(ဂ)-ရမ်းဗြဲမြို့နယ်၊ မကျည်းကျွန်း၊ မကျည်းချောင်းဝကျေးရွာ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် မကျည်းကျွန်းပေါ်တွင် တစ်ဖက်ပိတ်ဆည်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၀. ၅. ၂၀၁၉)

 

မကျည်းကျွန်းဒေသသည် ရမ်းဗြဲကျွန်း၏တောင်ဘက် ပင်လယ်ထဲတွင်တည်ရှိသော သီးခြားပင်လယ်ကျွန်း တစ်ကျွန်းဖြစ်၍ ဆက်သွယ်သွားလာရန် ခက်ခဲသောဒေသဖြစ်ပြီး ဝန်ထမ်းများအတွက် ဒေသစရိတ် ခံစားခွင့်ပြုထားသော ဒေသတစ်ခုလည်းဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီတွင် ရမ်းဗြဲမြို့၊ တောင်ကုတ်မြို့နှင့် မာန်အောင်မြို့တို့သို့ ဒေသသုံးစက်လှေများဖြင့် အလျဉ်းသင့်သလို ဆက်သွယ်သွားလာနိုင်သော်လည်း မိုးတွင်းရာသီ ရာသီဥတုမကောင်းသောနေ့ရက်များတွင် မည်သည့်မြို့၊ ရွာများသို့မျှ ဆက်သွယ်သွား လာရန် မလွယ်ကူသောဒေသတစ်ခုဖြစ်ပါကြောင်း၊ မကျည်းကျွန်းပေါ်တွင်  မကျည်းရွာနှင့် ချောင်းဝ ကျေးရွာဟူ၍ တစ်ဆက်တစ်စပ်တည်း တည်ရှိနေသော ရွာနှစ်ရွာနှင့် အ.ထ.က(ခွဲ)ကျောင်းရှိသော ကျေးရွာဖြစ်ပါကြောင်း၊ အိမ်ခြေ ၄၀၀ ခန့်၊ လူဦးရေ ၁၄၀၀ ခန့်တို့နေထိုင်လျက်ရှိကြပြီး အဓိကအားဖြင့် ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ကြပါကြောင်း၊ မကျည်းကျွန်း ပိုက်စိတ်တွင် တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့မှ ရွှေ့ပြောင်း ရေလုပ်သား မိသားစုများသည် ပွင့်လင်းရာသီကုန်ဆုံးချိန်အထိ မကျည်းကျွန်းဆိပ်ကမ်းတွင် အခြေချ လာရောက် လုပ်ကိုင်လျက်ရှိကြကြောင်း၊ မိုးတွင်းရာသီတွင်လည်း မိမိတို့ဒေသသို့မပြန်ဘဲ ဆက်လက်နေထိုင် လုပ်ကိုင် စားသောက်လျက်ရှိကြသော အိမ်ထောင်စုများလည်းရှိကြပါကြောင်း၊ မကျည်းကျွန်း ဒေသသည် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန်အတွက် အခြေအနေကောင်းမွန်သည့် သဘာဝကျသော ကျွန်းတစ်ကျွန်း ဖြစ်ပါသော်လည်း ကျွန်းပေါ်တွင် သောက်သုံးရေရှားပါးမှုပြဿနာကို နှစ်စဉ်ရင်ဆိုင် ကြုံတွေ့နေကြ ရပါကြောင်း၊ အခက်အခဲဆုံးပြဿနာမှာ အဝီစိတွင်းတူး၍ သုံးရေမရနိုင်သောပြဿနာ ဖြစ်သဖြင့် ကျွန်းပေါ်နေ ဒေသခံပြည်သူများနှင့် ရွှေ့ပြောင်းရောက်ရှိလာကြသော ရေလုပ်သားများအတွက် သောက်သုံးရေ လုံလောက်စွာရရှိရေးမှာ အရေးကြီးသောလိုအပ်ချက်တစ်ရပ် ဖြစ်ပါကြောင်း၊ မကျည်းကျွန်း၏ လိုအပ်နေသော သောက်သုံးရေရရှိမှု ပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် မကျည်းချောင်းဝရွာ၏ တောင်ဘက် ၃ ဖာလုံခန့်အကွာအဝေးတွင် တည်ရှိသော တောင်ကုန်း၏ လျှိုမြောင်ကို ပေ ၂၀၀ ခန့်ပိတ်၍ တစ်ဖက်ပိတ်ဆည် ပြုလုပ်ပေးလိုက်ခြင်းအားဖြင့် ရေများကို လိုအပ်သလို ရရှိသုံးစွဲနိုင်မည်ဖြစ်သည့်အပြင် တောင်ခြေရှိလယ်ကွက်များကိုပါ ရာသီမရွေးဟင်းသီး ဟင်းရွက်များ စိုက်ပျိုးနိုင်မည်ဖြစ်ပါသဖြင့် ဒေသနေပြည်သူများအတွက်ရော၊ ရွှေ့ပြောင်းရောက်လာ သူများအတွက်ပါ ရေအခက်အခဲပြဿနာ ပြေလည်သွားနိုင်မည်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မကျည်းကျွန်းနေ လုပ်သားပြည်သူများ သောက်သုံးရေလုံလောက်စွာရရှိ သုံးစွဲနိုင်ရေးအတွက် မကျည်းကျွန်းပေါ်တွင် တစ်ဖက်ပိတ်လျှိုပိတ်ဆည်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အကြောင်း ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ မကျည်းကျွန်းရှိ မကျည်းကျေးရွာနှင့် ချောင်းဝကျေးရွာတို့မှ အိမ်ခြေ ၂၆၆ အိမ်၊ လူဦးရေ ၁၁၂၂ ဦးခန့် နေထိုင်လျက်ရှိကြောင်း၊ လက်ရှိ သောက်သုံးရေကန်နှစ်ကန်နှင့် လက်တူးတွင်း ၄၂ တွင်းတို့မှ ရေရယူသုံးစွဲလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်သည် ပုံမှန်အားဖြင့် မိုးရေချိန်လက်မ ၂၀၀ ကျော်ရွာသွန်းပြီး ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းများကြောင့်လည်း ထူးကဲမိုးရေချိန်များနှင့် ရွာသွန်းလေ့ရှိသော ဒေသဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထားသော ကျေးရွာများ သောက်သုံးရေဖူလုံစွာရရှိရန်အတွက် လျှိုပိတ်ဆည်တည်ဆောက်ရန် ဦးစွာ ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများကို ဆောင်ရွက်ခဲ့ခြင်းနှင့်အတူ မြေပြင်တိုင်းတာခြင်း၊ ဘူမိဗေဒ စမ်းသပ်လေ့လာခြင်း၊ မြေယာဆုံးရှုံးမှုများတွင် စီမံဆောင်ရွက်ပေးရခြင်းစသည့် ဖြစ်ပေါ်နိုင်မှု အခြေအနေများ အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ ထိခိုက်မှုရှိ/မရှိ စသည့် စူးစမ်းလေ့လာမှုလုပ်ငန်းများကို တစ်နှစ်ခန့်အချိန်ယူ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

စူးစမ်းလေ့လာမှုများအရ ဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်းအပေါ်မှာ အခြေခံ၍ ဒီဇိုင်းပုံစံ ပြုစုဆောင်ရွက်ရန်ရှိမည် ဖြစ်ပါကြောင်း၊ အဆိုပါဒီဇိုင်းပုံစံအရ ခန့်မှန်းကုန်ကျငွေ တွက်ချက်ပြီးနောက် လိုအပ်မည့်ရန်ပုံငွေကို ရခိုင်ပြည်နယ်အစိုးရရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံပြီး ရန်ပုံငွေ ခွဲဝေရရှိမှုနှင့်အတူ မိမိတို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ လျှိုပိတ်ဆည် တည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။