နိုင်ငံတစ်နိုင်ငံတွင် လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှ ခေတ်နှင့်လျော်ညီအောင် နေရာဒေသ မြို့နယ်၊ မြို့ရပ်ကွက်/ကျေးရွာများကို ပြင်ဆင်ဖြည့်စွက် အသစ်ဖြည့်ဆည်းရန် လိုအပ်လာပါကြောင်း၊ မိမိတို့ ဥပဒေပြုရေးမဏ္ဍိုင်ကဲ့သို့ ခေတ်စနစ်နှင့်မလျော်ညီတော့သော ဥပဒေများကို ပြင်ဆင်ဖြည့်စွက် အသစ်ပြဋ္ဌာန်း၊ ပယ်ဖျက်ခြင်းများ လုပ်ဆောင်ကြရပါကြောင်း၊ ထို့အတူ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရအခန်း (၈) ပုဒ်မ ၃၅၅ တွင်ပါသည့် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ နိုင်ငံတော် အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထား ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဒိုက်ဦးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၈၂ ရွာနှင့်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဧရိယာအကျယ်အဝန်းအားဖြင့် ၄၉၇.၀၃ စတုရန်းမိုင်ရှိပြီး တောင်နှင့်မြောက် ၂၅ မိုင်၊ အရှေ့နှင့်အနောက် မိုင် ၃၀ ခန့်ကျယ်ဝန်းလှပါကြောင်း၊ လူဦးရေအားဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ၂၀၅၀၀၀ ကျော်နေထိုင်သော မြို့နယ်တစ်ခုလည်း ဖြစ်ပါကြောင်း၊
လွန်လေခဲ့ပြီးသော ဆယ်စုနှစ်ပေါင်းများစွာကတည်းက စာရင်းများဖြစ်၍ ယနေ့ပြည်သူ့အစိုးရလက်ထက် ဒီမိုကရေစီ နိုင်ငံတော်အသစ်ကို ထူထောင်နေချိန်တွင် တိုးတက်များပြားလာသောလူဦးရေ နိစ္စဓူဝ သွားလာလှုပ်ရှားနေသော ပြည်သူများ ယခင်ကထက်များပြားပြီး ကျေးရွာများလည်း ပိုမိုများပြား လာပါကြောင်း၊ မိမိတို့လွှတ်တော်အစည်းအဝေး နားရက်များ၌ ကွင်းဆင်းဆောင်ရွက်သည့်အခါ ကျေးရွာအမည်ပေါက်သေးသော ကျေးရွာများကိုပါမကျန် ကွင်းဆင်းဆောင်ရွက်သည့်အခါ အဆိုပါ ကျေးရွာ အမည်ပေါက်မရရှိသေးသည့်အတွက် နိုင်ငံတော်မှ ချမှတ်ပေးလိုက်သော ရပိုင်ခွင့် အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း တင်ပြအပ်လိုပါကြောင်း၊ ဥပမာအားဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပေးအပ်သော မြစိမ်းရောင်စီမံကိန်း၊ VDP Project များလည်းမရရှိခဲ့ပါကြောင်း၊ အချို့ကျေးရွာများတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ယခုအချိန်အထိ နှစ်ပေါင်း ၅၀ ကျော်ကြာ ကျေးရွာအမည်ပေါက် မရရှိခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) ပုဒ်မ ၃၄၇ အရ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်။ ထို့အပြင် ဥပဒေအကာအကွယ်ကိုလည်း တန်းတူညီမျှရပိုင်ခွင့် ရှိစေရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊
ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သော အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လျစ်လျူရှုခဲ့ပါသလား၊ သို့မဟုတ် ကျေးရွာနေ ပြည်သူများမှ တင်ပြမှုအားနည်းလေခြင်းလား၊ ဒိုက်ဦးမြို့နယ်တွင် ကျေးရွာစာရင်း ကောက်နုတ်ချက်များအရ ပြည်ထဲရေးအမည်ပေါက် ကျေးရွာ ၂၇ ရွာ တွေ့ရှိခဲ့ရပါကြောင်း၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်တော်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ဆောင်နိုင်ရန် အစည်းအဝေးဆုံးဖြတ်ချက် ချခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်ထဲရေး အမည်မပေါက်သေးသော ၂၇ ရွာအနက် ၁၇ ရွာသည် ကျေးရွာအမည် ပေါက်လုပ်ဆောင်ပေးရန် စည်းမျဉ်းနှင့်ကိုက်ညီပြီး ၁၀ ရွာမှာ ကိုက်ညီမှုမရှိခဲ့ပါကြောင်း၊ ကိုက်ညီမှုရှိခဲ့သော ကျေးရွာ ၁၇ ရွာများမှာ သိုက်တူးကုန်းကျေးရွာ၊ ဘိုတဲလေးကျေးရွာ၊ ဘိုတဲလေးရွာသစ်ကျေးရွာ၊ အောင်သုခ ကျေးရွာ၊ အေးသာယာကျေးရွာ၊ မအူပင်ရွာသစ်ကျေးရွာ၊ အုန်မြစ်စုကျေးရွာ၊ ဉာဏ်အင်းကျေးရွာ၊ အေးသာယာ ကျေးရွာ၊ နှင်းပုလဲကျေးရွာ၊ ဘိုင်းဒါးသစ်ကျေးရွာ၊ ကျားချောကျေးရွာ၊ ဂုံညင်းတန်း ကျေးရွာ၊ ပွဲကြီးကျေးရွာနှင့် အောင်သာယာကျေးရွာ၊ အောင်စိုးမိုးကျေးရွာနှင့် တောင်ကလေးကျေးရွာ တို့ဖြစ်ပါကြောင်း၊
၎င်းကျေးရွာများကို မေးခွန်းမှာပါရှိသည့်အတိုင်း ကျေးရွာအမည်ပေါက် အမြန်ဆုံးဆောင်ရွက်ပေးမည် ဆိုပါက ထိုးကျေးရွာများ၌နေထိုင်သော ဒေသခံပြည်သူများအနေဖြင့် အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်ကြမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ လူ့အခွင့်အရေးများ ဆုံးရှုံးခဲ့ရသော သူတို့၏ လူမှုဘဝအထွေထွေကို လုံခြုံမှုပေးနိုင်သကဲ့သို့ ကယ်တင်ရာလည်း ရောက်ခဲ့ပါကြောင်း၊ ထို့ကြောင့် အဆိုပါကျေးရွာများအား ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် အမြန်ဆုံးဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း အမည်မပေါက်သေးသော ကျေးရွာများအား ၁၂-၇-၂၀၁၈ ရက်နေ့တွင် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တရားဝင်အမည်ပေါက် ကျေးရွာများဖြစ်စေရေးအတွက် ဆောင်ရွက်သွားရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် သက်ဆိုင်ရာကျေးရွာအုပ်စု ၁၄ အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ မြေတိုင်းစာရေး များနှင့် အစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း၊ (က) အောက်ကညင်မြောင် သစ်တောကြိုးဝိုင်း ပယ်ဖျက်ပြီး ဧရိယာအတွင်း ကျေးရွာအသစ် ၁၁ ရွာ၊ (ခ) မြေအမျိုးအစား သတ်မှတ်ချက်အပေါ် မူတည်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ကော်မတီနှင့် အဖွဲ့များ၏ မြေအသုံးပြုဆောင်ရွက်ရန် သဘောတူခွင့်ပြုချက်များ ရရှိရေး ပထမဦးစွာဆောင်ရွက်ရန် လိုအပ်သောကျေးရွာအသစ် ၁၆ ရွာ စုစုပေါင်း ကျေးရွာသစ် ၂၇ ရွာကို အမည်ပေါက်ရရှိရေး ဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊
အောက်ကညင်မြောင်သစ်တော ကြိုးဝိုင်းပယ်ဖျက်ပြီး ဧရိယာအတွင်းရှိကျေးရွာ ၁၁ ရွာနှင့် ပတ်သက်၍ ကွင်းဆင်းစိစစ် ဆောင်ရွက်ချက်များအရ တင်ပြခဲ့သည့်အတိုင်း တွေ့ရှိရပါကြောင်း၊ ပထမအချက်မှာ အုတ်ရှစ်ကုန်းကျေးရွာ အုပ်စုရှိ သိုက်တူးကုန်းကျေးရွာကို ကျေးရွာအမည်ပေါက် ရရှိရေးအတွက် မြေပုံရေး ဆွဲပြီးမှ အမှုတွဲပြုစု ဆောင်ရွက်နေပြီဖြစ်ပြီး၊ ဗျက်ကြီးကျေးရွာအုပ်စုရှိ လုပ်သားကျေးရွာမှာ ယခင်က ကုမ္ပဏီစိုက်ခင်း လုပ်သားများ တဲထိုး၍ ပြန့်ကြဲနေထိုင်ခြင်း ဖြစ်သောကြောင့် ကျေးရွာအင်္ဂါရပ်နှင့် မညီသည့်အတွက် ကျေးရွာအဖြစ် ဖွဲ့စည်းရန်မသင့်ကြောင်း သဘောထားမှတ်ချက် တင်ပြထားပါကြောင်း၊ ပြန့်ကြဲတဲများဖြင့်နေထိုင်သော ဆင်ဇလုပ်ကျေးရွာ အုပ်စုအတွင်းရှိ အောင်ချမ်းသာကျေးရွာ၊ အောင်မြင်ကွင်းကျေးရွာ၊ အောင်သာယာကျေးရွာနှင့် ရွှေပြည်သာကျေးရွာ စုစုပေါင်းကျေးရွာ ၄ ရွာတို့မှာ ကျေးရွာအင်္ဂါရပ်နှင့် မညီညွတ်သည့်အတွက် ကျေးရွာအဖြစ်ဖွဲ့စည်းပေးရန် မသင့်ကြောင်းကိုလည်း တင်ပြထားပါကြောင်း၊ သပြေတန်းကျေးရွာအုပ်စု အတွင်းရှိ ရွှေဟင်္သာကျေးရွာ၊ ရွှေရောင်မြေ (၁) ကျေးရွာ၊ ရွှေရောင်မြေ (၂) ကျေးရွာ၊ ရွှေရောင်ထွန်းကျေးရွာ၊ အောင်စည်ရွာ စုစုပေါင်းကျေးရွာ ၅ ရွာတို့မှာ ကုမ္ပဏီများ ရုပ်သိမ်းသွားပြီးနောက် နေရပ်သို့မပြန်ကြဘဲ တဲစုများနှင့် ပြန့်ကြဲနေထိုင်ခြင်း ဖြစ်သဖြင့် ကျေးရွာအင်္ဂါရပ်နှင့် ညီညွတ်မှုမရှိသဖြင့် ကျေးရွာသစ်အဖြစ် ဖွဲ့စည်းရန်မသင့်ကြောင်းကိုလည်း မိမိတို့ တိုင်းဒေသကြီးမှ တင်ပြထားပါကြောင်း၊
သပြေတန်းကျေးရွာအုပ်စု မူလအမည်ပေါက်ကျေးရွာ ၉ ရွာနှင့် ဖွဲ့စည်းထားရာမှ သပြေတန်းကျေးရွာ၊ ဂွေးပင်ကူးကျေးရွာ၊ ဂွေးတောက်မြောင်ကျေးရွာနှင့် ပေါ်သစ်ကုန်းကျေးရွာ စုစုပေါင်း မူလအမည်ပေါက် ကျေးရွာ ၄ ရွာတို့စုစည်းပြီးမှ သပြေတန်းကျေးရွာအုပ်စု အဖြစ်လည်းကောင်း၊ ကျောက်တလုံးကျေးရွာ၊ ကွင်းမြောင်ကျေးရွာ၊ သင်အင်းကျေးရွာ၊ မရမ်းချောင်းကျေးရွာနှင့် တောင်သာကျေးရွာ စုစုပေါင်း မူလအမည်ပေါက် ကျေးရွာ ၅ ရွာတို့အား စုစည်းပြီးမှ ကျောက်တလုံးကျေးရွာအုပ်စု အဖြစ်လည်းကောင်း ကျေးရွာအုပ်စု ၂ အုပ်စုခွဲ၍ နယ်နိမိတ်ခွဲဝေသတ်မှတ် ဖွဲစည်းသွားရန် အမှုတွဲပြုစု ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြေအမျိုးအစား သတ်မှတ်ချက်ပေါ် မူတည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ ကော်မတီနှင့် အဖွဲ့များ၏ မြေအသုံးပြုဆောင်ရွက်ရန် သဘောတူခွင့်ပြုချက်လိုအပ်သည့် ကျေးရွာသသစ် ၁၆ ရွာနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုအခြေအနေကို အောက်ပါအတိုင်းတင်ပြလိုပါကြောင်း၊
