ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်း တပ်ဆင်သွယ်တန်းထားကြသော ဆက်သွယ်ရေးကြိုးလိုင်းများ၊ အင်တာနက်ကွန်ရက်ဖိုက်ဘာလိုင်းများသည် တရားဥပဒေနှင့်ညီညွတ်မှုရှိ/မရှိ၊ အဆိုပါကြိုးလိုင်း များအား ဖြုတ်သိမ်းရွှေ့ပြောင်းရန် လိုအပ်လာသည့်အခါ မည်သည့်အဖွဲ့အစည်းတွင် တာဝန်ရှိသည်ကို သိရှိလိုခြင်းနှင့် နိုင်ငံပိုင်ဓာတ်အားတိုင်များတွင် သွယ်တန်းထားမှုကြောင့် လျှပ်စစ်နှင့်အခြားအန္တရာယ် ကင်းရှင်းရန် မည်ကဲ့သို့အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ပတ်ဝန်းကျင်တွင် နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းသည့် ဓာတ်တိုင်များတွင် လည်းကောင်း၊ သီးခြားလိုင်းများတွင် လည်းကောင်း အင်မတန်မှ ရုပ်ဆိုးအကျည်းတန်သော တယ်လီဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ သွယ်တန်းထားခြင်းများကို ရှင်းလင်းဆောင်ရွက်နိုင်ရေး မြို့နယ်/ခရိုင်/တိုင်းဒေသကြီး အဆင့်ဆင့်တာဝန်ရှိ ပုဂ္ဂိုလ်များကို စုံစမ်းမေးမြန်းသည့်အခါ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ လုပ်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့လည်း အသေးစိတ် မသိကြောင်း၊ ညွှန်ကြားချက်အရသာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အကြောင်းပြန်ကြား လာပါသည်။ ထို့အတွက်ကြောင့် အဆိုပါကိစ္စများကို ဖြေရှင်းရန် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ စာချုပ်များ၊ လုပ်ထုံးလုပ်နည်းများကို လေ့လာကြည့်သည့်အခါ ဝမ်းနည်းစရာကောင်းသည်က ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် လျှပ်စစ်ဥပဒေသည် ယကနေ့အထိ နည်းဥပဒေ မရှိသေးခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တာဝန်ရှိပုဂ္ဂိုလ်များ နည်းဥပဒေများ ရေးဆွဲရေးအတွက်ကို တိုက်တွန်းလိုပါကြောင်း၊
၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ဆက်သွယ်ရေးဦးစီးဌာနက စံချိန်စံညွှန်း သတ်မှတ်ချက်များကို ညွှန်ကြားချက် တစ်ရပ်အနေဖြင့် ထုတ်ပြန်ခဲ့သည့်ကို တွေ့ရှိရပါကြောင်း၊ အလားတူ ယခုကဲ့သို့ ကိစ္စမျိုးအတွက် သက်ဆိုင်ရာလျှပ်စစ်အဖွဲ့ အစည်းများက ကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆို ဆောင်ရွက်ခဲ့ခြင်းကိုလည်း တွေ့ရှိရပါသည်။ ကုမ္ပဏီတစ်ခု၏ သဘောတူစာချုပ်တွင်ဆိုလျှင် ဖန်ပြင်ကြေးနန်းကြိုး တပ်ဆင်ချိတ်ဆွဲခွင့်ဆိုသည့် အပိုဒ် ၅ (၂) တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး တိုင်တစ်တိုင်ပေါ်တွင် ဖန်ပြင်ကြေးနန်းကြိုး သုံးချောင်းအထိသာ အများဆုံးတပ်ဆင် သုံးစွဲခွင့်ပြုမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတိုင် တစ်တိုင်ပေါ်တွင် ခွင့်ပြုပေးထားသူ တစ်ဦး၏ Telecom Note တပ်ဆင်ချိတ်ဆွဲ ထားပြီးဖြစ်ပါက မည်သူမျှထပ်မံတပ်ဆင် ချိတ်ဆွဲခြင်း မပြုဟုလည်း ဆိုထားပါကြောင်း၊ အပိုဒ် ၅ (၃) တွင် အကယ်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတိုင်ပေါ်တွင် ဖန်ပြင်ကြေးနန်းကြိုး သုံးချောင်းအထိသာ တပ်ဆင်ချိတ်ဆွဲ ထားရမည်ဖြစ်ပြီး အခြားမည်သူမျှ ထပ်မံချိတ်ဆွဲခြင်းမပြုရဟု ဆိုထားပြန်ပါကြောင်း၊ ညွှန်ကြားချက်အပိုဒ် ၂ အပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ် ၂ တွင်လည်း ယခုလို တင်ပြထားပါကြောင်း၊
