(က)-လေရှီးမြို့နယ်တွင် စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံပင်များအား ပိုးမွှားများနှင့်ရာသီဥတု ပြောင်းလဲမှုကြောင့် ပျက်စီးခြင်းမှကာကွယ်ပေးနိုင်ရန် အသိပညာပေးလုပ်ငန်းနှင့် သုတေသနလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၃၀. ၅. ၂၀၁၉)

 

လေရှီးမြို့နယ်တွင် စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံဖြစ်သော လိမ္မော်ပင်နှင့် အခြားနှစ်ရှည်ပင်များအား ပိုးမွှားများနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ရန် အသိပညာပေးလုပ်ငန်း နှင့် နည်းပညာကျွမ်းကျင်သူများစေလွှတ်၍ သုတေသနလုပ်ငန်းများ ကွင်းဆင်းဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

လေရှီးမြို့နယ်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ဝန်းကျင်ကတည်းက လိမ္မော်ကို အဓိကစီးပွားရေး လုပ်ငန်းအဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါကြောင်း၊ ဒေသခံတောင်သူတို့၏ လိမ္မော်ရောင်းရငွေမှာ တစ်နှစ်လျှင် ခန့်မှန်းခြေအားဖြင့် သိန်းပေါင်း ၅၀၀၀ မှ ၇၀၀၀ ဝန်းကျင်ခန့် ရရှိပါကြောင်း၊ တချို့ မိသားစုများမှာ တစ်အိမ်ထဲမှာပင် သိန်းရာငွေရရှိခဲ့သည့် အခြေအနေမျိုးလည်း  ရှိခဲ့ဖူးပါကြောင်း၊ သို့သော်လည်း ၂၀၁၄-၁၅ ခုနှစ်ဝန်းကျင်မှစ၍ အိမ်များမှာ တဖြည်းဖြည်း ခြောက်လာပြီး အခင်း အားလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများကို တွေ့နေရပါကြောင်း၊ မြေပြင်အခြေအနေ၊ လေ့လာတွေ့ရှိချက်အရ ပြောရမည်ဆိုပါက အပင်အိုလို့ခြောက်နေသည့် ပုံစံမျိုးမဟုတ်ပါကြောင်း၊ အပင်ပျိုများလည်း အခင်းတစ်ခုလုံး ခြောက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မြေသြဇာကောင်းနေသော နေရာများ၊ ရေအစိုဓာတ်ရနေသည့် နေရာများပါ ခြောက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ဒေသသည် မိုးများသောဒေသ ဖြစ်သောကြောင့် အရွက်ပိုးများ၊ ပင်စည်ပိုးများမှာ အနည်းနှင့်အများ ထိုးတာရှိပါကြောင်း၊ သို့သော်လည်း ၎င်းအရွက်ပိုး၊ ပင်စည်ပိုးများ ထိုးခြင်းကို ဒေသခံတောင်သူတို့က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကာကွယ်နေခဲ့သော်လည်း ယခုဖြစ်နေသည့်ပုံစံ၊ ရောဂါကိုမကာကွယ်နိုင် ဖြစ်နေပါကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဌာနကလည်း မိမိတို့ပစ္စည်းကိရိယာများ၊ နည်းပညာပိုင်း ဆိုင်ရာများပါ လက်လှမ်းမမီသည့် အနေအထားမျိုးကို တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် လိမ္မော်စိုက်တောင်သူတို့၏ ဝင်ငွေမှာ ယခင်သိန်းထောင်ချီရရှိနေသည့် အခြေအနေမှ ယခု တစ်မြို့နယ်လုံး၏ တောင်သူဝင်ငွေမှာ ရာဂဏန်းတောင်အနိုင်နိုင် မရနိုင်တော့သည့် အနေအထားမျိုး တွေ့ရပါကြောင်း၊ ထို့အတူ လိမ္မော်ကဲ့သို့သော နှစ်ရှည်ပင်များဖြစ်သည့် လက်ဖက်၊ ကော်ဖီ၊ မက်မန်း၊ ထောပတ်စသည်တို့ကို များစွာစိုက်နေကြပါကြောင်း၊ ဤသည်မှာ လိမ္မော်ကဲ့သို့ မဖြစ်ရအောင် ကွင်းဆင်းသုတေသန နည်းပညာပေးလုပ်ငန်းများ လုပ်ပေးရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျွမ်းကျင်ပညာရှင်များကို စေလွှတ်ပြီး လက်တွေ့ကျသော သုတေသနစမ်းသပ်မှုနှင့် ပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် လေရှီးမြို့နယ်သည် သမပိုင်းကုန်းမြင့်ဒေသတွင် တည်ရှိပါကြောင်း၊ လိမ္မော်သီးနှံအပြင် အခြားနှစ်ရှည်ပင်များဖြစ်သည့် သစ်တော၊ မျောက်ငို၊ ထောပတ်၊ မက်မန်း၊ မက်မွန်စသည့် နှစ်ရှည်ပင်များ ဖြစ်ထွန်းနိုင်သည့် စိုက်ပျိုးရေးရပ်ဝန်း၌ တည်ရှိပါကြောင်း၊ လက်ရှိအခြေအနေမှာ လေရှီးမြို့နယ်တွင် လိမ္မော် ၁၃၄ ဧက၊ သစ်တော ၁၆ ဧက၊ မျောက်ငို ၁၅ ဧက၊ ထောပတ် ၁၃ ဧက၊ မက်မန်း၊ မက်မွန်နှင့် အခြားနှစ်ရှည်ပင်သီးနှံများ ၇၂ ဧက စုစုပေါင်း ဧက ၂၅၀ စိုက်ပျိုးထားပြီး ဖြစ်သည့်အပြင် အခြားအိမ်ခြံဝင်း သီးနှံများကိုလည်း စိုက်ပျိုးထားကြောင်း သိရှိရပါကြောင်း၊