မူလရွာမြေပေါ်မှာတည်ရှိသော အေးသာယာကျေးရွာ၊ အုန်းမြင့်စုကျေးရွာ၊ နှင်းဝိအောက်ပိုင်း ကျေးရွာ၊ ကျားချောကျေးရွာ၊ ဂုံညင်းတန်းကျေးရွာ၊ ပွဲကြီးကျေးရွာ၊ အောင်စိုးမိုးကျေးရွာ၊ မအူပင်ရွာ သစ်ကျေးရွာ၊ ဉာဏ်အင်းကျေးရွာ၊ တောင်ကလေးကျေးရွာ စုစုပေါင်းကျေးရွာ ၁၀ ရွာကို တရားဝင် အမည်ပေါက်ကျေးရွာ ဖြစ်စေရေးအတွက် ကျေးရွာသစ်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ အမှုတွဲတည်ဆောက်ပြီး တင်ပြသွားမည် ဖြစ်ပါကြောင်း၊ လယ်ယာမြေပေါ်တွင် တည်ရှိသော အောင်သုခကျေးရွာ၊ နှင်းပုလဲကျေးရွာ၊ ဗိုင်းဒါးသစ်ကျေးရွာ စုစုပေါင်းကျေးရွာ သုံးရွာကို လယ်ယာမြေ အခြားနည်းအသုံးပြုမှု ရရှိရေးအတွက် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ဒိုက်ဦးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် အကျဉ်းဦးစီးဌာနကို ၂၈-၃-၂၀၁၉ ရက်နေ့တွင် လျှောက်ထားဆောင်ရွက်ခဲ့ကြောင်း၊ လယ်ယာမြေပေါ်တွင် တည်ရှိသော ဘုရားကြီးကျေးရွာ အုပ်စုအတွင်းရှိ ဘိုတဲလေးကျေးရွာအား စက်မှုဝန်ကြီးဌာနက အသုံးပြုရန်မရှိသဖြင့် မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီမှ ၁၁-၁၁-၂၀၁၅ ရက်နေ့ကတည်းက နိုင်ငံတော်ကို ပြန်လည်အပ်နှံ ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းစွန့်လွှတ်မြေကို ဒိုက်ဦးရော်ဘာခြံ တာဝန်ခံမန်နေဂျာမှ ခရိုင်အုပ်ချုပ်ရေးမှူးထံကို လက်ရောက်လွှဲပြောင်း အပ်နှံဆောင်ရွက်ပြီးလျှင် ရွာမြေအဖြစ် အသုံးပြုခွင့်ရရှိရေး လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
အဆိုပါ ယာမြေပေါ်မှာတည်ရှိသော ဘုရားကြီးကျေးရွာအတွင်းရှိ ဘိုတဲလေးကျေးရွာသည် စက်မှုဝန်ကြီးဌာန နိုင်ငံပိုင်စိုက်ခင်းများအတွင်း ကျူးကျော်နေထိုင်ခြင်း ဖြစ်သဖြင့် စက်မှုဝန်ကြီး ဌာနမှ အဆိုပါမြေအား နိုင်ငံတော်သို့ပြန်လည်စွန့်လွှတ်အပ်နှံပြီးမှသာ ရွာမြေအဖြစ်လျှောက်ထား ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် ပုကန်ကွဲကျေးရွာ အုပ်စုအတွင်းရှိ အောင်သာယာ ကျေးရွာမှာ စားကျက်မြေပေါ်၌ တည်ရှိနေခြင်းဖြစ်သည့်အတွက် စားကျက်မြေပယ်ဖျက်ခွင့် ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားတင်ပြရန် လိုအပ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းများသည် စားကျက်မြေပယ်ဖျက်ရေး လျှောက်ထား တင်ပြလာပါကအမြန်ဆုံး ကျေးရွာများဖွဲ့စည်းခွင့် တရားဝင်ရရှိရေးအတွက်ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
