ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမ နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမ နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၂ ရက်(ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် (၃၉၂)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦးမဲဆန္ဒနယ် က မေးမြန်းသောဒိုက်ဦးမြို့နယ်တွင်ပြည်ထဲရေး အမည်မပေါက်သေးသော ကျေးရွာများအားပြည်ထဲရေး အမည်ပေါက်ကျေးရွာများ အဖြစ် အမြန်ဆုံးဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးတင်မြင့်က ကျေးရွာသစ် ၂၇ ရွာကို အမည်ပေါက်ရရှိရေး ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးစိုင်းဦးခမ်း၊ သိန္နီမဲဆန္ဒနယ် က မေးမြန်းသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ မူဝါဒလုပ်ငန်းစဉ် ဆောင်ရွက်ရန်အချက်များမှ တပ်မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်း၍ မူဝါဒ(၃)ရပ်၊ စွန့်လွှတ်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့်စပ်လျဉ်း၍ စိစစ်ရန်အချက်(၇) ချက်၊ သိမ်းဆည်းမြေများ၊ စွန့်လွှတ်မြေများဆိုင်ရာ လမ်းညွှန်ချက်(၈)ရပ်တို့နှင့်အညီ ပြန်လည်စိစစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးတင်မြင့်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ (သို့မဟုတ်) သက်ဆိုင်ရာ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်ခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီအဆင့်ဆင့်သို့ တင်ပြလာပါက ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒများနှင့်အညီစိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၃) ဦးသိန်းတန်၊ လှည်းကူးမဲဆန္ဒနယ် က မေးမြန်းသော လှည်းကူးမြို့နယ်၊ ကျွန်းကုန်း ကျေးရွာရှိ လယ်မြေ ၆၀၇.၇၅ဧကကို နိုင်ငံတော်ပိုင်မြေအဖြစ်သတ်မှတ်လိုက်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်မှာ(၂)နှစ်ခွဲကျော် ကြာမြင့်သည့်တိုင် ဆက်လက် စီမံခန့်ခွဲမှုမရှိသဖြင့် မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်က ပုံစံ(၇) ရရှိသည့် တောင်သူ(၇၇)ဦးမှ ကျေနပ်မှုမရှိပါက တရားဉပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်သင့်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်နီရွှေလျန်း၊ ထန်တလန်မဲဆန္ဒနယ် က မေးမြန်းသော ထန်တလန်မြို့နယ်တွင် တရားဝင်ခွင့်ပြုချက်ပေးကာ လုပ်ကိုင်စေသော ယစ်မျိုးလိုင်စင် ချထားပေးခြင်း များအား အပြီးတိုင်ပိတ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်က အပြီးတိုင် ပိတ်သိမ်းပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် မြို့မိ/မြို့ဖများနှင့် ဘာသာရေး အသင်းအဖွဲ့များ၏ မေတ္တာရပ်ခံချက်အရ ဘာသာရေးနှင့် သက်ဆိုင်သည့် ပွဲလမ်း သဘင်ရှိသည့်နေ့ရက်များ၊ ချင်းအမျိုးသားနေ့နှင့်အခြား နေ့ကြီးရက်ကြီးများ၊ အပတ်စဉ် တနင်္ဂနွေနေ့များတွင် ယစ်မျိုးရောင်းချမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးနေကျော်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ် က မေးမြန်းသောဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ဒေသခံများ အဓိကအသုံးပြုနေသော ကနောင်မင်းသားကြီးလမ်း၊ ဦးမြူလမ်း၊ အင်းဝလမ်း၊ မင်းရဲကျော်စွာလမ်းတို့မှာ ဆိုးဝါးစွာပျက်စီးနေပါသဖြင့် ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီ၊ အဖွဲ့ဝင် ဦးညီထွန်းက အဆိုပါလမ်းများသည် စက်မှုဇုံကော်မတီက စီမံခန့်ခွဲသော လမ်းများဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြင်ဆင်ဆောင်ရွက်ပေးရမည်ဆိုပါက နောင်လာမည့်ဘဏ္ဍာနှစ်များတွင် တင်ပြပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ စက်မှုဇုံကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးအောင်ကျော်ကျော်ဦး၊ လှိုင်မဲဆန္ဒနယ် က မေးမြန်းသော လှိုင်မြို့နယ်ရှိ ဈေးများကို မြို့နယ်၏လိုအပ်ချက်များထည့်သွင်း၍ BOT,PPP စနစ်များဖြင့် အဆင့် မြှင့်တင်တည်ဆောက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီ၊ အဖွဲ့ဝင်ဦးညီထွန်းက လှိုင်မြို့နယ်အတွင်းရှိ လှိုင်ဈေးကြီးနှင့် လှိုင်ရတနာဈေး တို့ကို အဆင့်မြှင်တင်ဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၇) ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ် က မေးမြန်းသော ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် မော်တော်ယာဉ် များအတွက် မော်တော်ယာဉ်ရပ်နားစခန်းများ အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးညီထွန်းက ယာဉ်ရပ်ဝင်းများ ဖြစ်ပေါ်လာရေးအတွက် ရန်ကုန်တိုင်းအစိုးရ အဖွဲ့သို့ တင်ပြဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာများနှင့်ညှိနှိုင်းခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းဉပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
( ဂ ) အဆို(၁)ခုတင်သွင်းခြင်း
မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ခုနှစ်တွင် လျှပ်စစ် စွမ်းအား ၁၀၀%ပြည့်ဝစွာရရှိရေး ဆောင်ရွက်နေရာယင်းကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်ထားရှိမှုကို တိကျခိုင်မာသော မူဝါဒလမ်းညွှန်မှုများဖြင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်က တင်သွင်းပြီး ဦးနေဖူးဗဆွေ၊ ပန်းဘဲတန်းမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်ကဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၂၃-၅-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဃ) အဆို(၁)ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဦးဉာဏ်လင်း၊ ရွှေပြည်သာမဲဆန္ဒနယ် က တင်သွင်းသည့် “စွန့်ပစ်ပစ္စည်းအမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းပပျောက်စေရန် နေ့စဉ်မီးရှို့နိုင်သော အမှိုက်တန်(၂၀၀၀) ကျော်ထွက်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် အနည်းဆုံးတန်(၆၀) ထွက်ရှိသော တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့ကြီး များတွင် မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့ ပူးပေါင်းတည်ဆောက်ခဲ့သည့် နေ့စဉ်အမှိုက် တန်(၆၀)ကို မီးရှို့၍ ထွက်ရှိလာသော အပူရှိန်ကို အသုံးပြုကာ လျှပ်စစ်ဓါတ်အား ၇၆၀ KW ထုတ်လုပ်သည့်စက်ရုံ (Waste to Energy Plant)နှင့် အမှိုက်မီးရှို့စက် (Furnace) တို့ကဲ့သို့သောစက်ရုံများကို ပိုမိုတိုးမြှင့်တည်ဆောက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၁၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပမည့်ရက်ကို ၂၄-၅-၂၀၁၉ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
