ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်( ၄၃၃ )ဦး အနက် (၃၉၂)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၁၅)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးထွန်းမြင့်၊ ဗဟန်းမဲဆန္ဒနယ် က မေးမြန်းသော ဗဟန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဉီးစီးဌာန အဆောက်အဉီသည် ပျက်စီးယိုယွင်းနေပါသဖြင့် ပြန်လည်ပြုပြင်ပေးရန် သို့မဟုတ် နေရာအသစ်တစ်ခုသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ မြေနေရာရရှိရန် ညှိနှိုင်းထားရှိပါကြောင်းနှင့် မြေနေရာ ရရှိပါက အသစ်ဆောက်လုပ်ရန် စီစဉ်ထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးစောတင်ဝင်း၊ ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ် က မေးမြန်းသော မြန်မာနိုင်ငံ၌ အဓမ္မလုပ်အားခိုင်းစေခြင်း လုံးဝပပျောက်စေရန်နှင့် ပြန်လည် ခေါင်းထောင်လာနိုင် ခြင်းမရှိစေရန် မြန်မာနိုင်ငံအစိုးရသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် IL.O အစည်း အဝေးများ မကျင်းပမီ အစီအစဉ်ရေးဆွဲထားခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက High-Level Working Group ဝန်ကြီးဌာနအားလုံး ပါဝင်သည့် အဖွဲ့နှင့် ILO နှင့်ပူးပေါင်း၍ တိုင်ကြားမှုယန္တရားများနှင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးကို အစိုးရအနေဖြင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်နေပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးဝင်းနိုင်၊ မိုးကောင်းမဲဆန္ဒနယ် က မေးမြန်းသော မိုးကောင်းမြို့နယ်၊ နန့်ဟိုင် ကျေးရွာအုပ်စုရှိ နန့်ဟိုင်ကျေးရွာနှင့် စေတုန်ကျေးရွာတို့အား ကာမိုင်းကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းမှ ပယ်ဖျက်ပေးနိုင်ခြင်း ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဒေသခံပြည်သူ၁၅၈ဉီးအတွက် ဆိုင်ရာဆိုင်ခွင့်နှင့် အခွင့်အရေးများအား သတ်မှတ် ပေးခဲ့ပါကြောင်းနှင့် မြို့၊ ရပ်ကွက်၊ ကျေးရွာပြင်ဆင်ဖွဲ့စည်းခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ရုံးသို့ တင်ပြဆောင်ရွက်သွားရန်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက လုပ်ထုံး လုပ်နည်းနှင့်အညီ သစ်တောဉပဒေပုဒ်မ ၇ (က) နှင့် (ခ) တို့အရ သစ်တောမြေ အဖြစ်မှ ပယ်ဖျက်နိုင်ရေး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၄) ဦးစိုင်းဆိုင်မိုင်း၊ မိုင်းကိုင်မဲဆန္ဒနယ် က မေးမြန်းသော မိုင်းကိုင်မြို့နယ် မြို့မအုပ်စု အမှတ်(၃)ရပ်ကွက်၊ အခြားရပ်ကွက်ကျေးရွာအုပ်စုများမှ လယ်ယာမြေများနှင့် ရပ်ကွက်ကျေးရွာနှင့် သက်ဆိုင်သောမြေများအား ကြိုးဝိုင်းကြိုးပြင်ကာကွယ်တော ဧရိယာစာရင်းမှ အမြန်ဆုံးပယ်ဖျက်ပေးရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)များ လျှောက်ထားရယူရန် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သစ်တောမြေအဖြစ်မှ လတ်တလောပယ်ဖျက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် မြို့၊ ရပ်ကွက်၊ ကျေးရွာပြင်ဆင်ဖွဲ့စည်းခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော် သမ္မတရုံးသို့ တင်ပြ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်းနှင့် သစ်တောမြေပယ်ဖျက်ပြီးမှသာ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးခြင်းလုပ်ငန်းအား ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးမောင်မောင်၊ ထီးချိုင့်မဲဆန္ဒနယ် က မေးမြန်းသော ထီးချိုင့်မြို့နယ်၊ တကောင်းတောင် နီကယ်စီမံကိန်းတွင် ဧရာဝတီမြစ်ဆိပ်ကမ်း ကရိန်းကုန်တင်ကုန်ချစနစ်အတွက် လျှပ်စစ်ဓာတ်အား သွယ်တန်းရာတွင် ဒေသခံတောင်သူများ၏ လယ်မြေများအတွင်း မီးတိုင်စိုက်ထူ ထားသောကြောင့် နစ်နာမှုကို မည်ကဲ့သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက နစ်နာကြေးများကို