မိမိတို့နိုင်ငံသည် ကမ္ဘာတွင်အရည်အသွေး အကောင်းဆုံးနှင့် အဖိုးထိုက်တန်ဆုံး ပတ္တမြားနှင့်ကျောက်စိမ်း ရတနာများပေါများစွာ ထွက်ရှိသည့် နိုင်ငံဖြစ်ကြောင်း၊ အဖိုးထိုက်၊ အဖိုးတန်သယံဇာတများ ပေါများလှသော်လည်း အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံဖြစ်နေသည်မှာ ရင်နာစရာဖြစ်ပါကြောင်း၊ နိုင်ငံ၏ ကြွယ်ဝလှသော အဖိုးတန်ရတနာများ၏ အကျိုးကျေးဇူးကို နိုင်ငံသူနိုင်ငံသားများ ပြည့်ပြည့်ဝဝ သုံးဆောင်ခံစားခွင့်ရရှိရန် အရေးကြီးပါကြောင်း၊ လူတစ်စု၊ လူတစ်ဖွဲ့က ချုပ်ကိုင်အပိုင်သိမ်းယူ အကျိုးခံစားအပ်သည့် အရာမဟုတ်ပါကြောင်း၊ မကြာခဏသတင်းစာများ၊ စာစောင်များ၌ ကျောက်စိမ်းတရားမဝင် ခိုးထုတ်သယ်ဆောင်မှုများနှင့် ပတ်သက်၍့ ဖမ်းဆီးရမိသည့် သတင်းများကို တွေ့ရှိနေရပါကြောင်း၊ ဒေသခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ RFA သတင်းဌာနကို ပြောပြမှုအရ တစ်နေ့လျှင် ကျောက်စိမ်းတန် ၆၀ ခန့် တစ်ဖက်နိုင်ငံကို ထိုးထွက်နေသည်ဟု သိရှိရပါကြောင်း၊ ၁၂-၂-၂၀၁၇ ရက်နေ့က မိုးညှင်းမြို့နယ်တွင် ကျောက်မျက်ကုမ္ပဏီကြီးတစ်ခုက တရားဝင်အခွန်ဆောင် ကျောက်စိမ်းများ သယ်ဆောင်ရာတွင် အံဝှက်နှင့်သယ်ဆောင်လာသည့် တရားမဝင်ကျောက်စိမ်းကား ရှစ်စီးတိုက် ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၂၉-၄-၂၀၁၉ ရက်နေ့ ညနေ ၅ နာရီခွဲကလည်း အင်းတော်မြို့နယ် နဘားလမ်းဆုံ၌ တရားမဝင် ကျောက်စိမ်းအရိုင်းတုံး ၁၀၇.၄၅ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂-၃-၂၀၁၉ ရက်နေ့ကလည်း မိုးညှင်းမြို့နယ် နမ့်ပိုကျေးရွာအနီး မြို့ရှောင်လမ်း၌ ကား ၁၇ စီးနှင့် တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး တန် ၃၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး မေလ ၉ ရက်နေ့တွင် မိုးညှင်းမြို့နယ်က ထွက်လာသော မြစ်ကြီးနား-မန္တလေးအဆုံ ကုန်ရထားပေါ်၌ ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ ၄၀၅ တုံး၊ ကျောက်စိမ်းခွဲခြမ်း ၂၂ ခြမ်း စုစုပေါင်းကျောက်စိမ်း ၆၉၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တရားမဝင် ကျောက်စိမ်းခိုးထုတ် သယ်ယူမှုများမှ ဖမ်းဆီးရမိသော ကျောက်စိမ်းရတနာများအား မည်သည့်အဖွဲ့အစည်းက မည်ကဲ့သို့ ထိန်းသိမ်းထားရှိပြီး မည်ကဲ့သို့ စီမံခန့်ခွဲသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသည် မြန်မာနိုင်ငံအနှံ့အပြားရှိ တပ်ရင်း/တပ်ဖွဲ့များ၊ အကောက်ခွန် ဦးစီးဌာနနှင့် ဌာနဆိုင်ရာအသီးသီးတို့က ဖမ်းဆီးရမိအပ်နှံသည့် ကျောက်စိမ်းရိုင်းများကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ငါးဧကအကျယ်အဝန်းခြံရှိ သိုလှောင်ရုံ (၁)၊ (၂) တွင် လည်းကောင်း၊ ကျောက်မျက်ရတနာ ပြတိုက်၊ မီးလုံအာမခံခန်းထဲ၌ လည်းကောင်း၊ သက်ဆိုင်ရာ အမှုတွဲများအလိုက် သီးခြားစီထုပ်ပိုး သိမ်းဆည်းထားရှိပါကြောင်း၊
