(စ)-ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ ကောင်းဘို့ကျန်းမာရေးဌာနကို ကောင်းဘို့ကျေးရွာ တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၇. ၅. ၂၀၁၉)

 

ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စုတွင် ဓနုတိုင်းရင်းသား လူမျိုးအများစုနေထိုင်သော ကျေးရွာ ၁၂ ရွာနှင့် ပလောင်တိုင်းရင်းသားများ နေထိုင်သော တောင်ပေါ်ပလောင်ကျေးရွာ ၁၀ ရွာ စုစုပေါင်း ကျေးရွာ ၂၂ ရွာတွင် အိမ်ခြေ ၂၀၅၁၊ အိမ်ထောင်စု ၂၁၄၈ စုတွင် လူဦးရေ ၈၅၀၁ ဦး နေထိုင်လျက် ရှိပါကြောင်း၊ ၎င်းကျေးရွာများသည် ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အနည်းဆုံး ကျေးရွာမှာ ၁၆ မိုင် နှင့် တောင်ပေါ်ဒေသ ပလောင်တိုင်းရင်းသား ကျေးရွာများနှင့် ၂၅ မိုင်အထိ ဝေးကွာပြီး တောင်အတက် အဆင်း လမ်းခရီးကြမ်းတမ်းခက်ခဲသော ကျေးရွာများ ဖြစ်ပါကြောင်း၊ အဆိုပါကောင်းဘို့ ကျေးရွာအုပ်စုနှင့် ဆက်စပ်တည်ရှိသော အလည်ချောင်ကျေးရွာအုပ်စုတွင် ဓနုတိုင်းရင်းသားကျေးရွာ ခုနစ်ရွာ၊ ပလောင်တိုင်းရင်းသား ကျေးရွာခြောက်ရွာ စုစုပေါင်းကျေးရွာ ၁၃ ရွာတွင် အိမ်ခြေ ၁၂၃၇၊ အိမ်ထောင်စု ၁၂၅၇ စု၊ လူဦးရေ ၅၇၃၄ ဦး နေထိုင်လျက်ရှိပြီး ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အနီးဆုံး ၁၁ မိုင်၊ အဝေးဆုံးတောင်ပေါ်ဒေသ ကျေးရွာများနှင့် ၂၃ မိုင်အထိဝေးကွာပြီး လမ်းပန်းခရီး ခက်ခဲကြမ်းတမ်းလျက် ရှိပါကြောင်း၊ ကောင်းဘို့ကျေးရွာအုပ်စုနှင့် ဆက်စပ်လျက်ရှိသော ကျေးရွာအုပ်စုများမှာ မြို့နယ်ပြည်သူ့ ဆေးရုံနှင့် ၁၀ မိုင်အထက် ဝေးကွာသောကျေးရွာ ၃၈ ရွာရှိပြီး လူဦးရေ ၁၆၄၂၈ ဦးအတွက် ကျန်းမာရေး ကဏ္ဍ စောင့်ရှောက်ကုသမှုများ ပိုမိုဆောင်ရွက်ပေးနိုင်ရန်အတွက် ဒေသခံရပ်မိရပ်ဖ ပြည်သူများမှလည်း လိုလားတောင့်တလျက်ရှိနေပြီး ကောင်းဘို့ကျန်းမာရေးဌာနကို ကောင်းဘို့ တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် ဆွေးနွေးတင်ပြ ခဲ့ကြပါကြောင်း၊ ကျေးရွာများရှိ ပြည်သူများမှ ကျန်းမာရေးဌာနကို လာရောက်ကုသသော လူနာပေါင်း တစ်နှစ်လျှင် ပျမ်းမျှ ၁၁၄၂၈ ဦး ရှိကြောင်းနှင့် အထက်လွှဲပြောင်း ကုသလူနာပေါင်း ၂၈၂ ဦးရှိကြောင်း ရပ်မိရပ်ဖ များ၏ ဆွေးနွေးချက်များအရ သိရှိရပါကြောင်း၊ ကောင်းဘို့ကျေးရွာအုပ်စု၊ ကောင်းဘို့ကျေးရွာတွင် တိုက်နယ်ဆေးရုံ တည်ဆောက် နိုင်ရန်အတွက် ကောင်းဘို့ကျေးရွာရှိ ရပ်မိရပ်ဖဦးအောင်စိုးမှ မြေ ၅ ဧက လှူဒါန်းပေးထားပြီး ဖြစ်ကြောင်း၊

