြော၍ရပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရာ ပညာရေးကဏ္ဍအနေဖြင့် ဖောင်တော်သီ ကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း အ.ထ.က ဖောင်တော်သီ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ နှစ်ကျောင်း အ.လ.က (ခွဲ) ခနာစု၊ အ.လ.က (ခွဲ) ခြောက်အိမ်စု၊ အခြေခံပညာမူလတန်းလွန် ကျောင်းနှစ်ကျောင်း မူလွန်တရုတ်တန်း၊ မူလွန်ရွာမကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း ၅ ကျောင်း ရှိခဲ့ပါကြောင်း၊ ကျန်းမာရေး အထောက်အကူပြုအနေဖြင့် ၁၆ ခုတင်ဆံ့ စံကိုက်တိုက်နယ် ဆေးရုံရှိခြင်း၊ ကျေးလက်ကျန်းမာရေး ဌာန (RHC) ရှိခြင်း၊ လုံခြုံရေးပိုင်းဆိုင်ရာ အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းရှိခြင်း၊ ဓာတ်အား ဖြန့်ဖြူးရေးအတွက် လျှပ်စစ်ရုံးတည်ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ဖောင်တော်သီ ဘူတာလည်း ရှိသည့်အတွက် ရထားနှင့်ကားလမ်းဆုံစည်းရာ ကျေးရွာကြီးလည်း ဖြစ်ပါကြောင်း၊
ဖောင်တော်သီ ကျေးရွာကြီး၏အဝင်မှာ သမိုင်းတွင်အထင်ကရရှိခဲ့ဖူးသော အောင်ဆန်းသူရိယ လှသောင်း အမှတ်တရ ကျောက်တိုင်ကြီးနှင့် လွမ်းမောဖွယ်ရာလွမ်းစေတီ တစ်ဆူက ကျေးရွာ အဝင်တွင် ကြိုဆိုနေဆဲဖြစ်ပါကြောင်း၊ ဤကဲ့သို့ ကျေးရွာကြီးကို မြို့အဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ဆိုပါက ဒေသခံများအနေဖြင့် လက်ရှိလူနေမှု အဆင့်အတန်းထက် ပိုမိုမြင့်မား လာစေမည်ဖြစ်ပါကြောင်း၊ ဒိုက်ဦးမြို့နယ်မှာ မြို့နယ်တစ်ခုဖြစ်သော်လည်း ယခုထိ မြို့နယ်၏ မြို့ခွဲမြို့တစ်မြို့မှ မရှိသေးပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် လိုအပ်လျက်ရှိနေသော မြို့အင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်ပြီးဖြစ်နေသော ဖောင်တော်သီကျေးရွာ အုပ်စုကြီးကို ဖောင်တော်သီ မြို့အဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
၂၄-၁၁-၂၀၁၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဒေသဖွံ့ဖြိုးရေး လာရောက်သည့် ခရီးစဉ်တွင် ဖောင်တော်သီကျေးရွာအုပ်စုကို ဖောင်တော်သီမြို့အဖြစ် ဖွဲ့စည်း သတ်မှတ်နိုင်ရေး အမှုတွဲတင်ပြရန် လမ်းညွှန်တွင်ကြားချက်အရ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာ အုပ်စုကို ဖောင်တော်သီမြို့အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းရန် မြို့အင်္ဂါရပ်များနှင့် နှိုင်းယှဉ်စိစစ်ရာတွင် အိမ်ခြေ ၁၉၆၉ အိမ်၊ အိမ်ထောင်စု ၂၀၀၇ စု၊ လူဦးရေ ကျား ၄၅၀၁ ဦး၊ မ ၅၀၀၉ ဦး စုစုပေါင်း ၉၅၁၀ ဦးရှိပြီး ၁၆ ခုတင်ဆံ့ဆေးရုံတစ်ရုံ၊ စည်ပင်သာယာရေးဈေးတစ်ခု၊ ဘောလုံးကွင်းတစ်ကွင်း၊ စာကြည့်တိုက် တစ်ခု၊ ဆက်သွယ်ရေး အိတ်ချိန်းရုံးနှင့် စာတိုက်ရုံးတစ်ရုံး၊ မူလတန်းလွန်ကျောင်း နှစ်ကျောင်း၊ အလယ်တန်းကျောင်းခွဲ နှစ်ကျောင်းနှင့် အထက်တန်းကျောင်း တစ်ကျောင်းရှိပါကြောင်း၊ ဘာသာရေးအဆောက်အဦများ အနေဖြင့်လည်း ဘုန်းတော်ကြီးကျောင်း ခုနစ်ကျောင်း၊ သီလရှင်ကျောင်းတစ်ကျောင်း၊ စေတီ ခုနစ်ဆူ၊ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းနှင့်ဗလီသုံးခု ရှိကြောင်းလည်း သိရှိရပါကြောင်း၊
မူလဖောင်တော်သီကျေးရွာ အုပ်စုတွင် လယ် ၃၂၈၁ ဧက၊ စားကျက်မြေ ၄၅၃ ဧက၊ မီးရထားလမ်းမြေ ၂၉ ဧက၊ လမ်းမြေ ၁၃၀ ဧက၊ မြစ်ချောင်းရေအောက်မြေ ၂၇၇ ဧက၊ မြို့မြေ ၁၅၄ ဧက၊ ရွာမြေ ၁၂၇ ဧကနှင့် သာသာနာ၊ သုသာန်၊ အဆောက်အဦမြေ ၉၅ ဧကရှိရာ မြို့အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပါက အခြားမြေအမျိုးအစားများ ပြောင်းလဲမှုမရှိဘဲ မြို့မြေအဖြစ် ၂၈၁ ဧက ရှိလာမည်ဖြစ်ကြောင်း၊ ဖောင်တော်သီမြို့ ဖွဲ့စည်းရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် အဖွဲ့နှင့် ၁၄-၁-၂၀၁၉ ရက်နေ့တွင် ဖွဲ့စည်းထားရှိပြီး ဒေသခံများ၏ သဘောထားရယူခြင်း၊ မြို့သတ်မှတ်နိုင်ရေး မြို့အင်္ဂါရပ်များ ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရပ်ကွက် ၅ ရပ်ကွက်ဖြင့် ဖွဲ့စည်းနိုင်ရေး၊ နယ်နိမိတ်ပိုင်းခြား သတ်မှတ်ခြင်းနှင့် အခြေခံအသေးစိတ်စာရင်းများ ကောက်ယူ ပြုစုလျက်ရှိပြီး အမှုတွဲပြည့်စုံစွာ တည်ဆောက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ နှင့်အညီ ဝန်ကြီးချုပ်မှနိုင်ငံတော်သမ္မတထံ တင်ပြရန်အတွက် စီမံဆောင်ရွက် ထားရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