သို့သော်လည်း အပိုဒ် ၇ (၄) တွင် ဓာတ်တိုင်များပြင်ရန် လျှပ်စစ်လုပ်ငန်းအရ ပြင်မည်၊ လဲမည်ဆိုလျှင် ခုနကသွယ်တန်းထားသော ကြိုးများကို မိမိစရိတ်ဖြင့် အချိန်မီဖြုတ်သိမ်းပေးရန်လည်း သဘောတူ ထားကြပါကြောင်း၊ နောက်တစ်ခါ အပိုဒ် ၇ (၆) တွင်လည်း အချိန်မီလာမဖယ်လျှင် လျှပ်စစ်ဌာနက မိမိကိုယ်တိုင် ဖယ်ခွင့်ရှိကြောင်းနှင့် စရိတ်ကိုလည်း ဆက်သွယ်ရေးသမားက ပေးချေရမည် ဖြစ်ပါကြောင်း သဘောတူထားသည်ကို တွေ့ရှိရပါကြောင်း၊ ချတ်ဆွဲခွင့်ရသူ၏ တာဝန်များပါသည့် စာပိုဒ် ၉ တွင် စိတ်ဝင်စားစရာတစ်ခုကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အပိုဒ် ၉ (၂) တွင် မီးရထားလမ်းကူး၊ လမ်းကျော်များနှင့် သီးခြားတိုင်ထားရန်၊ အမြင့်ကို ၂၁ ပေထားရန်၊ လိုအပလျှင် တိုင်လဲရန်၊ ကျန်သည့်နေရာများတွင်လည်း အနည်းဆုံး ၁၈ ပေရှိရန် စည်းကမ်းသတ်မှတ် ထားပါကြောင်း၊ ၂၁ ပေ၊ ၁၈ ပေဆိုသည့် ဆက်သွယ်ရေး၏ ညွှန်ကြားချက်အပိုဒ် ၂ အပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ် ၁၄ တွင် တင်ပြဖော်ပြထားခြင်း ဖြစ်ပါကြောင်း၊ အပိုဒ် ၉ (၆) တွင် ယာဉ်ကြောင့် တိုက်ခိုက်မှုများ ဖြစ်လာလျှင် ဓာတ်အားပြဿနာများအတွက် လိုအပ်သည်များကို ဆက်သွယ်ရေး သမားကပြင်ပေးရန်၊ နစ်နာမှုများလျော်ပေးရန် စသည်ဖြင့်ရေးသား ထားပါကြောင်း၊ တစ်ခါ ဆက်သွယ်ရေးကဏ္ဍ၏ ညွှန်ကြားချက်အပိုဒ် ၂ အပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ် ၁၇ တွင်လည်း ဖန်ပြင်ကြေးနန်း ကြိုးများဆက်သွယ်၍ဖြစ်ဖြစ်၊ အများပြည်သူက ဝင်တိုက်၍ဖြစ်ဖြစ် လျှပ်စစ်စနစ်ကို ထိခိုက်မည်ဆိုလျှင် နစ်နာမှုအတွက် ချက်ချင်းကုစားပေးရန် ဆက်သွယ်ရေး ဆောင်ရွက်သူမှာ အပြည့်အဝ တာဝန်ရှိကြောင်း ဖော်ပြထားပါသည်။ မိမိမဲဆန္ဒနယ်မြေတွင် ဆက်သွယ်ရေး ပစ္စည်းများကို တပ်ဆင်ရင်းမီးပြတ်ပါသည်။ မီးပြတ်သည့်အခါ ပြည်သူလူထုက စိတ်ပူသည့်အတွက် နောက်နောင် တပ်ဆင်သည့်သူများ လာသည့်အခါ ရပ်ကွက်ထဲတွင် တင်းမာမှုများ မကြာခဏ ဖြစ်ရပါကြောင်း၊ တစ်ခါမိမိနယ်မြေတွင် ကြုံတွေ့ရသည်မှာ လမ်းထိပ်ကဓာတ်တိုင်ကို လာတပ်ဆင်သည့် သူများကို တာဝန်ရှိသော ပုဂ္ဂိုလ်များက တွေ့ဆုံမေးမြန်းသည့်အခါ မြန်မာစကား မပြောတတ်သည့် တိုင်းရင်းသားစကားလည်း မဟုတ်သောသူနှင့် ရင်ဆိုင်တိုးရပါကြောင်း၊ အဆိုပါ နိုင်ငံခြားသားများက မိမိတို့၏ လျှပ်စစ်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများကို မည်ကဲ့သို့သော ယုံကြည်မှုဖြင့် လုပ်ကိုင်ခွင့်ပြုထားသနည်းနှင့် မိမိတို့ပြည်သူများက မည်ကဲ့သို့ယုံကြည်မှုမျိုး ရမည်မှာ စဉ်းစားစရာတစ်ခု ဖြစ်ပါကြောင်း ထို့ကြောင့်အထက်ပါ မေးခွန်းကိုမေးမြန်းရခြင်း ဖြစ်ပါသည်။
ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆက်သွယ်ရေးလုပ်ငန်း တည်ထောင်လုပ်ကိုင်သူနှင့် အသုံးပြုသူတို့ကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆက်သွယ်ရေးဥပဒေကို ၈-၁၀-၂၀၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများကို အဆိုပါဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက စိစစ်ထုတ်ပေးလျက်ရှိပြီး ပြည်သူလူထုအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆောင်ရွက်စေခဲ့ပါကြောင်း၊
ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသော ဆက်သွယ်ရေး အခြေခံ အဆောက်အဦများဖြစ်သည့် တာဝါတိုင်များနှင့် ဖိုင်ဘာကွန်ရက်များ တည်ဆောက်ခြင်း အစရှိသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုပေးထားသည့် သက်ဆိုင်ရာလိုင်စင်ရ ကုမ္ပဏီများက ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူရပါကြောင်း၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကလည်း လုပ်ငန်း ဆောင်ရွက်မည့် ဒေသရှိ သက်ဆိုင်ရာမြေနှင့် အဆောက်အဦ အသုံးပြုပိုင်ခွင့် (Right of Way) စီမံခန့်ခွဲ ပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်ရယူထားခြင်းရှိ/မရှိ၊ ဆက်သွယ်ရေးဥပဒေပါ စည်းကမ်းချက်များနှင့် ညီညွတ်မှုရှိ/မရှိ၊ လိုင်စင်ပါစည်းကမ်းချက်များနှင့် ညီညွတ်မှုရှိ/မရှိ အစရှိသည်တို့ကို စိစစ်၍ လုပ်ငန်း ဆောင်ရွက်ခွင့်ပြု ပေးလျက်ရှိပါကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် တည်ဆောက်ပြီး ဆက်သွယ်ရေး ဖိုက်ဘာကေဘယ်လ်ကြိုးများကို ဖြုတ်သိမ်းရွှေ့ပြောင်းရန် လိုအပ်လာသည့် အခါတွင်လည်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ပိုင်ရှင်ဖြစ်သော သက်ဆိုင်ရာလိုင်စင်ရ ကုမ္ပဏီများထံသို့လည်းကောင်း၊ သက်ဆိုင်ရာမြေနှင့် အဆောက်အဦ စီမံခန့်ခွဲပိုင်ခွင့်ရှိသူထံသို့ လည်းကောင်း ညှိနှိုင်းအကြောင်းကြားပြီး ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများအနက် အချို့ကုမ္ပဏီများက ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနရှိ လျှပ်စစ်ဓာတ်တိုင်များပေါ် လျှပ်စစ်ကေဘယ်လ် ကြိုးနှင့် ဆက်သွယ်ရေးဖိုက်ဘာ ကေဘယ်လ်ကြိုးများကို သက်ဆိုင်ရာလျှပ်စစ် ဌာနများ၏ ခွင့်ပြုချက်ဖြင့် မျှဝေသွယ်တန်း အသုံးပြုလျက်ရှိပါကြောင်း၊ ယခုလို မျှဝေသွယ်တန်းအသုံးပြု နိုင်ရန်အတွက် သက်ဆိုင်ရာဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရကုမ္ပဏီများအနေဖြင့် လျှပ်စစ်ဓာတ်တိုင်များနှင့် ဆက်စပ်သည့် မြေနှင့်အဆောက်အဦ စီမံခန့်ခွဲပိုင်ခွင့်ရှိသူဖြစ်သည့် ရန်ကုန်နှင့်မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အသီးသီးတို့နှင့် စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆက်သွယ်ရေးဖိုက်ဘာ ကေဘယ်လ်ကြိုးများသည် လျှပ်စစ်ကူးဝင် နိုင်မှုမရှိခြင်း၊ လျှပ်စစ်ကြိုးနှင့် သတ်မှတ်အကွာအဝေးတွင်သာ သွယ်တန်းခွင့်ပြု ထားခြင်းတို့ကြောင့် လျှပ်စစ်အန္တရာယ် ဖြစ်နိုင်ခြေ အလွန်နည်းပါးပြီး လျှပ်စစ်ဓာတ်တိုင်များကို မျှဝေသုံးစွဲခြင်းဖြင့် သီးခြားတိုင်အသစ်များ ထပ်မံစိုက်ထူခြင်းများ လျော့နည်းသွားမည် ဖြစ်သည့်အတွက် မြို့ကြီးများမှ တိုင်များ များပြားရှုပ်ထွေးမှု လျော့ကျသွားမည် ဖြစ်ပါကြောင်း၊
ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတိုင်း ရန်ကုန်မြို့တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးအချို့တွင် ယိုင်နဲ့နေသည့် ဆက်သွယ်ရေးတိုင်များနှင့် ရှုပ်ထွေးစွာ တပ်ဆင်ထားသော ဆက်သွယ်ရေးကြိုးများကြောင့် မြို့၏အလှအပကို ထိခိုက်စေလျက် ရှိသည်မှာ အမှန်ဖြစ်ပါကြောင်း၊ သို့ပါ၍ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဇွန်လမှစပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၂၀ နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်မြေအတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တို့တွင် စိုက်ထူထားသည့် ဆက်သွယ်ရေး တိုင်များဖြင့် သွယ်တန်းထားသော ဆက်သွယ်ရေးကေဘယ်လ် ကြိုးများကို ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ သွယ်တန်းတပ်ဆင် တည်ဆောက်ထားမှု ရှိ/မရှိကို မြေပြင်ကွင်းဆင်း စစ်ဆေးနိုင်ရန်အတွက် ပြင်ပကျွမ်းကျင်သူ အဖွဲ့ကိုငှားရမ်း ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါပြင်ပ ကျွမ်းကျင်သူများ၏ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်ပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရကုမ္ပဏီများကို လျော့ကျနေသော ကေဘယ်လ်များ၊ ကြံ့ခိုင်မှုမရှိသည့် ဆက်သွယ်ရေး တိုင်များနှင့် ရွဲ့စောင်းနေသည့် ဆက်သွယ်ရေးတိုင်များ၊ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ပြန်လည်ပြုပြင် ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ပထမအဆင့်အနေဖြင့် လမ်းမတော်မြို့နယ်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်၍လည်းကောင်း၊ ဗဟန်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် မေလမှ စတင်၍လည်းကောင်း သက်ဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများသို့ ညွှန်ကြားထားပြီး ဖြစ်ပါကြောင်းနှင့် ကျန်မြို့နယ်များတွင်လည်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ဆက်လက်ညွှန်ကြား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ဆက်လက်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း မြို့နယ် ၁၄ မြို့နယ်၊ မော်လမြိုင်မြို့နှင့် မုံရွာမြို့တို့တွင် လိုင်စင်ရကုမ္ပဏီများက တည်ဆောက်ထားသည့် ဆက်သွယ်ရေးကြိုးများနှင့် ဆက်သွယ်ရေးတိုင်များကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျသွယ်တန်း တပ်ဆင်တည်ဆောက်ထားမှု ရှိ/မရှိကို မြေပြင်ကွင်းဆင်း စစ်ဆေးနိုင်ရန်အတွက် ပြင်ပကျွမ်းကျင်သူ အဖွဲ့ကို ၂၀-၅-၂၀၁၉ ရက်နေ့တွင် တင်ဒါခေါ်ယူပြီး ငှားရမ်းနိုင်ရေး ဆောင်ရွက်လျက် ရှိသည့်အတွက် ပြီးစီးသည့်အခါ ယင်းအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်ပြီး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာလိုင်စင်ရ ကုမ္ပဏီများကို ညွှန်ကြားသွားမည် ဖြစ်သည့်အပြင် ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပစေရန်အတွက် ရေရှည်စီမံချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အခြားသက်ဆိုင်ရာ ဌာနများ၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများ ပူးပေါင်းပါဝင်သည့် ဆက်သွယ်ရေးစနစ်များ ပိုမိုကောင်းမွန်စေရန်နှင့် စနစ်တကျ ရှိစေရန်အတွက် Smart Pole ဟုခေါ်ဆိုသည့် Antenna များ၊ CCTV များ၊ လျှပ်စစ်လမ်းမီးများ၊ Wifi Device များ စသည်တို့ တပ်ဆင်အသုံးပြုနိုင်သည့် ဘက်စုံသုံး ဆက်သွယ်ရေးတိုင်များ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆက်သွယ်ရေး အခြေခံအဆောက်အဦများ၊ တာဝါတိုင်နှင့်ဆက်သွယ်ရေးကြိုး ဖိုက်ဘာကေဘယ်လ်များ တည်ဆောက်တပ်ဆင်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီကို ၁၉-၃-၂၀၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပထမအဆင့်အနေဖြင့် ဘက်စုံသုံးဆက်သွယ်ရေး တာဝါတိုင် Smart Pole၊ Mono Pole များကို တည်ဆောက်ခြင်းနှင့် Last Mile ဟုခေါ်သည့် သုံးစွဲသူများထံ နောက်ဆုံး ချိတ်ဆက်ပေးမည့် ဆက်သွယ်ရေးလိုင်းတိုင်များ တည်ဆောက်ခြင်း လုပ်ငန်းများအတွက် တင်ဒါ ခေါ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဒုတိယအဆင့်မှာ မြေအောက်ဆက်သွယ်ရေး ပိုက်စနစ် (Underground Duct System) တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရ ကုမ္ပဏီများကို လျော့ကျနေသည့် ကေဘယ်လ်များကို သတ်မှတ်စံချိန် စံညွှန်းများအတိုင်း ပြန်လည် ပြင်ဆင်စေခြင်း၊ ကြံ့ခိုင်မှုမရှိသည့် ဆက်သွယ်ရေးတိုင်များကို အသစ်လဲလှယ်စေခြင်း၊ ရွဲ့စောင်းနေသော တိုင်များကို တည့်မတ်စေခြင်း၊ ရှုပ်ထွေးနေသော တယ်လီဖုန်းကြိုးများကို ပြန်လည် ရှင်းလင်းစေခြင်း အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်စေခြင်းဖြင့် ရန်ကုန်မြို့တော် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဆက်သွယ်ရေးကေဘယ်လ် ရှုပ်ထွေးမှုများ လျော့ကျသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမောင်မောင်ဦး (အင်းစိန်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သတ်မှတ်ထားသော စည်းကမ်းချက်မှာ တိုင်တစ်တိုင်တွင် သုံးကြိုး သွယ်ရမယ်ဆိုပြီး စည်းမျဉ်း စည်းကမ်း သတ်မှတ်ထားပါကြောင်း၊ သုံးကြိုးမကပါကြောင်း၊ မိမိဆိုလိုချင်သည်မှာ လက်တွေ့လည်း အမှန်တကယ် ဖြစ်နေသည့်အခြေအနေကို မည်သည့်ပုံစံမျိုးဖြင့် ဖြေရှင်းပေးမည်နည်း၊ အထူးသဖြင့် ရပ်ကွက်ထဲကို ဝင်သည့်လမ်းများတွင် အချို့နေရာများမှာ ခြောက်ပေခန့် လွတ်ပါကြောင်း၊ အထူးသဖြင့် Container ကားများနှင့် လမ်းမတန်းကို သွားသည့်အခါ Container ကားများနှင့် တယ်လီဖုန်း Cable ကြိုးများ ချိတ်မိသည့်အခါ ညဘက်တွင် ဓာတ်တိုင်များ လဲပြိုပြီး အန္တရာယ်ရှိ အရာများသည် မိမိတို့မြို့နယ်တွင် အပြင်းအထန်ခံစားနေရပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်း ဒေသကြီးရှိ အဓိကမြို့နယ်ကြီးများတွင် Cable ကြိုးများအင်မတန် ရှုပ်ထွေးနေခြင်းကြောင့် ဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးမည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်နည်းနှင့် မည်ကဲ့သို့ စနစ်တကျ စီစဉ်ဆောင်ရွက် ပေးမည်နည်းဆိုကို တိတိကျကျ သိချင်သည့်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
မိမိတို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက Regulator အနေဖြင့် ဆက်သွယ်ရေးလိုင်စင်ရ လုပ်ငန်းလိုင်စင်က ကုမ္ပဏီများကို ၎င်းတို့ဆောင်ရွက်သည့် လုပ်ငန်းများအပေါ် ကြီးကြပ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအရ လူအင်အား နည်းပါးသည့် အတွက်ကို တင်ပြသွားသည့်အတိုင်း မိမိတို့က ပြင်ပကျွမ်းကျင်သူ အဖွဲ့များကို ငှားရမ်းပြီး ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသော ရှုပ်ထွေးမှုများ၊ စည်းကမ်းမဲ့မှုများ၊ စည်းကမ်းနှင့် မညီညွတ်မှုများကို စိစစ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့ကို မိမိတို့က တစ်ဆင့်ချင်းငှားရမ်းပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ မည်သည့်အချိန်ပြီးမည်ဆိုသည်က တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကို စစ်ဆေးဆောင်ရွက်စေပြီး ၎င်းတို့၏ စစ်ဆေးတွေ့ရှိချက်များ တင်ပြသည့်အခါတွင် သက်ဆိုင်ရာလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများကို သုံးလအတွင်း ချို့ယွင်းနေသည့် အပျက်စီးများကို ပြုပြင်ရန်အတွက်ကို ညွှန်ကြားမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း စစ်ဆေး တွေ့ရှိချက်များ ရရှိထားသည့်အပေါ် ကုမ္ပဏီများကို မိမိတို့က ညွှန်ကြားထားခြင်း ရှိပါကြောင်း၊ မိမိတို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်လည်း အဆိုပါကိစ္စများကို အမြန်ဆုံး ဖြေရှင်းနိုင်ရေး အတွက်ကို သက်ဆိုင်ရာတိုင်းဒေသကြီးများ၊ Right of Way ပိုင်ရှင်များနှင့် ပူးပေါင်းပြီး ပြင်ပကျွမ်းကျင်သူအဖွဲ့များ ငှားရမ်းပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