ကောင်းဘို့ကျေးရွာအုပ်စုတွင် ဈေး၊ အထက်တန်းကျောင်း၊ ရဲကင်းစခန်း၊ မီးသတ်စခန်းများ၊ လျှပ်စစ်မီးများ ပြည့်စုံစွာ တည်ရှိနေပြီးဖြစ်၍ ကောင်းဘို့ကျန်းမာရေးဌာနကို ကောင်းဘို့တိုက်နယ် ဆေးရုံအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ကောင်းဘို့ကျေးရွာအုပ်စု၊ ကျေးရွာများနှင့် ဆက်စပ်လျက်ရှိသော ကျေးရွာ ၃၈ ရွာတွင် နေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအတွက် ကျန်းမာရေးကုသ စောင့်ရှောက်မှုများ ပို၍ဆောလျင်စွာ အချိန်မီဆောင်ရွက် ပေးနိုင်ရန်အတွက် ကောင်းဘို့ကျန်းမာရေးဌာနကို ကောင်းဘို့တိုက်နယ် ဆေးရုံအဖြစ် အဆင့်မြှင့်တင် တည်ဆောက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဖော်ပြပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်လေ့လာသုံးသပ်ရာတွင် ကောင်းဘို့ RHC တွင် Sub-Centre ခြောက်ခု ရှိပါကြောင်း၊ ရွာပေါင်း ၇၅ ရွာ၊ အိမ်ခြေ ၇၂၉၇၊ လူဦးရေ ၃၃၀၀၀ ရှိပြီး တောင်ပေါ်ရွာများ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ၁၈ ရွာခန့်မှာ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် မိုးရာသီတွင် အနီးအနားရှိ အခြားဆေးရုံများကိုသွားရန် အလွန် ခက်ခဲသည်ကို တွေ့မြင်ရပါကြောင်း၊ တိုက်နယ်ဆေးရုံဖွင့်မည့် စံချိန်စံညွှန်း ငါးချက်ရှိပါကြောင်း၊ ၎င်းငါးချက်နှင့် ကိုက်ညီသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူလူထုများကလည်း ၅.၅ ဧကကိုလည်း လှူထားခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်ဦးစီးမှူးက လုပ်သင့်သည်ဟု ပြောပါကြောင်း၊ သို့သော်လည်း ဆေးခန်းပြသည့် လူနာအသေးစိတ်၊ ကုသည့်လူနာ၊ အထက်လွှဲသည့်လူနာ အသေးစိတ်ကို လေ့လာရာတွင် ပေးသင့််သည်ဟု ယူဆသည့်အတွက် ပေးလိုက်မည်ဆိုပါက လူဦးရေ ၂၅၆၀၀ ကျော်ခန့်၏ ကျန်းမာရေး ဝန်ဆောင် မှုကို တိုက်နယ်ဆေးရုံက ဝန်ဆောင်မှုပေးနိုင်သည့်အတွက် ပေးမည်ဟု ဆုံးဖြတ် ထားပါကြောင်း၊ သို့သော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ဖွဲ့စည်းပုံတိုးချဲ့ ပြင်ဆင်ရေး ကိစ္စများကို ထွက်လာပြီးမှ စဉ်းစားမည် ဖြစ်ကြောင်း၊ သို့သော် မထွက်ခင်ကတည်းက လိုအပ်သည့် အချက်များ အားလုံးအဆင်သင့် လုပ်ထားမည် ဖြစ်ပါကြောင်း၊ ထွက်သည်နှင့် တစ်ခါတည်းတင်ပြီး အမြန်ဆုံးရအောင် လုပ်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။