ဘုန်ဟုန်းလမ်းခွဲဆိုသည်မှာ မိမိတို့မတူပီမြို့မှ လာလွီးပြည်မြို့ကို သွားသည့်လမ်းမပေါ်မှ ခွဲထွက်သွားသည့် လမ်းဖြစ်ပါကြောင်း၊ မတူပီမြို့မှလာလွီးပြည် လမ်းကိုသွားသည့်လမ်းက ပြီးခဲ့သည့် ၂၀၁၀-၁၅ အစိုးရခေတ်တွင် ဖောက်လုပ်ခဲ့သောလမ်း ဖြစ်ပါကြောင်း၊ လမ်းမိုင်ပေါင်း ၈၀ ကျော် သော်လည်း မိမိတို့၎င်းလမ်းနှင့်ပတ်သက်ပြီးမှ လမ်းခွဲတစ်ဆက်တစ်စပ်ရှိ ကျေးရွာများကိုသွားမည့် လမ်းများက ကားလမ်းပေါက်ရောက်ခြင်း မရှိပါကြောင်း၊ မြေသားလမ်းလုံးဝ မပေါက်သည့် အတွက်ကြောင့် ဒေသ၏ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သည့်နေရာတွင် အထူးသဖြင့် လမ်းမပေါက်သည့် အတွက်ကြောင့် အင်မတန်မှအခက်အခဲ ရှိပါကြောင်း၊
ဒေသခံပြည်သူလူထု၏ ဆက်သွယ်သွားလာရေးမှာလည်း တော်တော်အခက်အခဲရှိပါကြောင်း၊ ၄ ပေ အကျယ်ခန့်ရှိသည့် ဆိုင်ကယ်လမ်းသည်လည်း အန္တရာယ်ရှိစွာ သွားလာသည့်အခါ ပြည်သူ လူထုများအတွက် အင်မတန်မှ အန္တရာယ်ရှိပြီး အကြိမ်ကြိမ်လည်း ဆိုင်ကယ်မှောက်ပြီး သေကြေ ခဲ့ကြခြင်းများလည်း တေ့ွရှိရပါကြောင်း၊ အထူးသဖြင့် နာရေးကိစ္စများတွင် အင်မတန်မှ ပိုဆိုးပါကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းများကို ၂၀၁၆ ခုနှစ် လွှတ်တော်ရောက်ကတည်းက မြို့နယ်မှအောက်ခြေတွင် အဆိုပြုသည့်အခါ အကြိမ်ကြိမ်တင်ပြခဲ့ပြီး ဖြစ်ပါသော်လည်း ကျေးလက်လမ်းများ ဘတ်ဂျက် ချမပေးသည့်အခါ ယနေ့အထိတိုင် လုံးဝဖောက်လုပ်ပေးခဲ့ခြင်း မရှိပါကြောင်း၊ ဘုန်ဟုန်းလမ်းခွဲမှ ဘွေရိန်အထိဆိုလျှင် ဘုန်ဟုန်းလမ်းခွဲနှင့် လာလွီးအထိက ၃ မိုင်၊ လာလွီးမှ ဘွေရိန်အထိက ၇ မိုင်၊ လာလွီးမှဒိုင်နိုင်းအထိက ၃ မိုင်၊ လာလွီးမှ ခွါဟုန်းအထိက ၃ မိုင် ကို မိမိတို့ သုံးနှစ်ကျော် တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊
သို့သော်လည်း ယခုနှစ်ကြား RE ဖြည့်စွက်ရန်ပုံငွေ စာရင်းပြန်ပြုစုသည့်အခါတွင်လည်း မြို့နယ်တွင်ရှိသည့် ကျေးလက်အင်ဂျင်နီယာနှင့် တိုင်ပင်ပြီး ထိုလမ်းကိုလည်း ထပ်မံပြီးမှ ဖြည့်စွက် လုပ်ပေးနိုင်ရေးအတွက် ထပ်မံတင်ပြထားခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အများပြည်သူ ကျေးလက်တွင်နေသည့် ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ဘုန်ဟုန်း လမ်းခွဲမှလာလွီး၊ ဘွေရိန်၊ လာလွီးဒိုင်နိုင်း၊ လာလွီးခွါဟုန်း ၎င်းကျေးလက်လမ်းများကို