ရွှေကူမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ခုံခမ်း၊ ကျွန်းတော်တို့ ကူးတို့ဆိပ်၊ အမှတ် (၁) ရပ်ကွက်နှင့် ရန်ကြီးအောင်ရပ်ကွက် စသောနေရာများတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများ နှစ်စဉ် ပြိုကျလျက်ရှိရာ မြစ်ထိန်းကျောက်စီနံရံရေကာတာ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ရွှေကူမြို့၏ မြစ်ကမ်းပါးပြိုကျရသည့် အဓိကအကြောင်းအရင်း နှစ်ရပ်ရှိပါကြောင်း၊ မိုးရွာသွန်းချိန်တွင် မြစ်ကမ်းပါး၏ အပေါ်ပိုင်းကို မိုးရေတိုက်စားပြီးမှ ပြိုကျခြင်း၊ နောက်တစ်ချက်က မြစ်ရေကြီးချိန်တွင် မြစ်ကမ်းပါးအောက်ပိုင်းကို မြစ်ရေတိုက်စားမှုကြောင့် ပြိုကျခြင်းတို့ ဖြစ်ပါကြောင်း၊ သို့သော်လည်း မိမိတို့၏ ဒီဇိုင်းတွက်ချက်မှုအားနည်းခြင်းကြောင့် အပေါ်ပိုင်းကို ထိန်းချုပ်ထားနိုင်သည့် အတွက်ကြောင့် မိုးရေတိုက်စားသည့်အခါ ကမ်းပါး၏အပေါ်ပိုင်းကို ကာကွယ်မှုမပေးနိုင်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ အမှတ် (၂) ရပ်ကွက်က လက်ရှိအရ တည်ဆောက်ပြီးသွားပြီ ဖြစ်ပါကြောင်း၊ မိမိတို့ မြစ်ကမ်းထိန်းနံရံကို တည်ဆောက်ရန် အကွာအဝေးက Google မှ ဝင်ရောက်ကြည့်သည့်အခါ ပေ ၃၁၃၆ ပေ ရှိပါကြောင်း သိရှိရပါသည်။ ဒုတိယဦးစားပေးအနေဖြင့် အမှတ် (၁) ရပ်ကွက်မှ ကျွန်းတောကူးတို့ဆိပ် အထက်ပိုင်းဘက်ကို ဘလပ်ဆိပ်အထိကို ပေ ၂၅၄၄ ပေ တည်ဆောက်ရန် ကျန်ရှိနေပါကြောင်း၊ ထို့နောက် အမှတ် (၂) ရပ်ကွက် ရန်ကြီးအောင်မှ လျှပ်စစ်တာဝါတိုင် တည်ဆောက်ထားသည့် နေရာဆိုလျှင် အလျားပေ ၁၇၉၄ ပေ ရှိပြီး ကမ်းပါး၏အမြင့်သည် ပေ ၆၀ ကျော်အထိ ရှိပါကြောင်း၊ ၎င်းကိုလည်း သေချာကွင်းဆင်းလေ့လာပြီးမှ မြေပြင်နှင့်ကိုက်ညီသည့် ဒီဇိုင်းအဖြစ်သတ်မှတ် ပေးသင့်ကြောင်းကိုလည်း အကြံပြုလိုပါကြောင်း၊
မိမိအနေဖြင့် ၎င်းမြေကာနံရံများကို အကြမ်းဖျင်းလေ့လာသည့်အခါ ထိန်းကျောင်းမှု Mechanism လိုအပ်နေပါကြောင်း၊ ထိန်းကျောင်းသည့် စနစ်ကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်လျက်ရှိပါကြောင်း၊ ၎င်းတို့ လုပ်ဆောင်သည့်နေရာတွင် လက်ရာသေသပ်ကောင်းမွန်မှု မရှိခြင်းများ၊ နောက်တစ်ခါ ဒီဇိုင်းနှင့်အလေ့အကျင့်ကို တွက်ချက်ပြီးမှ လုပ်ခြင်းကြောင့် ကျောက်၏ဆိုဒ်များက ၆ ပေ ၉ လက်မနှင့် Estimate တွင် ဖော်ပြထားပါကြောင်း၊ ကျောက်၏ဆိုဒ်များ မမှန်ခြင်းများ၊ ကျောက်အရည်အသွေး မမီခြင်းများ တွေ့ရှိရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနက တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များ တာဝန်ယူမှု/တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု ရှိရပါမည်။ နောက်တစ်ခါ ဒီဒီဇိုင်းနှင့်အရည်အသွေးများကိုလည်း တိကျခိုင်မာစွာ ရေးဆွဲသတ်မှတ်ပြီးမှ ဈေးနှုန်းသာပြိုင်ဆိုင်သည့် စနစ်မျိုးကိုဆောင်ရွက် သင့်ပါကြောင်း၊ သို့မှာသာ ထိန်းကျောင်းသည့် စနစ်က ကောင်းမွန်လာပြီး ကုန်သလောက်သာအကျိုးရှိမည်ဆိုသည့် စနစ်မျိုးဖြင့် နိုင်ငံတော်ဘဏ္ဍာကို အလေအလွင့်မရှိအောင် သုံးစွဲနိုင်မည်ဖြစ်ပြီး ပြည်သူများနှင့်ကိုယ်စားလှယ်များ ပါဝင်သည့် SOV ကိုလည်း အမြန်ဆုံးပေါ်ပေါက်ပြီးမှ အကျိုးသက်ရောက်ရန်လည်း လိုအပ်သည့်အပြင် အခွင့်အလမ်းများ ထိန်းကျောင်းသည့် နေရာကိုလည်း ပါဝင်နိုင်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် ရွှေကူမြို့နယ်တွင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်ရှိ ခုံခမ်းရပ်၊ ကျွန်းတောကူးတို့ဆိပ်တွင် အမှတ် (၁) ရပ်ကွက်နှင့် ရန်ကြီးအောင်ရပ်ကွက် အမှတ် (၂) ရပ်ကွက်စသော နေရာများမျာ မြစ်ရေတိုက်စားမှုတို့ကြောင့် ကမ်းပါးနှစ်စဉ်ပြိုကျ လျက်ရှိသော မြစ်ထိန်း၊ ကျောက်စီနံရံများကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်းများနှင့် ကမ်းပါးထိန်းလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိပြီး ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းနှင့် နီးကပ်နေသည့် ရွှေကူမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်ရေးအတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ စုစုပေါင်း ကျပ် ၁၂၆၈.၅၃ သန်းဖြင့် ကျောက်စီမြေထိန်းတမံ စုစုပေါင်း အလျား ၄၀၄၇ ပေ တည်ဆောက်ပေး ခဲ့ပါကြောင်း၊
မိမိတို့ နှစ်စဉ် ၂၀၁၃-၁၄ ခုနှစ်မှ ၂၀၁၇-၁၈ ခုနှစ်အထိ နှစ်စဉ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ခုနှစ်မှ ၂၀၁၇-၁၈ ခုနှစ်က စုစုပေါင်း ပေ ၄၀၄၇ ပေ ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ၎င်းအပြင်ကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း ကချင်ပြည်နယ် အစိုးရရန်ပုံငွေ ကျပ်သန်း ၂၇၀ ဖြင့် ကျောက်စီမြေထိန်းတမံ အလျားပေ ၁၀၀၀ တည်ဆောက်ပေး လျက်ရှိပြီး ယခုအချိန်တွင် လုပ်ငန်းအားလုံး၏ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်၍ ၂၀၁၉ ခုနှစ် ဇွန်လ တတိယပတ်အတွင်း လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးရန် လျာထားပါကြောင်း၊ မိမိတို့ ယခုလက်ရှိ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းသည် အမှတ် (၂) ရန်ကြီးအောင် ရပ်ကွက်တွင်ဖြစ်ပြီး ရွှေကူလုပ်ငန်း၏ ၇၅ ရာခိုင်နှုန်း ပြီးစီးလျက်ရှိသည့်အပြင် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ရွှေကူမြို့ ခုံခမ်း-ကျွန်းတောဆိပ်နေရာတွင် မြစ်ကမ်းထိန်း ကျောက်စီမြေထိန်းတမံ အလျား ၁၀၀၀ ပေ တည်ဆောက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေကျပ်သန်း ၃၀၀ ကို သဘောတူထားပြီး ကချင်ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ရရှိရေးအတွက် ဆက်လက်တင်ပြ ထားရှိပါကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။
