ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်(အင်္ဂါနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၂ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
( က ) ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးကျော်ကြီး(ခ)ဦးအုန်းခင်၊ မင်းလှမဲဆန္ဒနယ် က မေးမြန်းသော မင်းလှမြို့နေ ပြည်သူများသောက်သုံးရေ လုံလောက်စွာရရှိရန်အတွက် မြစ်ရေတင်ဖြန့်ဖြူးရေး လုပ်ငန်းတစ်ခု ထပ်မံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်က ရန်ပုံငွေလုံလောက်မှု မရှိသည့်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်းနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လက်ရှိဘဏ္ဍာရေး အခြေအနေအရ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးလွင်ကိုလတ်၊ သန်လျင်မဲဆန္ဒနယ် က မေးမြန်းသော သမဝါယမတက္ကသိုလ် (သန်လျင်)ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ခြင်းလုပ်ငန်းကို ဘက်စုံသုံးခန်းမ (Multi-purpose Hall)အဖြစ် ပြောင်းလဲဆောင်ရွက်ရန်အတွက် ထပ်မံလိုအပ်သော ဘဏ္ဍာငွေကို မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆက်လက်တောင်းခံပြီး လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးထွန်းဝေ၊ ဖောင်းပြင်မဲဆန္ဒနယ် က မေးမြန်းသော အစိုးရကစီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် စပ်လျဉ်း၍ တိကျစွာ စိစစ်ပြီးမှသာ လုပ်ပိုင်ခွင့် ချထားပေးရန်၊ ယခင်ကစိစစ်၍ လုပ်ပိုင်ခွင့်ပေးထားသော ယင်းမြေများသည် လက်တွေ့အားဖြင့် မြေပြင်တွင် စိစစ်ချက်နှင့်ကိုက်ညီခြင်းမရှိကြောင်း တင်ပြ လာပါက ပြန်လည်ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်က သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင် ရွက်ပြီး စိစစ်ခွင့်ပြုလျက်ရှိပါကြောင်းနှင့် စိစစ်ပြီး ဖော်ထုတ်စိုက်ပျိုးခြင်းမရှိသည့် မြေများကို နိုင်ငံတော်မှ ပြန်လည်သိမ်းယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်ချိုချိုဝင်း၊ မော်လိုက်မဲဆန္ဒနယ် က မေးမြန်းသော ပင်စင်စားဝန်ထမ်းများ အကြား ရာထူးအဆင့်လိုက် ပင်စင်ခံစားခွင့် ညီမျှမှုရှိစေရန်နှင့် သက်ကြီးရွယ်အို ပင်စင်စားများအား ၎င်းတို့၏ဆန္ဒအရ ပင်စင်အပြီးခံစားခွင့်ရှိစေရန် ဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမောင်မောင်ဝင်းက လောလောဆယ် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးမိုးရွှေ၊ ပူတာအိုမဲဆန္ဒနယ် က မေးမြန်းသော ပူတာအိုမြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်စီမံကိန်းရုံးမှာ ၁၉၉၉-၂၀၀၀ တွင် ဒေသထွက်သစ်ပွများဖြင့် တည်ဆောက် ထားပြီး ယခုအခါ ဆွေးပြီးအပျက်အစီးများနေသောကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် စီမံကိန်းရုံးအား အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အသစ်တည်ဆောက်ရန် ကချင်ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးနေလင်းအောင်၊ မင်းတပ်မဲဆန္ဒနယ် က မေးမြန်းသော ချင်းပြည်နယ် ငွေလုံးငွေရင်း ဘဏ္ဍာငွေများကို မြို့နယ်တစ်မြို့နယ်ချင်းစီအလိုက် ခွဲဝေချထားရာတွင် မည်သည့် အချက်အလက်များကိုအခြေခံပြီး ခွဲဝေချထားပေးသည်ကိုသိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြည်သူများ၏ လိုအပ်ချက်များကို အခြေခံ၍ကဏ္ဍအလိုက် လိုအပ်ချက်၊ ဒေသဖွံ့ဖြိုးမှု ဦးစားပေးအစီအစဉ်တို့နှင့်အညီ ပြည်နယ်အစိုးရမှ ခွဲဝေလျာထားပြီး ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဒေါ်ခင်စန်းလှိုင်၊ ပုလဲမဲဆန္ဒနယ် က မေးမြန်းသော စီမံကိန်းဘဏ် (Project Bank) ဆိုင်ရာ စီမံကိန်းများနှင့် စီမံကိန်းများ ချိတ်ဆက်မှု၊ မဟာဗျူဟာမြောက်စီမံကိန်း များဖော်ထုတ်မှု၊ဦးစားပေးအဆင့်များသတ်မှတ်မှု၊စီမံကိန်းဘဏ်အတွင်းထည့်သွင်း၍ ၎င်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မည်ကဲ့သို့ ပေါင်းစပ်ဆောင်ရွက်မည်ကို သိလိုခြင်း နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း က စီမံကိန်းဆိုင်ရာစီမံချက် များနှင့် စီမံကိန်းများချိတ်ဆက်မှု၊ ဦးစားပေးနယ်ပယ်သတ်မှတ်မှု၊ ဘတ်ဂျက် (သို့မဟုတ်) ဖွံ့ဖြိုးမှုအကူအညီ (သို့မဟုတ်) PPP ပုံစံဖြင့် အကောင်အထည်ဖော်မည့် ဘဏ္ဍာငွေအရင်းအမြစ်အလိုက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးမှု တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အစီရင်ခံစာ(၁) ခုတင်ပြခြင်း
ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ၂၀၁၁ခုနှစ်၊ အသေးစားငွေရေးကြေးရေးဉပဒေကို ဉပဒေပြုပြီးနောက် စိစစ်ခြင်းအစီရင်ခံစာကို တင်ပြပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များက ၂၂-၅-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီနောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
(ဂ) ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ၂၀၁၇ခုနှစ်၊ မြေသိမ်းဉပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြု ကြောင်းနှင့် ၂၀၁၃ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၂၀၀ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
(ဃ) အဆို(၁)ခုတင်သွင်းခြင်း
စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အလွန်အရေးပါသော အရပ်ဘက်လူထုဆိုင်ရာ ရပိုင်ခွင့်နှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များကို လေးစားလိုက်နာ ရန်နှင့် တရားဉပဒေစိုးမိုးမှု ရှိစေရန်အတွက် အရပ်ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် သက်ဆိုင်သော နိုင်ငံတကာ သဘောတူစာချုပ် (International Convenant on Civil and political Rights- ICCPR) ကိုလက်မှတ် ရေးထိုးရန် တိုက်တွန်းကြောင်းအဆိုကို ဒေါ်သန္တာ၊ အိမ်မဲ မဲဆန္ဒနယ်ကတင်သွင်းပြီး ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအားဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၂-၅-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(င) အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်က တင်သွင်းသည့် စိုက်ပျိုးရေးထွက်ကုန်သီးနှံများ သင့်တင့်မျှတသော ဈေးနှုန်းရရှိရေး ပြည်တွင်းပြည်ပ ဈေးကွက်များ ရှာဖွေပေးပြီး ဈေးကွက်ခိုင်မာမှုရှိသော သီးနှံများစာရင်းကို ပြည်သူများသိရှိနိုင်ရန် ရာသီအလိုက် ဖြစ်စေ၊ နှစ်အလိုက်ဖြစ်စေ ပွင့်လင်းစွာချပြအသိပေးပါရန်နှင့် အရည်အသွေး ပြည့်ဝသော ဈေးကွက်ဝင် စိုက်ပျိုးရေးထွက်ကုန်သီးနှံများ ထုတ်လုပ်နိုင်ရေး အစိုးရနှင့်ပြည်သူ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ ရေးဆွဲချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦးကဆွေးနွေးပြီးအဆိုအားလွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၃ နာရီ ၁၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပမည့်ရက်ကို ၂၂-၅-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
