ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမကြီး၊ ဦးချစ်မောင်လမ်းမ၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် တစ်ချို့လမ်းများ၏ လူသွားစြင်္ကံပေါ်တွင် ပိတ်ဆို့တည်ဆောက် ထားသော ဆက်သွယ်ရေးပုံးများ (Network Boxes) များကို ပြောင်းရွှေ့ပေးရန်နှင့် ရှုပ်ထွေးစွာတပ်ဆင်ထားသော ဆက်သွယ်ရေးကြိုးများ၊ ယိုင်လဲနေသော ဆက်သွယ်ရေးတိုင်များကို စနစ်တကျပြုပြင် တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
အဆိုပါ မေးခွန်းနှင့်ပတ်သက်ပြီး မေးမြန်းရသည့် ရည်ရွယ်ချက်က လူသွားစြင်္ကံပေါ်တွင် ဆက်သွယ်ရေးပုံးများ တပ်ဆင်ထားသောကြောင့် အများပြည်သူများက လမ်းမပေါ်မှကွေ့ဝိုက်၍ လျှောက်သွားရခြင်း၊ ယာဉ်အန္တရာယ်မကြာခဏ ကြုံတွေ့နေရခြင်း၊ ဆက်သွယ်ရေးပုံးများ ပြုပြင်ရာတွင် အချိန်ကြာမြင့်စွာ အကာအရံများဖြင့် ဆောင်ရွက်ခြင်းတို့ကြောင့် အများပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်နေရပါကြောင်း၊ အလွန်ရှုပ်ထွေးများပြားသော ဆက်သွယ်ရေးကြိုးများကို စည်းကမ်းမဲ့လာရောက် တပ်ဆင်ခြင်းကြောင့် မြို့နယ်၏အလှအပကိုလည်း ရုပ်ဆိုးအကျည်းတန် ရုံသာမက အများပြည်သူ၏ နေအိမ်အရှေ့များတွင် ပိတ်ဆို့နေခြင်း၊ မနိုင်ဝန်ထမ်းနေရသော ဆက်သွယ်ရေးတိုင်များ ပြိုလဲခြင်း၊ ယိုင်နဲ့ပျက်စီးခြင်းများ ဖြစ်ပေါ်နေသဖြင့် အများပြည်သူ အထိန့်တလန့် ဖြစ်နေရပါကြောင်း၊ ထို့အတွက်ကြောင့် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမကြီး၊ ဦးချစ်မောင်လမ်းမ၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် တစ်ချို့လမ်းများ၏ လူသွားစြင်္ကံပေါ်တွင် ပိတ်ဆို့ တည်ဆောက်ထားသော ဆက်သွယ်ရေးပုံးများ (Network Boxes) များကို ပြောင်းရွှေ့ပေးရန်နှင့် ရှုပ်ထွေးစွာ တပ်ဆင်ထားသော ဆက်သွယ်ရေးကြိုးများ၊ ယိုင်လဲနေသော ဆက်သွယ်ရေးတိုင်များကို စနစ်တကျပြုပြင် တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အော်တိုတယ်လီဖုန်း သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှု ရရှိစေရန်အတွက် လက်ရှိအသုံးပြုလျက်ရှိသည့် အော်တိုတယ်လီဖုန်း အိတ်ချိန်းများရှိ စက်ပစ္စည်းများနေရာတွင် IP စနစ်သုံးခေတ်မီ Multi Service Access Node (MSAN) အိတ်ချိန်း စက်ပစ္စည်းအသစ်များဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီမံချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လမ်းများနှင့်လူသွားစြင်္ကံန်များတွင် ကွန်ကရစ်တိုင်၊ Cabinet Box၊ MSAN စက် အသစ်ပုံးစသည့် ဆက်သွယ်ရေးနှင့် ဆက်စပ်ပစ္စည်းများ တည်ဆောက်တပ်ဆင်သည့် နေရာတွင် လိုင်စင်ရဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နေရာအသုံးပြုခွင့် (Right of Way) ကို စီမံခန့်ခွဲပိုင်ခွင့် ရှိသူဖြစ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ညှိနှိုင်းခွင့်ပြုချက် ရယူပြီးသတ်မှတ်ထားသည့် သင့်လျော်သောနေရာများ၌သာ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအခြေအနေနှင့် ဗဟန်းမြို့နယ်အတွင်း ၁၉-၁-၂၀၁၉ မှ စတင်၍ ယခင်တည်ဆောက်ထားသော Cabinet Box အဟောင်းများအစား ၎င်းတို့ဘေး၌ MSAN စက်အသစ် Cabinet Box များဖြင့် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