ဖောက်လုပ် ပေးနိုင်ခြင်းရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်။ အစီအစဉ်ရှိပါက မည်သည့်နေ့၊ မည်သည့်အချိန်နှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို တိတိကျကျ သိလိုပါကြောင်း မေးမြန်းပါသည်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ မတူပီ-လိုင်လင်း-ဘုန်ဟုန်းလမ်းခွဲမှ လာလွီးကျေးရွာ၊ ဘွေရိန်း ကျေးရွာ၊ ဒိုင်နှိုင်းကျေးရွာနှင့် ခွါဟုန်းကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် လမ်းများသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းများဖြစ်ပါကြောင်း၊ ဘုန်ဟုန်းလမ်းခွဲမှ လာလွီး-ဘွေရိန်း(က)- ဘွေရိန်း (ခ) လမ်းခွဲအထိ အရှည် ၁၂ မိုင်၊ အကျယ် ၅ ပေရှိပြီး လမ်းအဆင့်သတ်မှတ်ချက်အရ Class B ဦးစားပေးအဆင့် (၂) တွင် ပါဝင်သောလမ်း ဖြစ်ပါကြောင်း၊ ဘုန်ဟုန်းလမ်းခွဲမှ ဒိုင်နှိုင်းကျေးရွာအထိ လမ်းအရှည် ၆ မိုင်၊ အကျယ် ၅ ပေရှိပြီး လမ်းအဆင့်သတ်မှတ်ချက်အရ Class C ဦးစားပေးအဆင့် (၃) တွင် ပါဝင်သောလမ်း ဖြစ်ပါကြောင်း၊ လာလွီး-ခွါဟုန်း-ကေကာကုန်း (ပလက်ဝနယ်) လမ်းအရှည် ၁၀ မိုင်၊ အကျယ် ၅ ပေ ရှိသော လမ်းပိုင်းသုံးခုတို့ ပါဝင်ပြီး ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပြီးပါက ကျေးရွာခုနှစ်ရွာ၊ အိမ်ခြေ ၂၈၄ အိမ်နှင့် လူဦးရေ ၁၆၀၀ ကျော်ကို တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါကြောင်း၊
ချင်းပြည်နယ်၊ မတူပီမြို့နယ်အနောက်ဘက်ရှိ မတူပီ-လိုင်လင်းတယ်လမ်းပေါ်ရှိ ဘုန်ဟုန်းလမ်းခွဲမှ သွားလာရသော လာလွီးကျေးရွာ၊ ဘွေရိန်းကျေးရွာ၊ ဒိုင်နှိုင်းကျေးရွာနှင့် ခွါဟုန်းကျေးရွာတို့ကို ဆက်သွယ်သော ကျေးရွာချင်းဆက်လမ်းများသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class B ဦးစားပေးအဆင့် (၂) နှင့် Class C ဦးစားပေးအဆင့် (၃) တို့တွင် ပါဝင်သောလမ်းများ ဖြစ်နေပါသဖြင့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်နောက်ပိုင်း ကာလများတွင် ပြည်ထောင်စုရန်ပုံငွေနှင့် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးပါထန်း (မတူပီမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့ အဆိုပါ ဌာနကတင်ပြသည့် အမှန်အတိုင်းအတာနှင့် လက်တွေ့မြေပြင်၏ အတိုင်းအတာ များကလည်း ကွာခြားမှုရှိပါကြောင်း၊ အဆိုပါ လာလွီး၊ ဘုန်ဟုန်းလမ်းခွဲမှ လာလွီး- ဘွေရိန်အထိကို ၁၂ မိုင်မရှိပါကြောင်း၊ သို့သော်လည်း ၁၂ မိုင်ဟု ဖော်ပြထားခြင်း ရှိပါကြောင်း၊ နောက်ပြီး လာလွီး-ဒိုင်နှိုင်းလည်း ၃ မိုင် ရှိပါကြောင်း၊ သို့သော် ၆ မိုင်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ နောက်ပြီး ယခုနှစ်ဖြည့်စွက်ရန်ပုံငွေတွင် မကြာသေးခင် မိမိတို့ မြို့နယ်တွင်ရှိသော ဌာနဆိုင်ရာမှ ၎င်းလမ်းပိုင်းကို ဖောက်လုပ်ပေးနိုင်ရန် အဆိုပြုထားခြင်း ရှိပါကြောင်း၊
ယခု ဝန်ကြီးဖြေသည့်အခါ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ဆိုလိုချင်သည်မှာ ၎င်းလမ်းပိုင်းက မြို့နယ်နှင့် အောက်ခြေက အဆိုပြု RE နှင့် ဆောင်ရွက်ရန်အတွက် အဆိုပြုထားခြင်းလည်း ရှိပါလျက်ဖြင့် ၂၀၂၁ အလွန်တွင် ဆောင်ရွက်နိုင် မည်ဆိုသည့် ကိစ္စက ပြည်သူများ၏ မျှော်လင့်ချက်က အင်မတန်မှ ဝေးကွာစေနိုင်ပါကြောင်း၊ နောင်နှစ်ဆို မိမိတို့ လာလွီးကျေးရွာ၏ အလယ်တန်းကျောင်း အဆောက်အဦလည်း လွှတ်တော်တွင် မေးခွန်းမေးပြီးမှ ဆောက်လုပ်ပေးရန်အတွက် ကတိကဝတ်လည်းကျပြီး ဖြစ်သည့်အတွက်ကြောင့် အကယ်၍များ အဆိုပါကားလမ်းများ မပေါက်ရောက်နိုင်ပါက ကျောင်းဆောင်များ ဆောက်လုပ် ပေးရန်လည်း အခက်အခဲရှိမည် ဖြစ်သည့်အတွက်ကြောင့် RE တွင်လည်း မိမိတို့ ယခုနှစ် ၂၀၁၈-၁၉ RE တွင်လည်း ထည့်ထားပြီး ဖြစ်သည့်အတွက်ကြောင့် RE ရန်ပုံငွေနှင့်ဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးတွင် ကျေးလက် လမ်းပေါင်း မိုင်ပေါင်း ၅၃၀၀၀ ကျော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးအားဖြင့် ချင်းပြည်နယ်တွင် ရှိသည့် ကျေးလက်လမ်းများကိုလည်း အထူးအကောင်အထည်ဖော် ပေးချင်သည့်စိတ်ဆန္ဒများလည်း ရှိပါကြောင်း၊ သို့သော် ဘဏ္ဍာငွေ ကန့်သတ်ချက်အရ နောက်ကျေးလက်လမ်းတွင် ၎င်းတို့ကို Class A၊ Class B၊ Class C သတ်မှတ်ထားပြီး ၎င်းတို့ပေါ်ကမူတည်ပြီး မိမိတို့ ရန်ပုံငွေ တောင်းခံနေရသည့် အတွက် ယခုလို လျော့နည်းသွားပါကြောင်း၊ ၂၀၂၀-၂၁ ခုနှစ်တွင် အဆိုပါ လမ်းများက Class B၊ Class C ဖြစ်နေသည့်အတွက် စဉ်းစားရခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း ဒေသခံများ၏ လိုအပ်ချက်အရ နောင်လာမည့်ဘဏ္ဍာရေးနှစ်တွင် ထပ်မံပြီး ဆွေးနွေးတင်ပြလိုလျှင် မိမိတို့အနေဖြင့် ရရှိနိုင်မည့် ဘဏ္ဍာငွေကြေးပေါ် မူတည်ပြီး စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်သည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။