သဘောတူညှိနှိုင်း ပေးချေခဲ့ပြီးဖြစ်ပါသော်လည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လယ်ယာမြေ ဉပဒေနှင့်အညီ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များနှင့် တကောင်း နီကယ်စီမံကိန်းမှ တာဝန်ရှိသူများပူးပေါင်း၍ ပြန်လည်ကွင်းဆင်းစိစစ် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးဖိုးမောင်၊ ဖယ်ခုံမဲဆန္ဒနယ် က မေးမြန်းသော တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့အတွင်းရှိ မိုးဗြဲဆည်(ခ)ဖယ်ခုံအင်း၏ အရှေ့ဘက် တွင်နေထိုင်သောကျေးရွာများကို လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကျေးရွာ(၇)ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေခွဲဝေ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျေးရွာ(၈)ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး ငွေရင်း ရန်ပုံငွေဖြင့်လျာထားပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဒေါက်တာဦးစောနိုင်၊ တောင်ဥက္ကလာပမဲဆန္ဒနယ် က မေးမြန်းသော တောင်ဥက္ကလာပ မြို့နယ်အတွင်း သက်တမ်းကြာနေပြီဖြစ်သော လျှပ်စစ် မီးကြိုးများနေရာတွင် လျှပ်စစ် မီးကြိုးအသစ်များ အစားထိုးဆောင်ရွက်ခြင်းကို မည်ကဲ့သို့သော အစီအစဉ်ဖြင့် စီမံချက်ချ၍ ဆောင်ရွက်ထားပါသည်နှင့် လျှပ်စစ်အန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မည်ကဲ့သို့စီမံပြင်ဆင်ထားသည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်ကာအခွံမပါသည့် ကြိုးများကို လျှပ်ကာအခွံပါသောကြိုးများဖြင့် လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၈) ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည်မဲဆန္ဒနယ် က မေးမြန်းသော ရေကြည်မြို့နယ်၊ ငဝန်မြစ် အနောက်ဘက်ကမ်းကျေးရွာများသို့ ငဝန်မြစ်ကို ဖြတ်ကျော်ပြီး သီတာကုန်းပြင်ကျေးရွာကြီးကို အခြေခံကာ လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဓာတ်အားခွဲရုံ (၁) ရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားပြီး ဖြစ်ပါ ကြောင်းနှင့် ဘဏ္ဍာငွေခွဲဝေရရှိပါက ၆၆ ကေဗွီ ဓာတ်အားခွဲရုံတည်ဆောက် ပြီးစီးသည့်အချိန်နှင့် အနီးစပ်ဆုံးတိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်မှ နှစ်အလိုက် အဆင့်အလိုက် လျာထားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၉) ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ် က မေးမြန်းသော ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ အင်းလတ်၊ ဇောင်ချမ်းတောင်၊ အင်းမ၊ အလယ်ရွာ၊ သာဝတ္တိစသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လိုအပ်သောဓာတ်အားလိုင်း သွယ်တန်းမှုများနှင့် ထရန်စဖော်မာတပ်ဆင်ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အင်းလတ်၊ ဇောင်ချမ်းတောင်၊ ကျေးရွာ (၂)ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အစိုးရဘတ်ဂျက်တွင် ထည့်သွင်း လျာထားပြီးဖြစ်ပါကြောင်းနှင့် အင်းမ၊ အလယ်ရွာ၊ သာဝတ္တိ ကျေးရွာများသို့ ကပစ (၁၃)ခွဲရုံမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၁၀) ဦးမျိုးဇော်ဉီး၊ လယ်ဝေးမဲဆန္ဒနယ် က မေးမြန်းသော လယ်ဝေးမြို့နယ်၊ ဗောဓိကုန်း ကျေးရွာတွင် 33/11 KV5-MVA ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၁) ဦးအောင်စိုး၊ သရက်ချောင်းမဲဆန္ဒနယ် က မေးမြန်းသော ထားဝယ်ခရိုင်တွင် အစိုးရ နည်းပညာသိပ္ပံကျောင်း(AGTI) ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်းက ပင်မဆောင် (၃)ထပ် (၁)လုံး၊ အလုပ်ရုံ (၁)ထပ် (၂)လုံး၊ ဆရာ၊ ဆရာမဆောင် (၄)ခန်းတွဲ (၄)ထပ် (၂)လုံး၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ရေရရှိရေးနှင့် မီးရရှိရေးတို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေလျာထားလျက်ရှိပါကြောင်းနှင့် ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၁၂) ဦးအောင်ကျော်ဉီး၊ မိုင်းတုံမဲဆန္ဒနယ် က မေးမြန်းသော တက္ကသိုလ်ဝင်ခွင့်၊ ဆေးတက္ကသိုလ်ဝင်ခွင့်နှင့် တိုက်ရိုက်လျှောက်ထားနိုင်သော ကျောင်းများအား ဝင်ခွင့်လျှောက်ထားရာတွင် ကျောင်းသားတစ်ဉီးတည်း ကျောင်း (၃)ကျောင်းတွင် ဝင်ခွင့်ပါနေခြင်းကြောင့် အမှတ်အနည်း ငယ်လျော့သော ကျောင်းသားများသည် တက်ရောက်ချင်သောကျောင်းသို့ တက်ရောက်ခွင့်မရရှိဘဲ နစ်နာခဲ့မှုအပေါ် မည်သို့ ဖြေရှင်းဆောင်ရွက် ခဲ့သည်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရေးကို မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်းက တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်လာမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကြိုတင်၍ သတင်းစာနှင့် ဂျာနယ်များတွင် ဆောင်းပါးများ ရေးသားဖော်ပြခြင်း၊ မြန်မာ့ ရုပ်မြင်သံကြားတွင် စကားဝိုင်းဆွေးနွေး ပွဲများ ပြုလုပ်ခြင်းတို့ဖြင့် အသိပေးပြီး ယခင်နှစ်တွင် ဖြစ်ပေါ်ခဲ့သော အားနည်းမှုများ မဖြစ်ပေါ်စေရန် ကြိုတင်စီမံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၃) ဦးတင်နု (ခ) ဦးတင်နုအောင်၊ မာန်အောင်မဲဆန္ဒနယ် က မေးမြန်းသော မာန်အောင် မြို့နယ်အတွင်းရှိ သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အား အခြေခံပညာ အထက်တန်းကျောင်း အဖြစ်သို့လည်းကောင်း၊ င/ပုန်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) အား အခြေခံပညာ အလယ်တန်းအဆင့်သို့ လည်းကောင်း၊ ညောင်ကုန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အဖြစ်သို့လည်းကောင်း၊ အဆင့်တိုးမြှင့် ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်းက တင်ပြပါကျောင်း (၃)ကျောင်းအား အဆင့် တိုးမြှင့် ဖွင့်လှစ်ပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၄) ဦးပါထန်း၊ မတူပီမဲဆန္ဒနယ် က မေးမြန်းသော မတူပီမြို့ အနောက်ခိုဘွေရပ်ကွက်ရှိ အလယ်တန်းကျောင်းခွဲအတွက် လိုအပ်သော (၄) ခန်းတွဲ(၂)ထပ်ဆောင် သံကူကွန်ကရစ် ကျောင်းဆောင်အသစ်တစ်ခုအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်သို့ ရောက်ရှိမှသာ ငွေလုံး ငွေရင်းရန်ပုံငွေခေါင်းစဉ်အောက်မှ ထည့်သွင်းလျာထားပြီး ရန်ပုံငွေအခြေအနေအပေါ် မူတည်၍ ဉီးစားပေးအဆင့်အလိုက် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၁၅) ဦးဝင်းမင်း၊ လှိုင်သာယာမဲဆန္ဒနယ် က မေးမြန်းသော လှိုင်သာယာမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအတွက် မြေပြုပြင်ပေးပြီး ကျောင်းအားကစားကွင်းနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများတည်ဆောက်ပေးခြင်း၊ ကျောင်းဆောင် အသစ်များဆောက်လုပ်ရာတွင် လမ်းအမြင့်ထက် မြှင့်တင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်းက အခြေခံပညာကျောင်း (၁၁) ကျောင်းအနက် (၇) ကျောင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းနှင့် ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေခေါင်းစဉ် အောက်တွင် လျာထားစာရင်းပါဝင်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ဂ ) အဆို (၁) ခု ဆွေးနွေးခြင်းနှင့်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဦးအောင်သိုက်၊ ဆိပ်ဖြူမဲဆန္ဒနယ် က တင်သွင်းသည့် မြန်မာနိုင်ငံမှာ သမိုင်းဘာသာနှင့် ပထဝီဝင်ဘာသာအကြောင်း တတ်သိကျွမ်းကျင်သော ပညာရှင်များ ကမ္ဘာ့အလယ်မှာ ပေါ်ထွန်းလာစေရန် သမိုင်းဘာသာနှင့်ပထဝီဘာသာကို အခြေခံပညာအလယ်တန်း အဆင့်တွင် ယခုထက်ပိုမို သင်ကြားနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၇)ဉီးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၂ နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၃၀-၅-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
