တိုင်းရင်းသားပြည်နယ်များတွင် မိမိတို့ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၌ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော ပြည်နယ်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဝေးလံခက်ခဲသော ကျေးလက်ဒေသများတွင် နေထိုင်ကြသော ချင်းတိုင်းရင်းသား များအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် အထူး လိုအပ်နေပါကြောင်း၊ တင်ပြမေးမြန်းချက်ပါ ကျေးရွာအုပ်စုများမှာ ကန်ပက်လက်မြို့နှင့် မိုင်ပေါင်းများစွာ ဝေးကွာပြီး သွားလာရခက်ခဲပါကြောင်း၊ ကျန်းမာရေးဌာနခွဲအဖြစ် ဖွင့်လှစ်ထားရှိပြီးဖြစ်သည့် ကျေးရွာများလည်း ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေး ဌာနအဆင့် Royal Health Center (RHC) တိုးမြှင့်ပေးရန် သတ်မှတ်မူဘောင်များ ကိုက်ညီမှုရှိမှသာ တိုးမြှင့်ပေးသည်ကို သဘောပေါက် နားလည်ပါကြောင်း၊ ဝေးလံခက်ခဲသော တိုင်းရင်းသား ဒေသများအတွက် လိုအပ်ချက်များကို ဖြေလျော့စဉ်းစားပေးပြီး ဝန်ကြီးဌာနအနေဖြင့် အဆင့်တိုးပေးနိုင်ရန် တင်ပြတောင်းခံရခြင်း ဖြစ်ပါကြောင်း၊
တင်ပြမေးမြန်းချက်ပါ မကြားအိမ်နူးအုပ်စုမှာ ကန်ပက်လက်မြို့ပေါ်နှင့် မိုင် ၁၀၀ ခန့်ဝေးကွာပြီး အုပ်စုကျန်းမာရေး ဌာနခွဲကို ဌာနအဆင့်တိုးမြှင့် ပေးမည်ဆိုပါက နီးစပ်ရာပလက်ဝမြို့နယ်က ကျေးရွာအချို့ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာခန့် အမှီပြုအားထားနိုင်မည် ဖြစ်ပါကြောင်း၊ လုံအိမ်နူး အုပ်စုက မြို့နှင့်မိုင်ပေါင်း ၇၅ မိုင်ကွာဝေးပြီး လုံအိမ်နူးအုပ်စု ဌာနခွဲကို ဌာနအဆင့်တိုးမြှင့် ပေးနိုင်မည်ဆိုပါက နီးစပ်ရာကျေးရွာပေါင်း ၁၀ ရွာနှင့် လူဦးရေ ၂၀၀၀ ခန့်ကို အကျိုးပြုလွှမ်းခြုံပေးနိုင်မည် ဖြစ်ပါကြောင်း၊ အောက်ကန့်အုပ်စု ဆိုလျှင်လည်း မြို့နှင့် ၆၅ မိုင်ခန့်ဝေးကွာပြီး ကျန်းမာရေးဌာနအဆင့် တိုးမြှင့်ပေးနိုင်မည်ဆိုပါက နီးစပ်ရာကျေးရွာငါးရွာကို အကျိုးပြုလွှမ်းခြုံပေးနိုင်မည် ဖြစ်ပါကြောင်း၊ လဲပုံအုပ်စုကလည်း မြို့နှင့် ၆၅ မိုင်ခန့်ကွာဝေးပြီး ကျန်းမာရေးဌာနအဆင့်တိုးမြှင့် ပေးနိုင်မည်ဆိုလျှင် နီးစပ်ရာကျေးရွာ ငါးရွာခန့်ကို အကျိုးပြုပေးနိုင်မည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ဝေးလံခက်ခဲပြီး ချင်းတိုင်းရင်းသားကျေးလက်နေ ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ရရှိခံစားနိုင်ရန်အတွက် မကြားအိမ်နူး၊ လုံအိမ်နူး၊ အောက်ကန့်၊ လဲပုံကျေးလက်ကျန်းမာရေး ဌာနခွဲများကို ကျေးလက်ကျန်းမာရေးဌာန (RHC) အဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မကြားအိမ်နူး၊ လုံအိမ်နူး၊ အောက်ကန့်အုပ်စု၊ လဲပုံကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ လေးခုကို မိမိအနေဖြင့် အသေးစိတ် မြေပုံတွင်သေချာစွာ ကြည့်ပြီး ပြန်လည်သုံးသပ်ပါကြောင်း၊ ပထမဦးစွာ မကြားအိမ်နူးကို သုံးသပ်ရာတွင် ၎င်းအောက်၌ ရွာသုံးရွာသာရှိပြီး အိမ်ခြေ ၁၀၉ အိမ်ရှိပါကြောင်း၊ လူဦးရေမှာ ၆၇၇ ဦးဖြစ်သော်လည်း လျှော့ပေါ့စဉ်းစားမည် ဖြစ်ပါကြောင်း၊ တိုင်းအဆင့်တွင် လူဦးရေ ၁၀၀၀၀ မှ ၁၂၀၀၀ အထိ ရှိပါကြောင်း၊ ယခု ၆၇၇ ယောက်သာ ရှိသည့်အပြင် အခြားအချက် ခြောက်ချက် ရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲမှ ဌာနလုပ်မည်၊ ခြောက်ချက်တွင်တစ်ချက်သာ ညီကြောင်း၊ မကြားအိမ်နူးကို ကျေးလက်ကျန်းမာရေးဌာန ပေးလိုက်မည်ဆိုပါက ၎င်းအောက်တွင် ကျေးလက် ကျန်းမာရေးဌာနခွဲလေးခုက အလိုအလျောက်ပေးရပါကြောင်း၊ ထိုသို့အလိုအလျောက် ပေးရမည့် လေးနေရာတွင် ရွာမရှိပါကြောင်း၊ သို့ဖြစ်၍ မကြားအိမ်နူးကို ပေး၍မရပါကြောင်း၊
ဒုတိယအနေဖြင့် လုံအိမ်နူးကို သုံးသပ်ရာတွင် ပင်လောင်းကျေးလက် ကျန်းမာရေးဌာန၏ အောက်တွင် ရှိပြီး ၁၂ မိုင်ဝေးပါကြောင်း၊ ရွာငါးရွာသာရှိပြီး အိမ်ခြေမှာ ၁၈၃ အိမ်၊ လူဦးရေ ၁၀၈၃ ဖြစ်ကြောင်း၊ လုံအိမ်နူးနှင့်ကပ်လျက် ၃ မိုင်ခန့်သာဝေးသော ခါရိုင်းကျေးလက်ကျန်းမာရေး ဌာနခွဲရှိပါကြောင်း၊ ၎င်းကို ပေးပို့ရန် စီစဉ်ပါကြောင်း၊ ထိုသို့ပေးလိုက်မည်ဆိုပါက ၎င်းအောက်၌ ကျေးရွာပေါင်း ၁၄ ရွာရှိပြီး အိမ်ခြေ ၄၄၀ နှင့် လူဦးရေ ၂၅၂၂ ဦး ရှိပါကြောင်း၊ လုံအိမ်နူး Set Center က ၎င်းအောက်၌သာ ရှိပါကြောင်း၊ ခါရိုင်းကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် ပေးမည်ဖြစ်ပြီး အကယ်၍ ၎င်းခါရိုင်းကိုပေးမည်ဆိုလျှင် လုံအိမ်နူးက ကျေးလက်ကျန်းမာရေး ဌာနခွဲရမည်၊ မျှောတွင်တစ်ခုရမည်၊ အောက်ကျယ်တွင်တစ်ခုရမည်၊ ပန်တောင်းတွင် ကျေးလက် ကျန်းမာရေးဌာနခွဲ လေးခုရမည်ဖြစ်ပါကြောင်း၊ ကန်ပက်လက်မြို့နယ် မကြားအိမ်နူးကလည်း မပေးသင့်ကြောင်းကို ပြည်နယ်ဦးစီးမှူးကလည်း ပြောထားပါကြောင်း၊
တတိယတောင်းထားသော အောက်ကန့်ကျေးလက် ကျန်းမာရေးဌာနခွဲသည် ကျင်တွင်းကျေးလက် ကျန်းမာရေးဌာန အောက်တွင်ရှိပြီး ၁၀ မိုင်ဝေးပါကြောင်း၊ ရွာခုနစ်ရွာရှိပြီး အိမ်ခြေ ၃၁၄ အိမ်နှင့် လူဦးရေ ၁၆၅၇ ဦး ရှိပါကြောင်း၊ မိမိတို့ပေးသင့်၊ မပေးသင့် ခြောက်ချက်တွင် ပြန်ကြည့်ရာ ငါးချက်နှင့် ကိုက်နေသည့်အတွက် ပေးမည်ဖြစ်ပါကြောင်း၊ အောက်ကန့်ကို ကျေးလက်ကျန်းမာရေး ဌာနခွဲမှ ကျေးလက်ကျန်းမာရေးဌာန အဆင့်တင်ပေးမည် ဖြစ်ပါကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ကျန်းမာရေး ဦးစီးမှူးကလည်း ပေးသင့်ကြောင်း ထောက်ခံပါကြောင်း၊
စတုတ္ထဖြစ်သည့် လဲပုံအောက်တွင် ရွာသုံးရွာသာရှိပြီး အိမ်ခြေ ၈၂ အိမ်နှင့် လူဦးရေ ၄၁၃ ဦးသာရှိကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲမှ ဌာနကိုပြောသည့် ခြောက်ချက်တွင် တစ်ချက်နှင့်သာညီပါကြောင်း၊ ထို့အပြင် ကျေးလက်ကျန်းမာရေးဌာန ပေးလိုက်မည်ဆိုပါက ၎င်းအောက်၌ ကျေးလက်ကျန်းမာရေး ဌာနခွဲလေးခုကို ထပ်ပေးရမည်ဖြစ်ကြောင်း၊ လေးခုပေးရန် ရွာအကြီးများရှိသည်ကို မတွေ့သည့်အတွက် လဲပုံကိုမပေးပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြတောင်းခံသည့် လေးခုတွင်နှစ်ခုပေးမည် ဖြစ်ပါကြောင်း၊ ဤအမိန့် ကြော်ငြာစာကို ဖတ်ပြလိုကြောင်း၊ မိမိတို့ပေးမည်ဟု ကတိကဝတ် ပြုလုပ်သော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဖေဖော်ဝါရီလ ၆ ရက် ရက်စွဲပါစာအမှတ် ၈/၄၂၆-ဖွဲ့စည်းပုံ/ အဖရ (၂၀၁၉) ဖြင့် ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ခြင်း၊ ဝန်ထမ်းအသစ် ခန့်ထားခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု အစီရင်ခံစာအပေါ် အခြေခံသော အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးမှသာ အဆိုပါ အမိန့်ကြော်ငြာစာတွင်ပါသော သတ်မှတ်ချက်များနှင့်အညီ စိစစ်တင်ပြရန်ဟု မိမိတို့ကို လမ်းညွှန်ချက်ချပါကြောင်း၊ ထို့ကြောင့် လမ်းညွှန်ချက်ချပြီးလျှင် ဆက်လက်၍ Process လုပ်ပြီး မိမိတို့ရအောင် လုပ်မည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်ကလည်း အားလုံးခက်ခဲသော ဒေသဖြစ်သည့်အတွက် ဦးစားပေးအနေနှင့် လုပ်ထားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးညွန့်ဝင်း (ကန်ပက်လက်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိအနေဖြင့် တင်ပြသည့်ဌာနခွဲလေးခုတွင် အဓိကတင်ပြလိုသည်မှာ လုံအိမ်နူးအုပ်စု ဖြစ်ပါကြောင်း၊ လုံအိမ်နူးအုပ်စုသည် လွှတ်တော်ကိုယ်စားလှယ်ကြီး အားလုံးက သင့်တော်သည့် နေရာအဖြစ် အဆင့်တိုးမြှင့်ပေးရန် ဆုံးဖြတ်ထားသော နေရာဖြစ်ပါကြောင်း၊ ထိုနည်းတူစွာ ခါရိုင်းကျေးရွာကိုပေးရန် ဝန်ကြီးက ဖြေပေးခဲ့ပါကြောင်း၊ ခါရိုင်းကျေးရွာသည် နေရာအနေအထားအရ၊ အိမ်ခြေအရပါ အစွန်အဖျား ကျရောက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မြိုမိမြို့ဖများ၏ တောင်းခံချက်များတွင် လုံအိမ်နူးကျေးရွာကိုသာ အဆင့်တိုးမြှင့် ပေးသင့်ကြောင်း အားလုံးကသဘောတူထားသည့် ကျေးရွာဖြစ်ပါကြောင်း၊ လုံအိမ်နူးကျေးရွာအုပ်စုကို အဆင့်ပြန်တိုးမြှင့် ပေးနိုင်ရန် အောက်ခြေမြေပြင် ကွင်းဆင်းစစ်ဆေးမှုများကို တိတိကျကျ ပြန်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြင်ထွေး
လုံအိမ်နူးနှင့်ခါရိုင်း သုံးမိုင်သာဝေးပါကြောင်း၊ ထို့ကြောင့် ခါရိုင်းကိုပေးခြင်း ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