မေးမြန်းချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တာဝန်ရှိသူများသည် ဗဟန်းမြို့နယ်အတွင်းရှိ ရွှေဂုံတိုင်လမ်းမကြီး၊ ဦးချစ်မောင်လမ်းမ၊ တက္ကသိုလ်ရိပ်သာလမ်းမ၊ မင်းလမ်းနှင့် ကျောက်မြောင်းဈေး လမ်းတို့တွင် MSAN စက်ပစ္စည်းတပ်ဆင်မည့် Foundation နေရာများဆိုလျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ညှိနှိုင်းသတ်မှတ်ပေးထားသော နေရာများနှင့် ဧရိယာအတိုင်း ဖြစ်စေရေး၊ တည်ဆောက်ရေးလုပ်ငန်းများကြောင့် လူသွားစြင်္ကံန်လမ်း ပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးနှင့် မဖြစ်မနေ လူသွားစြင်္ကံန်လမ်းကို ပိတ်၍လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါကလည်း ၎င်းနေရာ၌ တည်ဆောက်ရေးလုပ်ငန်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးတို့အတွက် တာဝန်ပေးအပ်ထားသည့် တည်ဆောက်ရေးကုမ္ပဏီများကို ၃-၄-၂၀၁၉ ခုနှစ်တွင် သွားရောက် စစ်ဆေး၍ ညွှန်းကြားခဲ့ပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ တချို့သောနေရာတို့၌ NSAN စက်များ တည်ဆောက်တပ်ဆင် စမ်းသပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေဆဲဖြစ်၍ လမ်းများပေါ်၌ Cable ကြိုးများရှုပ်ထွေးနေပြီး လမ်းသွားလမ်းလာများ ထိခိုက်မှုမရှိအောင် အရံအတားများကာရံ ထားရခြင်းကြောင့် ယာယီလမ်းပိတ်ဆို့ထားသကဲ့သို့ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးချိန်၌ အဆိုပါအကာအရံများ၊ လုပ်ငန်းခွင်သုံး ဆောက်လုပ်ရေးပစ္စည်းများ၊ Cabinet Box အဟောင်းများကို ဖြုတ်သိမ်းခြင်းနှင့် Cable ကြိုးများစနစ်တကျ ပြန်လည်စုစည်းခြင်းတို့ကိုလည်း တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
မိမိတို့ လုပ်ငန်းဆောင်ရွက်နေသည့် အချိန်တွင် တော်တော်လေးရှုပ်ပြီး လူသွားစြင်္ကံများတွင် ပိတ်နေသည့် အနေအထားရှိပါသော်လည်း လုပ်ငန်းပြီးသည့် နေရာများတွင် ပိုမိုရှင်းလင်းသွားခြင်း ဖြစ်သည့်အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယိုင်နဲ့နေသော တယ်လီဖုန်းတိုင်များကို တည့်မတ်ခြင်း၊ ဟောင်းလွန်းနေသော တိုင်များကို အစားထိုး လဲလှယ်ခြင်း၊ သံတိုင်/သစ်သားတိုင်များအစား (၈) မီတာ ကွန်ကရစ်တိုင်များဖြင့် အစားထိုး စိုက်ထူခြင်း၊ လမ်းနှင့်မလွတ်ကင်းသော တိုင်များကို နေရာပြောင်းရွှေ့စိုက်ထူခြင်းစသည့် လုပ်ငန်းများအပြင် ကွန်ကရစ်တိုင်များအပေါ် တပ်ဆင်ထားသော Cable ကြိုးအရေအတွက် လျှော့ချနိုင်ရန်အတွက် ဖိုင်ဘာအမျှင်အရေအတွက် ပိုမိုပါဝင်သော Cable များနှင့် အစားထိုးလဲလှယ် ချိတ်ဆက်နိုင်ရန် စီမံချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊
ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတိုင်း ရန်ကုန်မြို့တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးအချို့တွင် ယိုင်လဲနေသော ဆက်သွယ်ရေးတိုင်များနှင့် ရှုပ်ထွေးစွာ တပ်ဆင်ထားသည့် ဆက်သွယ်ရေးကြိုးများကြောင့် မြို့၏အလှအပကို ထိခိုက်စေသည်မှာ အမှန် ဖြစ်ပါသော်လည်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ၂၀၀၈ ခုနှစ် ဇွန်လမှ စတင်၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ် ၂၀ နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်တို့တွင် စိုက်ထူထားသော ဆက်သွယ်ရေး တိုင်များနှင့် သွယ်တန်းထားသည့် ဆက်သွယ်ရေး Cable ကြိုးများကို ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ သွယ်တန်းတပ်ဆင် တည်ဆောက်ထားရှိမှု ရှိ/မရှိကို မြေပြင်ကွင်းဆင်း စစ်ဆေးနိုင်ရန် ပြင်ပ (Thirt Party) ကျွမ်းကျင်သူ အဖွဲ့ငှားရမ်း ဆောင်ရွက်ခဲ့ပါကြောင်း၊
အဆိုပါ ပြင်ပကျွမ်းကျင်သူ အဖွဲ့၏စစ်ဆေး တွေ့ရှိချက်များအပေါ်မူတည်၍ ဆက်သွယ်ရေး ဝန်ဆောင်မှု လိုင်စင်ရကုမ္ပဏီများကို လျော့ကျနေသော Cable များကို သတ်မှတ်စံချိန် စံညွှန်းများအတိုင်း ပြန်လည်ပြင်ဆင်ပေးခြင်း၊ ကြံ့ခိုင်မှုမရှိသည့် ဆက်သွယ်ရေးတိုင်များကို အသစ်လဲလှယ်စေခြင်း၊ ရွဲ့စောင်းနေသော ဆက်သွယ်ရေးတိုင်များကို ပြန်လည်တည့်မတ်အောင် ဆောင်ရွက်စေခြင်း၊ ရှုပ်ထွေးနေသော တယ်လီဖုန်းကြိုးများကို ပြန်လည်ရှင်းလင်းစေခြင်း အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် ပထမအဆင့်အနေဖြင့် လမ်းမတော်မြို့နယ်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်၍ ပြုပြင်ဆောင်ရွက်ခဲ့ပြီး ဗဟန်းမြို့နယ် အပါအဝင် ကျန်မြို့နယ်များတွင်လည်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက်ညွန်ကြား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ဆက်လက်၍ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း၌လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ် ၁၄ မြိုနယ်၊ မော်လမြိုင်မြို့နှင့် မုံရွာမြို့တို့တွင် လိုင်စင်ရကုမ္ပဏီများက တည်ဆောက်ထားသော ဆက်သွယ်ရေးကြိုးများနှင့် ဆက်သွယ်ရေးတိုင်များကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ စနစ်တကျ သွယ်တန်းတပ်ဆင် တည်ဆောက်ထားမှု ရှိ/မရှိကို မြေပြင်ကွင်းဆင်း စစ်ဆေးနိုင်ရန်အတွက် ပြင်ပကျွမ်းကျင်သူ အဖွဲ့ကို တင်ဒါခေါ်ယူ၍ ငှားရမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြီးစီးပါက ယင်းအဖွဲ့၏ စစ်ဆေး တွေ့ရှိချက်များအပေါ် မူတည်၍ ပြုပြင်ထိန်းသိမ်းခြင်း၊ အသစ်လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ လိုင်စင်ရကုမ္ပဏီများကို ညွှန်ကြားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ထို့အပြင် ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပစေရန်အတွက် ရေရှည်စီမံချက်အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အခြားသက်ဆိုင်ရာဌာနများ၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများပူးပေါင်းပါဝင်ပြီး ဆက်သွယ်ရေးစနစ်များ ပိုမိုကောင်းမွန်စေရန်နှင့် စနစ်တကျ ရှိစေရန်အတွက် Smart Pole ဟုခေါ်သည့် Antenna များ၊ CCTV များ၊ လျှပ်စစ်လမ်းမီးများ၊ Wifi Device များ စသည်တို့ကို တပ်ဆင်အသုံးပြုနိုင်သည့် ဘက်စုံသုံး ဆက်သွယ်ရေးတိုင်များ တည်ဆောက်ခြင်း လုပ်ငန်းများကို ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက BOT စနစ်ဖြင့် တင်ဒါခေါ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဒုတိယအဆင့်တွင် မြေအောက်ဆက်သွယ်ရေး ပိုက်စနစ် (Underground Duct) တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ဗဟန်းမြို့နယ်အတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက (NSAN) အိတ်ချိန်း စက်ပစ္စည်း အသစ်များ အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို စနစ်တကျကြီးကြပ် ဆောင်ရွက်စေခြင်း၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ငှားရမ်းဆောင်ရွက်လျက်ရှိသည့် ပြင်ပကျွမ်းကျင်သူ အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရကုမ္ပဏီများသို့ ညွှန်ကြားဆောင်ရွက်စေခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ စီစဉ်ဆောင်ရွက် လျက်ရှိသော စီမံချက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဆက်သွယ်ရေးတိုင်များ စိုက်ထူခြင်း၊ ကောင်းကင် Cable ကြိုးသွယ်တန်းခြင်းများ လျော့နည်းသွားမည် ဖြစ်သဖြင့် ဗဟန်းမြို့နယ်အပါအဝင် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် ဆက်သွယ်ရေး Cable ကြိုးရှုပ်ထွေးမှုများ လျော့နည်းသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးထွန်းမြင့် (ဗဟန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိကို မနေ့ကမှ ဓာတ်ပုံ ၂၀၀ ကျော် မြို့နယ်အတွင်း ဖြစ်ပျက်နေသောပုံများကို ဆက်လက်ပြီး တင်ပို့ထားခြင်း ရှိပါကြောင်း၊ အချိန်မရ၍ တင်ပြနိုင်ခြင်း မရှိသည့်အတွက် ဝန်ကြီးပြောသကဲ့သို့ လိုင်စင်ရဆက်သွယ်ရေး ကုမ္ပဏီများရှိသလို၊ တရားမဝင် လာရောက်ပြီး Fiber Cable များကို ဆက်သွယ်ဆောင်ရွက်သည့် ကုမ္ပဏီများလည်းရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့မြို့နယ်တွင်မက ရန်ကုန်တိုင်းအတွင်းနှင့် အခြားမြို့နယ်များတွင်လည်း ယခုလိုရှုပ်ထွေးများပြားနေသော Fiber Cable များသည် မြို့နယ်များ၏ အလှအပကို ပျက်စီးစေသည့်အတွက် ဝန်ကြီးအနေဖြင့် မြေပြင်နှင့် လက်တွေ့ကွာဟ နေသည်ဆိုသည့် အကြောင်းကိုလည်း လေးစားစွာ ပြန်လည်တင်ပြလိုပါကြောင်း၊ ထို့ကြောင့် မိမိတို့မြို့နယ်အတွင်းရှိနေသည့် ဆက်သွယ်ရေး အန္တရာယ်ရှိတိုင်များကို မည်သည့် အချိန်တွင် အပြီးဆောင်ရွက် ပေးနိုင်မည်နည်းကို မိမိအနေဖြင့် သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
လက်ရှိအချိန်တွင် တိုင်းများကြိုးများ ရှုပ်ထွေးမှုများလည်း ရှိနေသည်မှာ မှန်ပါကြောင်း၊ နောက်တစ်ခုက ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အထဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် လိုင်စင်များထုတ်ပေးသည့် နေရာတွင် စည်းကမ်းချက်များနှင့် မြေအောက် Cable ကို မည်ကဲ့သို့ ဆွဲရမည်၊ တိုင်ကိုမည်ကဲ့သို့ထောင်ရမည်၊ Over High Cable ကို မည်ကဲ့သို့ ဆွဲရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် အကုန်လုံး သတ်မှတ်ညွှန်ကြားထားပြီးလည်း ဖြစ်ပါကြောင်း၊ နောက်ပိုင်းတွင် ပြင်ပက ကျွမ်းကျင်သူအဖွဲ့ကို စစ်ဆေးခိုင်းသည့် ရည်ရွယ်ချက်ကလည်း ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတိုင်း တရားမဝင်၊ ခွင့်ပြုချက်မရှိဘဲ ဆွဲထားသည့်ကိစ္စများ ရှိနေသည့်အတွက်ကို စစ်ဆေးဖော်ထုတ်ပြီး အရေးယူဆောင်ရွက် နိုင်ရန်အတွက် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊
