ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်တွင် ခရိုင်မြို့နယ်စီမံကိန်းရုံးကို အဆောက်အဦတစ်ခုထဲတွင်အတူ ဖွင့်လှစ်ထားရှိသောရုံးဖြစ်ပါကြောင်း၊ ၎င်းခရိုင်၊ မြို့နယ်စီမံကိန်းရုံးကို ၁၉၉၉-၂၀၀၀ ခုနှစ်တွင် ဒေသ ထွက်သစ်ပွများဖြင့် အလျား ၅၇ ပေ၊ အနံ ၃၄ ပေ၊ အမြင့် ၁၀ ပေ တစ်ထပ်ပျဉ်အိမ် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ခရိုင်မြို့နယ်စီမံကိန်းရုံးသည် နှစ်အားဖြင့် ၁၈ နှစ်ကျော်ကြာ လာသောကြောင့် သစ်တိုင်များ၊ ပျဉ်ခင်းပျဉ်ကာသွပ်မိုးများ ဟောင်းနွမ်းဆွေးမြေ့ပြီး ပျက်စီးနေသော ကြောင့် အန္တရာယ်ရှိသောရုံးအဆောင်ဖြစ်နေပါကြောင်း၊
သို့ဖြစ်ပါ၍ ပူတာအိုမြို့နယ်တွင်ရှိသော ခရိုင်၊ မြို့နယ်စီမံကိန်းရုံးကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ စီမံကိန်းဦးစီးရုံးကို ၁၉၉၉-၂၀၀၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြထားသည့်အတိုင်း ပျက်စီးမှုများရှိနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် အသစ်တည်ဆောက်နိုင်ရန် ကချင်ပြည်နယ်၊ စီမံကိန်း ဦးစီးရုံးမှ ကချင်ပြည်နယ်၊ ဘဏ္ဍာရန်ပုံငွေတွင် ကျပ် ၁၆၈ သန်း ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွင့်ပြုချက်ရရှိသည့်အခါ ၇၀ ပေ x ၄၀ ပေ x ၅၅ ပေ နှစ်ထပ် RC ရုံးဖြင့် တည်ဆောက်ရန် အစီအစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