ဖမ်းဆီးရမိကျောက်စိမ်းရိုင်းများကို အမှုစီရင်ခံစဉ်ခေတ္တ အပ်နှံခြင်းအတွက် ယာယီလက်ခံ သိမ်းဆည်းခြင်းနှင့် အမှုပြီးပြတ်၍ နိုင်ငံပိုင်ပြည်သူ့ဘဏ္ဍာအဖြစ် အပ်နှံခြင်းအတွက် အပြီးသတ် သိမ်းဆည်းခြင်းဟူ၍ ဆောင်ရွက်နည်းနှစ်မျိုးဖြင့် လက်ခံထိန်းသိမ်းထားရှိပါကြောင်း၊ အမှုစီရင်ဆဲ ယာယီအပ်နှံထားသော ကျောက်စိမ်းရိုင်းများကို ဖမ်းဆီးခံရသူမှ တရားဝင်ကျောက်ဖြစ်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများ တင်ပြနိုင်လာပြီး တရားရုံးက အမှုနိုင်ဒီဂရီ ချမှတ်ခဲ့ပါက မူလအပ်နှံရာစခန်း/ဌာနများသို့ မူလအပ်နှံသည့် ဓာတ်ပုံ၊ စာရွက်စာတမ်း၊ မှတ်တမ်းများနှင့်အတူ ပြန်လည်ပေးအပ်ပါကြောင်း၊ အဆိုပါ ကျောက်စိမ်းရိုင်းများကို ငါးဧကရှိ သိုလှောင်ရုံ (၁) နှင့် (၂) တို့အတွင်း သီးသန့် သတ်မှတ်နေရာတွင် အမှုတွဲအလိုက် သီးခြားစီ ထုပ်ပိုးချိပ်ထိုးပြီး သိမ်းဆည်းထားရှိပါကြောင်း၊
အမှုပြီးပြတ်သော နိုင်ငံပိုင်ပြည်သူ့ဘဏ္ဍာအဖြစ် အပ်နှံသည့် ကျောက်စိမ်းရိုင်းများကိုလည်း အဆိုပါ သိုလှောင်ရုံများမှ အမှုတွဲအလိုက် သီးခြားစီခွဲခြားပြီး ထုပ်ပိုးသိမ်းဆည်းထားရှိပါကြောင်း၊ ဖမ်းဆီး ရမိသည့် ကျောက်အချောထည်နှင့် လက်ဝတ်ရတနာပစ္စည်းများကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရှိ CCTV ကင်မရာတပ်ဆင်ထားသော မီးလုံအာမခံအခန်း၌ သီးခြားထုပ်ပိုး သိမ်းဆည်းထားရှိပါကြောင်း၊ ဖမ်းဆီးရမိ ကျောက်စိမ်းရိုင်းများကို သိမ်းဆည်းရာ ဒက္ခီဏသီရိ မြို့နယ်၊ (၅) ဧကရှိ သိုလှောင်ရုံ (၁) နှင့် (၂) ၏ အတွင်းအပြင်နှင့် ခြံဝန်းအတွင်းတွင် လုံခြုံရေး CCTV ကင်မရာ ၂၉ လုံး တပ်ဆင်ထားပြီး အရာရှိဦးစီးဝန်ထမ်း ၆ ဦးပါဖွဲ့စည်း၍ နေ့/ညတာဝန် အလှည့်ကျ တာဝန်ချထားသည့် စနစ်ဖြင့် ထိန်းသိမ်းထားရှိပါကြောင်း၊
ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ကျောက်စိမ်းရိုင်းများအတွက် ဖမ်းဆီးအပ်နှံစဉ် တန်ဖိုးဖြတ် အဖွဲ့များက တွက်ချက်တန်ဖိုးသတ်မှတ်သည့် တန်ဖိုးကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုငွေချီးမြှင့်ခြင်း ဆိုင်ရာအမိန့်အမှတ် (၁၂၄/၂၀၁၅) အပိုဒ် (၉) နှင့် အမိန့်အမှတ် (၄၉/၂၀၁၇) တို့အရ ဆုငွေချီးမြှင့် ပေးအပ်ခဲ့ပါကြောင်း၊ ဆုချီးမြှင့်ရာတွင် သတင်းပေးသူကို ၂၀ ရာခိုင်နှုန်း၊ ဖမ်းဆီးသူကို ၃၀ ရာခိုင်နှုန်းနှင့် နိုင်ငံတော်ထည့်ဝင်ငွေ ၅၀ ရာခိုင်နှုန်းတို့ကို သတ်မှတ်ချက် များနှင့်အညီ တွက်ချက်ပြီး ချီးမြှင့်ပေးလျက် ရှိပါကြောင်း၊ အမှုပြီးပြတ်၍ နိုင်ငံပိုင်ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ကျောက်စိမ်းရိုင်းများကို အရွယ်အစား၊ အလေးချိန်၊ အရည်အသွေး၊ အမျိုးအစားပေါ်မူတည်ပြီး တူညီရာများ စုစည်းအတွဲဖွဲ့၍ မဏိရတနာကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်မည့် ကျောက်မျက်ရတနာပြပွဲများမှ နိုင်ငံခြားငွေ၊ မြန်မာကျပ်ငွေဖြင့် တင်ပြရောင်းချလျက် ရောင်းချရငွေအား နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းခြင်းဖြင့် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊
အတွဲစုဖွဲ့၍ တင်ပြရောင်းချရာတွင် နိုင်ငံခြားငွေဖြင့် ရောင်းချပွဲဖြစ်ပါက အတွဲတစ်တွဲ၏ အခြေခံ ကြမ်းခင်းဈေး ယူရို ၅၀၀၀၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပွဲဖြစ်ပါက အတွဲတစ်တွဲ၏ အခြေခံ ကြမ်းခင်းဈေး ၁၀ သိန်းတန်ဖိုးရှိသည့် ကျောက်စိမ်းရိုင်းတစ်တုံး သို့မဟုတ် အရွယ်အစား၊ အရည်အသွေး တူရာစုစည်းထားသော အတွဲများအဖြစ် အတွဲဖွဲ့၍ ရတနာပြပွဲတစ်ပွဲလျှင် အတွဲအရေအတွက် ၂၀ မှ ၅၀ အထိ တင်ပြရောင်းချလျက်ရှိပြီး အကယ်၍ ပြပွဲတစ်ပွဲတွင် ရောင်းချရခြင်းမရှိပါက အဆိုပါအတွဲအား အခြေခံဈေးနှုန်း ပြင်ဆင်သတ်မှတ်ခြင်း၊ အရည်အသွေး အမျိုးအစားတူရာ ကျောက်စိမ်းရိုင်းများ ထပ်မံထည့်သွင်း၍ အသစ်အတွဲဖွဲ့ခြင်းတို့ဖြင့် ပြင်ဆင် ရောင်းချရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊
ဖမ်းဆီးရမိ အပ်နှံရရှိမိသော ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာ ပစ္စည်းများအတွက် အကြမ်းထည်များ ပါရှိလာပါက မိမိဌာနက အချောထည်စက်ရုံကို ပုံကြမ်းလောင်းခြင်း၊ အချောကိုင်ခြင်း၊ အရောင်းတင်ခြင်းများဆောင်ရွက်ပြီး နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ ကျောက်မျက်ရတနာ ပြတိုက်များ၌ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်း အရောင်းဆိုင်များတွင် လာရောက်ကြည့်ရှုသူ အများပြည်သူနှင့် နိုင်ငံခြားသားများအား ရောင်းချပေးလျက် ရှိသည့်အပြင် ကျောက်မျက်ရတနာ ပြပွဲတွင်လည်း အတွဲအရေအတွက် ၂၀ မှ ၅၀ အထိ အတွဲဖွဲ့ တင်ပြရောင်းချလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နိုင်ငံတော်နှင့် နိုင်ငံသားများပိုင်ဆိုင်သည့် အဖိုးထိုက်အဖိုးတန် ကျောက်စိမ်းရတနာများကို ဥပဒေမဲ့ ခိုးထုတ်နေမှုများအား စနစ်တကျတားဆီး ကာကွယ်စောင့်ရှောက်၍ နိုင်ငံတော်နှင့်နိုင်ငံသားများ အရှည်သဖြင့် သုံးဆောင်ခံစားနိုင်ရေး မည်ကဲ့သို့စီစဉ်ဆောင်ရွက် ထားသည်ကိုလည်း သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
နိုင်ငံတော်အဖိုးတန် သယံဇာတများဖြစ်သည့် ကျောက်စိမ်းကျောက်မျက်ရတနာများကို တရားမဝင် လမ်းကြောင်းမှ ခိုးထုတ်နိုင်ခြင်းမရှိရန်အလို့ငှာ တပ်ရင်းတပ်ဖွဲ့များ ပါဝင်သည့်အဖွဲ့များ၊ ပူးပေါင်းအဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့များနှင့် နယ်ကြားဂိတ်အသီးသီးတွင် လည်းကောင်း၊ ပြည်တွင်း၌ သော်လည်းကောင်း အမြဲတမ်းစိစစ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးခြားဆောင်ရွက် ထားသည့် အဖွဲ့အစည်းများနှင့်လည်း ဖမ်းဆီးအရေးယူ သတင်းပေးမှုအရလည်း အရေးယူခြင်းများ ရှိပါကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ အသေးစိတ်အစီအစဉ်ကို လွှတ်တော်ကိုယ်စား လှယ်ကြီးအား စာဖြင့်ဖြေကြားပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