ကိုယ်စားလှယ်တော်ကြီး မေးသည့်အတိုင်း လက်ရှိအခြေအနေအရ ဖြစ်ပေါ်နေသည့်အတွက် ဝန်ခံပါကြောင်း၊ နောက်တစ်ခုက မိမိတို့အနေဖြင့် အဆိုပါကိစ္စကို အရေးယူဆောင်ရွက်နေပါကြောင်း၊ နောက်တစ်ခုက Network Box များ၊ Cabinet Box များ တည်ဆောက်သည့် နေရာတွင် တရားဝင် ကုမ္ပဏီများအနေဖြင့် ဆောင်ရွက်သည်ဆိုလျှင် ၎င်း Box များထားသည့်နေရာ၊ ကြိုးများသွယ်မည့် နေရာတိုင်များ ထောင်မည့်နေရာက မိမိတို့ဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ပေးရခြင်းမျိုး မဟုတ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေအရ သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီများမှ ၎င်းတို့အနေဖြင့် စိစစ်ပြီး နေရာသတ်မှတ်ပေးခြင်း ဖြစ်သည့်အတွက် ကုမ္ပဏီများက ၎င်းသတ်မှတ်ပေးသည့် နေရာများတွင် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ သတ်မှတ်ပေးသည့်နေရာတွင် ဆောင်ရွက်ခြင်းရှိ/မရှိကိုလည်း မိမိတို့အနေဖြင့် စိစစ်စစ်ဆေးပြီး ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
မိမိကိုယ်တိုင်လည်း ဗဟန်းမြို့နယ်တွင် နေထိုင်သည့် လူတစ်ယောက်ဖြစ်သည့်အတွက် နေ့စဉ်နှင့် အမျှလည်း ရန်ကုန်ရောက်သည့်အခါ အမြဲမြင်တွေ့နေရသည့်အတွက် အမြဲတစေ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတို့ကိုလည်း အမြဲတစေ တိုက်တွန်း ညွှန်ကြားပြီး အမြန်ဆောင်ရွက်ပေးရန် ညွှန်ကြားဆောင်ရွက်လျက် ရှိပါကြောင်း၊ မည်သည့်အချိန် အပြီးဆောင်ရွက်ပေးမည်နည်းဆိုတာက မိမိတို့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မိမိတို့က ၎င်းတို့ပေးသည့် အချက်အလက်ကို တင်ပြသွားသည့် ၂၀၁၇-၁၈ ခုနှစ်တွင် ပုဂ္ဂလိကကုမ္ပဏီကို တင်ဒါခေါ်စစ်ဆေးပြီး ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယခုနှစ်တွင်လည်း ကျွမ်းကျင်သူ (Third Party) တင်ဒါခေါ်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မကြာခင်အချိန် ၎င်းတို့ ငှားရမ်းပြီး စစ်ဆေးဖော်ထုတ်သည့်အပေါ် မူတည်ပြီး အတက်နိုင်ဆုံး စစ်ဆေးဖော်ထုတ် ရရှိသည့် အချက်အလက်များကို ဆက်သွယ်ညွှန်ကြားရေး ဦးစီးဌာနကို ပြန်ပြောပြီးမှ သက်ဆိုင်ရာ ကုမ္ပဏီများကို ညွှန်ကြားဆောင်ရွက် ပေးသည့်အခါ မည်သည့်အချိန်တွင် အပြီးဆောင်ရွက်မည်နည်း ဆိုသည်ကို ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတိုင်း ဖြစ်နေသည့်နေရာများ များသည့်အတွက် မိမိအနေဖြင့် ခန့်မှန်းနိုင်မည့်အချိန်မှာ တိတိကျကျမရှိပါကြောင်း၊ သို့သော် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ပြန်လည်မေးမြန်းပြီး ကိုယ်စားလှယ်တော်ကြီးကို တိုက်ရိုက်ပြန်လည် အသိပေးအကြောင်းကြား သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