လက်ရှိရင်ဆိုင် ကြုံတွေ့နေရသည့် နိုင်ငံတစ်ဝန်းလုံး ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုများရှိသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် သီးနှံမျိုးများ၊ သီးနှံစိုက်စနစ်များကို တောင်သူများအား ပညာပေးဆောင်ရွက်လျက် ရှိပါကြောင်း၊

လေရှီးမြို့နယ်တွင် လက်ရှိလိမ္မော်စိုက်ပျိုးနည်းစနစ်များမှာ လွန်ခဲ့သည့် အနှစ်သုံးဆယ်ကျော်ခန့်က အစေ့စိုက်စနစ်နှင့် စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း၊ အစေ့စိုက်အပင်များ ဖြစ်သည့်အတွက် ရာသီဥတု ပြောင်းလဲမှုကြောင့် အစိုဓာတ်အနည်း/အများပေါ်တွင် မူတည်ပြီး မြေဆောင် ရောဂါများကြောင့် အပင်များခြောက်ပြီး ပျက်စီးမှုဖြစ်ပေါ်နိုင်ပါကြောင်း၊ ဤအခြေအနေတွင် အပင်ငယ်များပင်လျှင် အစိုဓာတ်ပြတ်လပ်မှုဒဏ်ကို ခံစားရနိုင်ပါကြောင်း၊ လေရှီးမြို့နယ်အတွင်း စိုက်ပျိုးထားသည့် လိမ္မော်နှင့်အခြားနှစ်ရှည် ပင်များနှင့်စပ်လျဉ်းပြီး ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးရေးနည်းစနစ်များ၊ ပိုးမွှားရောဂါနှင့် မြေဆီလွှာထိန်းသိမ်း ကာကွယ်ရေး နည်းစနစ်များကို ခန္တီးခရိုင်ရှိ မျိုး၊ မြေဆီလွှာနှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သည့် စိုက်ပျိုးပညာပေးရေးအဖွဲ့များကလည်း ရာသီအလိုက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၀၁၈-၁၉ ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်တွင် တောင်သူပညာပေးဆွေးနွေးပွဲ ၁၅ ကြိမ်လုပ်ခဲ့ပြီး စုစုပေါင်းတောင်သူ ၄၅၁ ဦး နည်းပညာပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးခေါင်းဆောင်သော တောင်သူပညာပေးအဖွဲ့ကို အထူးဖွဲ့စည်းပြီး လွန်ခဲ့သည့် ၁၆-၁-၂၀၁၉  ရက်နေ့တွင် လေရှီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် လိမ္မော်သီးနှံစိုက်ပျိုး နည်းစနစ်နှင့် ပိုးမွှားရောဂါကာကွယ် နှိမ်နင်းနည်းစနစ်များ ပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါအဖွဲ့တွင် တိုင်းဒေသကြီးမျိုးစေ့ဌာနခွဲ၊ မြေအသုံးချရေးဌာနခွဲနှင့် သီးနှံကာကွယ်ရေးဌာနခွဲမှ ကျွမ်းကျင်ပညာရှင် များပါဝင်သည့် ကွင်းဆင်းပညာရေး အဖွဲ့အနေဖြင့် လိမ္မော်ပင်နှင့် အခြားနှစ်ရှည်ပင်များမှာ  စနစ်တကျ စိုက်ပျိုးနည်းစနစ်များ၊ မြေဆီလွှာနှင့် ပိုးမွှားကာကွယ်နှိမ်နင်းရေးဆိုင်ရာ နည်းပညာပေးခြင်းလုပ်ငန်း များနှင့် လက်ရှိတွေ့ကြုံနေရသည့် စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရန် ယခုနှစ် မတ်လအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပိုးမွှားရောဂါနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးခဲ့သည့် လိမ္မော်ပင်များကို အစားထိုးစိုက်ပျိုးနိုင်ရန် သက်တမ်းနှစ်နှစ်သား လိမ္မော်ပင်များကို စုဆောင်းပြီး ယခု ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် စိုက်ပျိုးရာသီအမီ ဒေသခံတောင်သူများကို အခမဲ့ဖြန်ဖြူး ပေးသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိုးမကျမီ စိုက်ပျိုးနိုင်အောင်နှင့် တစ်ဖက်မှလည်း လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် လေရှီးမြို့နယ်အတွင်းရှိ တောင်သူများကို အဆိုပါ လုပ်ငန်းစဉ်၌ ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ကူညီစည်းရုံးဆောင်ရွက် ပေးနိုင်‌ရေးကို တင်ပြလိုကြောင်း ဖြေကြားပါသည်။

