(ဃ)-မိုင်းကိုင်မြို့နယ် မြို့မအုပ်စုအမှတ်(၃)ရပ်ကွက်၊အခြားကျေးရွာအုပ်စုများမှလယ်ယာမြေများနှင်‌့ရပ်ကွက်ကျေးရွာနှင်‌့ သက်ဆိုင်သောမြေများအားကြိုးဝိုင်းကြိုးပြင်ကာကွယ်တောဧရိယာ စာရင်းမှအမြန်ဆုံးပယ်ဖျက်ပေးရန်အစီအစဉ်ရှိ/မရှိသိလိုခြင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၈. ၅. ၂၀၁၉)

 

မိုင်းကိုင်မြို့နယ် မြို့မအုပ်စု အမှတ်(၃) ရပ်ကွက်၊ အခြားရပ်ကွက်ကျေးရွာအုပ်စုများမှ လယ်ယာ မြေများနှင်‌့ ရပ်ကွက်ကျေးရွာနှင်‌့ သက်ဆိုင်သော မြေများအား ကြိုးဝိုင်းကြိုးပြင်ကာကွယ်တော ဧရိယာ စာရင်းမှ အမြန်ဆုံးပယ်ဖျက်ပေးရန်နှင်‌့ လယ်ယာမြေလုပ်ပိုင်ခွင်‌့ ပုံစံ(၇) များ လျှောက်ထား ရယူရန် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း

 

မိုင်းကိုင်မြို့နယ်သည် လူဦးရေအားဖြင့် ၇၃၃၇၁ ဦးရှိပြီး  အကျယ်အဝန်းအားဖြင့် ၁၄၅၉၁.၇ စတုရန်းမိုင်ရှိသည့်အနက် ၁၄၅၂.၅၃ စတုရန်းမိုင်ခန့်သည် ကျေးရွာဧရိယာများ ဖြစ်ကြပါကြောင်း၊ အများစုမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကအားထားလုပ်ကိုင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိုင်းကိုင်မြို့နယ် မြို့မအပ်စုအမှတ် (၃) ရပ်ကွက်  ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သော တောင်သူများ၏ လယ်ယာမြေ ၇၇.၉၄ ဧကနှင့် အခြားမတိုင်းရသေးသော စိုက်ပျိုးမြေအများအပြား၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောဧရိယာအတွင်း ပါဝင်နေခဲ့ခြင်းကြောင့် တောင်သူများ၏ ရသင်‌့ရထိုက်သော အခွင့်အရေးများ ဆုံးရှုံးနစ်နာနေခဲ့ရကြောင်း အမည်ပေါက်တောင်သူ ၁၉ ဦး ပြည်သူများထံမှ သိရှိရပါကြောင်း၊ ကွင်းအမှတ် (၁၃၅-က) အတွင်း ဦးပိုင်အမည်ပေါက် လယ်ယာမြေ ဧကပေါင်း ၇၇.၉၄ ဧက လုပ်ကိုင်လျက်ရှိပါကြောင်း၊

ထို့အပြင် ဦးပိုင်အမှတ်စိစစ်ဆဲ လယ်မြေတွင် လုပ်ကိုင်ရရှိသော တောင်သူ ၁၂ ဦးတို့၏ လယ်မြေများ သည်လည်း ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောဧရိယာအတွင်း ပါဝင်နေခြင်းကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ-၇ လျှောက်ထားရယူနိုင်ခွင်‌့ မရှိကြောင်း သိရှိရပါသည်။ လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ-၇ မရရှိသည့်အတွက် စိုက်ပျိုးရေးစရိတ် အရင်းအနှီးများ၊ ချေးငွေများချေးယူနိုင်ခွင်‌့ လယ်ယာသုံး စက်ပစ္စည်းကိရိယာများ အရစ်ကျဝယ်ယူနိုင်ခွင်‌့စသည့် ရသင်‌့ရထိုက်သော တောင်သူအခွင့် အရေးများ ဆုံးရှုံးနစ်နာနေခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိမဲဆန္ဒနယ် မိုင်းကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်  ကျေးရွာအုပ်စုများမှ ပြည်သူများ၊ တောင်သူများရသင့်ရထိုက်သော အခွင့်အ‌ရေးများ မဆုံးရှုံးရလေအောင် ကြုံတွေ့နေရသော အခက်အခဲများကို အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် မိုင်းကိုင်မြို့နယ် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော ဧရိယာအတွင်း ကျရာက်နေသော မြို့မအုပ်စု၊ အမှတ် (၃) ရပ်ကွက်အတွင်းရှိ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သည့် လယ်ယာမြေများ အခြားရပ်ကွက် ကျေးရွာအုပ်စုများမှ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော ဧရိယာအတွင်း ကျရောက်နေသော လယ်ယာမြေများ ရပ်ကွက်ကျေးရွာနှင်‌့ သက်ဆိုင်သော မြေများအား ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောဧရိယာစာရင်းမှ အမြန်ဆုံးပယ်ဖျက် ပေးနိုင်ရန်နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ-၇များ လျှောက်ထားရယူနိုင်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
အဖြေ

၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသော သစ်တောဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့တွင် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းတို့နှင့်ပတ်သက်ပြီး ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်များအရ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော အတွင်းမှ နိုင်ငံတော်စီမံကိန်း လုပ်ငန်းများ၊ နိုင်ငံတော်၏ လုံခြုံရေးလိုအပ်ချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၏ မြို့ပြကျေးရွာ ဖွဲ့စည်းတည်ထောင်မှုများ၊ သာသနာ့မြေများ၊ သတ်မှတ်ရန် လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သေဘာတူညီချက်ဖြင့် သစ်တောမြေအဖြစ်မှ ပြင်ဆင် ပြောင်းလဲသတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်ပေးရပါကြောင်း၊

ထို့အပြင် ၂၀၁၃ ခုနှစ်တွင်လည်း သစ်တောနယ်မြေများအတွင်း ဝင်ရောက်အခြေချနေထိုင်သည့် စာရင်းများကောက်ယူချက်အရ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောမြေမှ ပယ်ဖျက်ပေးခြင်းလုပ်‌ငန်း စဉ်အား အဆင့်လေးဆင့်အတိုင်း စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများနှင့် သဘာဝနယ်မြေများအတွင်း တရားမဝင် အခြေချနေထိုင်သည့် ရွာစုနှင်‌့ အိမ်ထောင်စုများအား အဆင်‌့အလိုက်ပယ်ဖျက်ပေးလျက်ရှိရာ လုပ်ငန်းစဉ် (က) မှ (ဂ) အထိ ကျေးရွာများ၏ ရွာမြေ၊ လယ်မြေ၊ သာသနာမြေ၊ အများပိုင်မြေများကို သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး၊ ယာမြေနှင့်ဥယျာဉ်ခြံမြေများကို သစ်တောမြေမှ ပယ်ဖျက်ခြင်းမပြုဘဲ ယာမြေ များအား သီးနှံသစ်တောရောနှော စိုက်ပျိုးသည့်စနစ်ကို အခြေခံသည့် ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းနှင့် ဥယျာဉ်ခြံမြေနှစ်ရှည် မြေငှားရမ်းစနစ်ဖြင့် ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

ရှမ်းပြည်နယ်၊ လွိုင်ကော်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ကြိုးဝိုင်းတော ၄ ခု၊ ဧရိယာအားဖြင့် ၅၇၂၈၉၁.၃၉ ဧက၊ ကြိုးပြင်ကာကွယ်တော ၁ ခု၊ ဧရိယာအားဖြင့် ၁၉၁၆၁.၀၀ ဧကဖြင့်  ဖွဲ့စည်းထားရှိပါကြောင်း၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောဖွဲ့စည်းစဉ်က တောင်းဆိုလိုသည့် အခွင့်အရေးဆိုင်ရာ ဆိုင်ခွင့်များကို တင်ပြတောင်းခံစေခဲ့ရာ တုံလောကြိုးဝိုင်း၊ နမ့်ကကြိုးဝိုင်း၊ မိုင်းယွန်း/မိုင်းလန်းကြိုးဝိုင်း၊ လွိုင်လန်း ကြိုးပြင် ကာကွယ်တောများအတွက် သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာနယ်မြေရှိ ဒေသခံပြည်သူများမှ ဆိုင်ရာဆိုင်ခွင့် တောင်းဆိုခဲ့ခြင်းမရှိပါ။ ဝမ်းပါယန်းကြိုးဝိုင်းတောအတွင်း ကျေးရွာသုံးရွာမှ တောင်သူ ၄၂ ဦး၏ လယ်မြေ ၃၁.၉၆ ဧက၊ ယာမြေ ၅၄.၂၅ ဧက၊ ဥယျာဉ်ခြံမြေ ၄၀.၇၅ ဧက စုစုပေါင်း ၁၂၆.၆၉ ဧက တို့ကို ဆိုင်ရာဆိုင်ခွင့်များပေး၍ ဆက်လက်လုပ်ကိုင်ခွင့် ပေးထားခဲ့ပါကြောင်း၊

မိုင်းကိုင်မြို့နယ်ရှိ ၂၀၁၃ ခုနှစ် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း နေထိုင်သူများအား ကျူးကျော်စာရင်း ကောက်ယူခဲ့ရာတွင် ဝမ်းပါယန်ကြိုးဝိုင်း၊ မိုင်းယွန်း/မိုင်းလန်း ကြိုးဝိုင်းဧရိယာ တစ်ခုလုံးနှင့် တုံလောကြိုးဝိုင်း၊ နမ့်ကကြိုးဝိုင်းနှင့် လွိုင်လန်းကြိုးပြင် ကာကွယ်တောတို့တွင် နေရာဒေသအချို့၌ ထိုအချိန်က လုံခြုံရေးအခြေအနေများအရ သစ်တောနယ်မြေများအတွင်း ဝင်ရောက် အခြေချနေထိုင်သည့် ရွာစုနှင့်အိမ်ထောင်စုများအား စာရင်းကောက်ယူ နိုင်ခဲ့ခြင်း မရှိပါကြောင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ၂၀၁၃ ခုနှစ်တွင်ကောက်ယူခဲ့သော စာရင်းများအနက် အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည်ပေါက် ကျေးရွာခုနစ်ရွာ၊ ရွာမြေ၊ လယ်မြေ၊ အများပိုင်၊ သာသနာမြေ စုစုပေါင်း ၃၂၃၉.၄၄ ဧက ကို ဝန်ကြီးဌာန၏ ၁၃-၈-၂၀၁၃ ရက်စွဲပါ စာဖြင့်လည်းကောင်း၊ အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးအမည်ပေါက်နှင့် ပြည်ထဲရေးအမည် မပေါက်သော်လည်း အခိုင်အမာတည်ထောင်ထားသည့် ကျေးရွာ ၂၆ ရွာ၏ ရွာမြေ၊ လယ်မြေ၊ သာသနာအများပိုင်မြေ စုစုပေါင်း ၁၁၁၅၈.၁၇ ဧကကို ဝန်ကြီးဌာန၏ ၆-၄-၂၀၁၃ ရက်စွဲပါစာဖြင့် လည်းကောင်း သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

မိုင်းကိုင်မြို့၊ မြို့မအုပ်စု၊ အမှတ် (၃) ရပ်ကွက်နှင်‌့ အခြားအုပ်စုကျေးရွာများမှ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသည်ဆိုသော လယ်ယာမြေများအား တောင်သူများမှ ၁၅-၃-၂၀၁၉ ရက်နေ့တွင် လိုက်လံပြသချက်အရ ကွင်းဆင်းစစ်ဆေးရာ လွိုင်လန်းကြိုပြင် ကာကွယ်တောအတွင်း ကျရောက်လျက်ရှိပြီး ၂၀၁၃ ခုနှစ်က နယ်မြေလုံခြုံရေး အခြေအနေအရ စာရင်းကောက်ယူနိုင်ခဲ့ခြင်း မရှိသည့်နေရာဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်‌ထောင်ရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၊ တစ်ဖက်ကလည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်စေရေးအတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ လိုက်နာဆောင်ရွက်ရမည့် ကတိကဝပ်‌များအရ နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေများအဖြစ်၊ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းနယ်မြေများအဖြစ် သတ်မှတ်ဖွဲ့စည်းရမည် ဖြစ်သည့်အတွက် တည်ဆဲဥပဒေ၊ နိုင်ငံတကာက တိကဝပ်ဖြည်‌့ဆည်း နိုင်ရေးအတွက် သစ်တောနယ်မြေ တိုးချဲ့ဖွဲ့စည်းနိုင်ရေးကို ဦးစားပေးဆောင်ရွက် နေရသည့်အတွက် သစ်တောနယ်မြေမှ လတ်တလော ပယ်ဖျက်ပေးရန် အစီအစဉ်မရှိသေး ပါကြောင်းနှင့် သစ်တောနယ်မြေမှ ပယ်ဖျက်မည်ဆိုပါကလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေပုဒ်မ ၅၄ နှင့်အညီ မြို့၊ ရပ်ကွက်၊ ကျေးရွာပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်းနှင်‌့ သစ်တောမြေမှ ပယ်ဖျက်ပြီးမှသာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ထုတ်ပေးခြင်း လုပ်ငန်းစဉ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ဆည်‌မြောင်း ဝန်ကြီးဌာနမှ ဆောင်ရွက် ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။