ဗဟန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အဆောက်အဦသည် ဗိုလ်ချို (၁) ရပ်ကွက်၊ ဝင်္ကပါလမ်း၊ အမှတ် (၄) ပြန်ကြားရေးဝန်ကြီးဌာနပိုင် ရုံးအတွင်းတည်ရှိပြီး အလျား ၇၅ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၂ ပေရှိ သွပ်မိုးပျဉ်ကာ အဆောက်အဦ၏ အပေါ်ထပ်တွင် ရုံးခန်းအဖြစ် ၁၉၅၈ ခုနှစ်ကတည်းက ဖွင့်လှစ်အသုံးပြုခဲ့ပါကြောင်း၊ ယခုအခါ ယင်းအဆောက်အဦသည် နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အတွက် ဟောင်းနွမ်းပျက်စီးပြီး လေဒဏ်/မိုးဒဏ်ခံနိုင်ရည် အားနည်းခြင်းကြောင့် အန္တရာယ်ရှိသည့် အဆောက်အဦ ဖြစ်နေပါကြောင်း၊ မြေနေရာသည်လည်း ပြန်ကြားရေးဝန်ကြီး ဌာနပိုင် ဖြစ်နေသောကြောင့် ယင်းအဆောက်အဦ၏ အောက်ထပ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ နေထိုင်လျက်ရှိပါကြောင်း၊
ယင်းအဆောက်အဦကို ပြည်သူများနေ့စဉ်သွားလာ ဆောင်ရွက်ရာတွင် အန္တရာယ်ရှိနေခြင်း၊ လေဒဏ်၊ မိုးဒဏ်ခံနိုင်ရန် အားနည်းနေခြင်း၊ ရုံးမှတ်တမ်း၊ စာရွက်စာတမ်းများထားသိုရန် အခက်အခဲ ရှိနေခြင်းတို့ကြောင့် ပြန်လည်ပြုပြင်ပေးရန် သို့မဟုတ် နေရာအသစ်တစ်ခုသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ဦးစီးမှူးရုံးသည် ၁၉၅၈ ခုနှစ်ကတည်းက ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစစ်ဆေးရေးနှင့် မှတ်ပုံတင်ဦးစီးဌာနပိုင် အလျား ၇၅ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၂ ပေရှိသော ပျဉ်အဆောက်အဦအပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော် ကြီးတင်ပြသကဲ့သို့ အဆောက်အဦက နှစ်ကာလကြာမြင့်ပြီ ဖြစ်သည့်အတွက် ဟောင်းနွမ်းဆွေးမြေ့နေခြင်း ဖြစ်ပါကြောင်း၊ ထို့အတွက်လည်း ဝန်ကြီးဌာနအနေဖြင့် သင့်တော်သည့် နေရာတစ်ခုတွင် မြို့နယ်လဝကရုံး ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်ခဲ့ပါသည်။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ကိုလည်း ကော်မရှင်မှာပိုင်သည့် တိုက်ခန်းရရှိရန်လည်း မိမိတို့လျှောက်ထားခဲ့ပါကြောင်း၊ သို့ရာတွင် ကော်မရှင်အနေဖြင့် ၂၀၁၈ ကြိမ်မြောက် အစည်းအဝေးမှ ကော်မရှင်တွင်ရှိသည့် တိုက်ခန်းများကို ပေးအပ်နိုင်ခြင်း မရှိပါကြောင်း၊ ဌာနအနေဖြင့် မြေနေရာရှာဖွေပြီး ပြန်လည်တင်ပြ တောင်းခံပါဟု အကြောင်းပြန်ကြားလိုက်ပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို မြေနေရာရရှိရန် ညှိနှိုင်းတောင်းခံထားပါကြောင်း၊ ပြုပြင်ရန် ကိစ္စက ဌာနတွင်ရှိသည့် သာမန်အသုံးစရိတ်ထဲက ခွဲဝေပြီးမှ ပြုပြင်ရန်အစီအစဉ် ရှိပါကြောင်း၊ သို့ရာတွင် အဆောက်အဦက အတော်ဟောင်းနွမ်းနေပြီ ဖြစ်သည့်အတွက် မိမိတို့ပြန်လည်အသစ် တည်ဆောက်မှ အဆင်ပြေမည့်အနေအထား ဖြစ်ပါကြောင်း၊ ၎င်းအတွက်လည်း နည်းလမ်းနှစ်ခု စဉ်းစားထားပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေနေရာပေးမည်ဆိုပါက မြေနေရာ ရရှိမှသာလျှင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက အဆောက်အဦအတွက် ငွေခွဲဝေပေးခြင်း ဖြစ်ပါကြောင်း၊ မြေနေရာမရှိဘဲ အဆောက်အဦအတွက်ကို ဘဏ္ဍာငွေတောင်းခံ၍ မရပါကြောင်း၊ အဆိုပါ နည်းလမ်းလည်း ဆက်လက်ပြီးမှ ဆောင်ရွက်သွားပါမည်။ လက်ရှိပြန်ကြားရေး ဝန်ကြီးဌာန ပိုင်သည့် ဝန်းထဲတွင်လည်း မြေနေရာများခွဲဝေပေးနိုင်မည်ဆိုပါက ၎င်းမြေနေရာအပေါ် အသစ်ဆောက်လုပ်ရန် စီစဉ်ထားပါကြောင်း၊ ဆက်လက်ပြီးမှ ဝန်ကြီးဌာနချင်းညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်သောကြောင့် ဝန်ကြီးဌာနအနေဖြင့်လည်း ဗဟန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦကို ပြုပြင်ရန်နှင့် အသစ်ပြန်လည် တည်ဆောက်ရန် ဆန္ဒရှိသည့်အပြင် အစီအစဉ်လည်းရှိပါကြောင်း၊ အထက်ကတင်ပြခဲ့သည့် နည်းလမ်းနှစ်ခုဖြင့် ဆက်လက်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