 

ဦးကျော်ဌေး (လေရှီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးဖြေကြားသွားရာတွင် ဧကအရေအတွက်များ၊ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အနေအထားများကို  ရှင်းလင်းချပြသွားသည်မှာ လွဲမှားမှုများရှိနေပါကြောင်း၊ ဧကအရေအတွက် ဆိုလျှင်လည်း ဝန်ကြီးဖြေကြားသွားသည့် ဧကအရေအတွက်ထက် အများကြီးစိုက်ပျိုးထားသည်ဟု မိမိအနေဖြင့် တင်ပြလိုကြောင်း၊ တကယ်တမ်း အောက်ခြေတောင်သူများ ရွာထိကို ဧကစာရေးများ ကောက်ယူသည့်နေရာမှာ မမှန်ကန်သည့် အနေအထားမျိုး တင်ပြလိုပါကြောင်း၊ နောက်တစ်ခါ ကွင်းဆင်းဆောင်ရွက်မှု ဆောင်ရွက်သည်ဆိုသည်ကိုလည်း မိမိတို့ကြားရပါကြောင်း၊ ဤမေးခွန်း တင်ပြပြီးသည့်နောက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်ကို ကြားပါကြောင်း၊ သို့သော်လည်း အကျဉ်းချုံးပြီး နီးစပ်ရာကျေးရွာလောက်၊ မြို့ပေါ်လောက်သာ ပညာပေးဆွေးနွေးပွဲလေးများ လုပ်တာတွေရှိပါကြောင်း၊ မိမိတို့ဖြစ်စေလိုသည်မှာ တကယ့်စိုက်ပျိုး တောင်သူအများပိုင်းစိုက်သည့် နေရာဒေသများတွင် ထိထိမိမိဖြစ်အောင် စိုက်ပျိုးရေးပညာပေး လုပ်ငန်းများကို လုပ်စေလိုခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေဆီသြဇာများကစ စိုက်ပျိုးမြေနှင့် လက်ရှိဖြစ်နေသည့် အနေအထားနှင့် ကိုက်/မကိုက်ကိုလည်း စမ်းသပ်ပေးစေလိုပါကြောင်း၊ သို့ဖြစ်၍ ဒီထက်ထိရောက်သည့် လက်တွေ့ကျသည့် စိုက်တောင်သူများဆီမှာ ကွင်းဆင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးနိုင်ရန်ရှိ/မရှိ ဆက်စပ်မေးမြန်းပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် တာဝန်ပေး ဆောင်ရွက်သည့် ဝန်ထမ်းအရေအတွက်နှင့် တာဝန်ယူဆောင်ရွက်ရသည့် အနေအထားမျှတမှု အခြေအနေများကို ပြန်လည်စိစစ် ညှိနှိုင်းဆောင်ရွက်သွားရမည့် အခြေအနေဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသည့် အဓိကကျသည့် မြေဆီလွှာစစ်ဆေးရေးလုပ်ငန်းပိုင်း အပါအဝင် သီးနှံတိုးချဲ့စိုက်ပျိုးရေးအပိုင်းကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ အစီအမံများ ပြန်လည်ချမှတ်ပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။