ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သစ်အယ်ပင်ကျေးရွာ အုပ်စုတွင် ၂၀၀၄-၀၅ ခုနှစ်က ကြက်ဆူစီမံကိန်းအတွက် မြေခြောက်ကွက်ကို သိမ်းဆည်း ခဲ့ပါကြောင်း၊ ၁၂-၁၀-၂၀၁၈ ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွ ခရိုင်မြေစာရင်းအဖွဲ့များ ရောက်ရှိပြီး ပင်းတယမြို့ အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေး ပြုလုပ်ကြပါကြောင်း၊ ထိုအစည်းအဝေးတွင် သိမ်းဆည်းမြေခြောက်ကွက်အနက် မြေကွက်သုံးကွက်ကို ယခင်စိုက်ပျိုး လုပ်ကိုင်သည့် မြေကွက်အတိုင်း အသိအမှတ်ပြုပြီး မူလခြံပိုင်ရှင်ကို ပြန်လည်ပေးအပ်ရန်နှင့် ကျန်မြေကွက်သုံးကွက်ကို ကျန်မူလခြံရှင်အား မြေအစားထိုးပေးရန် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ၎င်းနေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူးက လုပ်စားပိုင်ခွင့်မြေပုံစံ (၇) ရရှိရေးအတွက် ပြည်နယ်သို့ လျှောက်ထားရမည်ဟု နှုတ်အားဖြင့်ပြောဆိုခဲ့ပါကြောင်း၊
မူလခြံပိုင်ရှင်များကို မြေသတ်မှတ်ပေးပြီးနောက်ပိုင်း တစ်လကျော်ခန့်အကြာတွင် ပင်းတယမြို့နယ် မြေစာရင်းဦးစီးမှူးထံသို့ မိမိကိုယ်တိုင် အသိမ်းခံမြေပိုင်ရှင်များ၏ လယ်ယာမြေပိုင်ဆိုင်ရန်အတွက် ပုံစံ (၇) ကို ပြည်နယ်သို့ မည်ကဲ့သို့တင်လျှောက် ရမည်ကိုသိလို၍ မေးမြန်းရာ ပင်းတယမြို့နယ် မြေစာရင်းဦးစီးမှူးက ခရိုင်ခွင့်ပြုချက်မလာသေးဟု ပြောကြားခဲ့ပါကြောင်း၊ ခြံရှင်အချို့သည် ခြံများကို မိုးမလာမီထယ်ရေးများ ပြုလုပ်လိုသည်ကတစ်ကြောင်း၊ ခြံများကိုလုပ်စားခွင့် ပုံစံ (၇) လိုချင်ကြ ပါကြောင်း၊ ဝန်ထမ်းများသည် ပြန်ပေးသည့်မြေ လုပ်စားပိုင်ခွင့်ရရှိအောင် ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း၊ အဆိုပါမြေခြောက်ကွက်အား မြေပိုင်ဆိုင်မှုပုံစံ (၇) ရရှိအောင် ဆောင်ရွက်ရာတွင် ယနေ့ငါးလခန့်ကြာသည်အထိ သက်ဆိုင်ရာဌာနများမှ အကြောင်းကြားပေးခြင်း မရှိသေးပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် နှောင့်နှေးကြန့်ကြာမှုဖြစ်နေသော အဆိုပါမြေခြောက်ကွက်ကိစ္စအား လုပ်ငန်းအဆင်ပြေစေရန်နှင့် အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မေးခွန်းပါ မြေနေရာသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့နယ်၊ သစ်အယ်ပင်ကျေးရွာ၊ ကွင်းအမှတ် (၉)၊ အော်ယောအရှေ့ကွင်းအတွင်း ဧရိယာ ၇.၅ ဧကခန့် ရှိသည့်မြေနေရာ ဖြစ်ပါကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ (၁-ခ) စာရင်းမှတ်တမ်းအရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းအမျိုးအစားဖြစ်ကြောင်း စိစစ်သိရှိရပါကြောင်း၊ အဆိုပါ မြေနေရာများကို တောင်သူခြောက်ဦးက ယခင်လုပ်ကိုင်ခဲ့ဖူးကြောင်း လွှတ်တော်ကိုယ်စား လှယ်ကြီး၏ ယခင်တင်ပြချက်အရ ၁၈-၁၀-၂၀၁၈ ရက်နေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်/ကျေးရွာအုပ်စု လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီနှင့် ခရိုင်/မြို့နယ်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှာ ကျေးရွာအုပ်စုရပ်မိရပ်ဖများ၊ အိမ်ထောင်စုကိုယ်စားလှယ် များနှင့် တင်ပြသည့်တောင်သူ ခြောက်ဦးတို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ မှတ်တမ်းတွင် တိုက်ဆိုင်စစ်ဆေးပြီး မြေပြင်သွားရောက် ကွင်းဆင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း စိစစ်သိရှိရပါကြောင်း၊
ဆက်လက်၍ လက်ရှိမြေပြင်တွင် လွတ်ကင်းနေသည့် မြေလွတ်/မြေရိုင်းများကို တောင်သူများမှ တင်ပြထားသည့် အနီးစပ်ဆုံးအကျယ်အဝန်းကို စိုက်ပျိုးလုပ်ကိုင် အသုံးပြုခွင့်ရရှိရန်အတွက် ဦးထွန်းရွှေကို ၁.၅၀ ဧက၊ ဦးကျော်စီမှ ၁ ဧကခန့်၊ ဦးစံရွှေမှ ၁ ဧကခန့်၊ ဦးမြင့်ရွှေမှ ဝ.၅၀ ဧက၊ ဦးဆန်းမင်းမှ ၂.၀ ဧကခန့်နှင့် ဦးမောင်ကိုမှ ၁ ဧကခန့် စုစုပေါင်းမြေလွတ်/မြေလပ် ဧရိယာခန့်မှန်း ၇.၅ ဧကကို တိုင်းတာဆောင်ရွက်ပြီး ရှမ်းပြည်နယ် မြေလွတ်/မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီကိုလျှောက်ထားရန် အားလုံးတွေ့ဆုံညှိနှိုင်း သဘောတူညီချက် ရရှိပြီးကြောင်း စိစစ်သိရှိ ရပါကြောင်း၊ ညှိနှိုင်းသဘောတူညီချက်အရ မြေလွတ်/မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားနိုင်ရန်အတွက် ဦးမြင့်ရွှေပါ တောင်သူခြောက်ဦးတို့ကို လျှောက်ထားရမည့် လျှောက်လွှာ (ပုံစံ-၁) နှင့် မြေပုံများကို ပြည့်စုံစွာထုတ်ပေးထားရှိပြီးလည်း ဖြစ်ပါကြောင်း၊ ဦးမြင့်ရွှေပါ တောင်သူ ခြောက်ဦးတို့မှလည်း ရှမ်းပြည်နယ် မြေလွတ်/မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီကို လျှောက်ထားလာမှုအပေါ် ပြည်နယ်မှလည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊
အဆိုပါမြေနေရာများကို ဦးမြင့်ရွှေပါ တောင်သူခြောက်ဦးအနေဖြင့် မြေလွတ်/မြေလပ်နှင့်မြေရိုင်း လုပ်ကိုင်ခွင့် ခွင့်ပြုမိန့်ရရှိပြီးနောက် စိုက်ပျိုးသည့် သီးနှံများစိုက်ပျိုးမှု တည်ငြိမ်လာသောအခါ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) ရရန်အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေနည်းဥပဒေ အပိုဒ် ၃၅ အရ ဆက်လက်လျှောက်ထား ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
