(ဃ)-သရက်မြို့နယ်အဆုံးရှိ ဆင်ကော်ကျေးရွာအုပ်စု၊ ဆင်ကော်ရဲစခန်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်အင်္ဂါရပ်နှင်‌့ ညီညွတ်မှုမရှိခြင်း၊ လုံခြုံမှုမရှိခြင်းများကြောင့် အဆောက်အဦအသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၈. ၅. ၂၀၁၉)

 

၎င်းဆင်ကော်ကျေးရွာသည် သရက်မြို့၏ အနောက်‌တောင်ဘက်တွင် တည်ရှိပြီး သွားလာရန် ခက်ခဲသော ကျေးရွာတစ်ရွာ ဖြစ်ပါကြောင်း၊ မိုးတွင်းသွားလာရန်ခက်ခဲသော ကျေးရွာဖြစ်သည့်အပြင် ရဲစခန်းတွင်လည်း ရာသီဥတုသုံးပါးစလုံးနှင့် တပ်ဖွဲ့ဝင်များနေရေးအတွက် လုံခြုံမှုမရှိခြင်းနှင့် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊

၎င်းဆင်ကော်ကျေးရွာ ရဲစခန်းမြေနေရာသည် ဦးပိုင်အမှတ် (၁၃၉) ကွင်းအမှတ်-၁ ဖြစ်ပြီး ၄.၀၆ ဧက ကျယ်ဝန်းကြောင်း သိရှိရပါသည်။ စခန်းက ၁၉၅၉ ခုနှစ်မှ စတင်၍ စခန်းရုံး၊ အချုပ်ခန်းတို့အား သက်ကယ်မိုး၊ ပျဉ်ကာ၍ ငွေကျပ် ၇၅၀၀ ဖြင့် တည်ဆောက်ခဲ့ပါကြောင်း၊ ၁၉၇၆ ခုနှစ် တွင် ပုံစံတူ ရဲတပ်သားလေးခန်းတွဲ နှစ်အိမ်အား သက်ကယ်မိုး၊ ထရံကာတို့ဖြင့် ငွေကျပ် ၇၀၀၀ နှင့် တည်ဆောက်ခဲ့ပါကြောင်း၊ ယခုချိန်တွင် ပျက်စီးမှုအား ဖျက်စီးခွင်‌့တင်ပြ၍ ဖျက်စီးခွင့်ပြုပြီး ကြောင်းလည်း သိရပါသည်။ ၎င်းဖျက်စီးထားသော ပျဉ်တို၊ ပျဉ်စများဖြင့် အဆောက်အဦတစ်ခု ဆောက်လုပ်ထားပါကြောင်း၊ ထိုအဆောက်အဦတွင်လည်း ယခုပျက်စီးစပြုနေပါကြောင်း၊ နှစ်ယူနစ်ဟု ခေါ်သည့် အိပ်ခန်းတွဲလည်း ကိုယ်ထူကိုယ်ထ ပြန်လည်ဆောက်လုပ်ထားခြင်း ဖြစ်ပါကြောင်း၊ ယခင်က ဆောက်လုပ်ခဲ့သော လက်ငုတ်အဆောက်အဦများမှာလည်း မရှိတော့ပါကြောင်း၊ ထု့ိကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်အင်္ဂါနှင်‌့ ညီညွတ်စေရန်၊ လုံခြုံမှုရှိစေရန် လုပ်ငန်းများလုပ်ကိုင်ရန်နှင်‌့ နေထိုင်ရေးများ၌ များစွာအခက်အခဲရှိပါသဖြင့် ဒေသခံပြည်သူ ရဲတပ်ဖွဲ့ဝင်များ၏ကိုယ်စား တိုက်နယ်ရဲစခန်း အဆောက်အဦအသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ရဲတပ်ဖွဲ့တွင် သရက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သရက်မြို့မရဲစခန်း၊ ဆင်ကော်နယ်မြေရဲစခန်း၊ ဘော်နယ်မြေရဲစခန်း၊ ရေမျက်ရဲကင်းစခန်းတို့ ရှိပါကြောင်း၊ ဆင်ကော်နယ်မြေ ရဲစခန်းဝင်းသည် ဆင်ကော်ကျေးရွာ ဦးပိုင်အမှတ် (၁၃၉) မြေဧရိယာ ၄.၀၆ ဧက ပေါ်တွင် တည်ရှိပါကြောင်း၊ ဆင်ကော်နယ်မြေရဲစခန်းတွင် အရာရှိ ၂ ဦး၊ အခြားအဆင်‌့ ၉ ဦး စုစုပေါင်း ၁၁ ဦး၊ အိမ်ထောင်သည် ၁၀ ဦး၊ လူပျိုတစ်ဦးတို့ဖြင့် လုံခြုံရေးနှင်‌့တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆင်ကော်နယ်မြေ ရဲစခန်းဝင်းအတွင်း အဆောက်အဦးများတွင် ရဲစခန်းရုံးတစ်လုံး၊ လုံးချင်းနှစ်လုံး၊ နှစ်ခန်းတွဲတစ်ထပ်တစ်လုံး စုစုပေါင်းအဆောက်အဦလေးလုံး၊ လူနေအခန်းလေးခန်း ရှိပါကြောင်း၊ လူနေအဆောက်အဦ သုံးလုံးနှင့် လုံးချင်းတစ်လုံးနှင်‌့ နှစ်ခန်းတွဲတစ်ထပ် တစ်လုံးတို့မှာ ပြုပြင်ရန် မလိုအပ်သည့် အဆောက်အဦများဖြစ်၍ ကျန်လုံးချင်းတစ်လုံးမှာ ပြုပြင်ရန်လိုအပ်သည့် အဆောက်အဦ ဖြစ်ပါကြောင်း၊

ဆင်ကော်နယ်မြေရဲစခန်းရှိ အိမ်ထောင်သည် ၁၀ ဦးအနက် လေးဦးမှာ စခန်းရုံးတွင်တစ်ဦး၊ လူနေလိုင်းခန်း သုံးခန်းတွင်  သုံးဦးနေထိုင်လျက်ရှိပြီး ကျန်အိမ်ထောင်သည် ခြောက်ဦးနှင်‌့ လူပျိုတစ်ဦးမှာ ဒေသခံများဖြစ်၍ ပြင်ပရှိမိဘဆွေမျိုးများထံ နေထိုင်လျက်ရှိပါကြောင်း၊ အဆိုပါ ပြုပြင်ရန်လိုအပ်သည့် လုံးချင်းအဆောက်အဦ တစ်လုံးအား ပြန်လည်ပြုပြင်ရန်အတွက် တွက်ချက်မှု စာရင်းတောင်းခံ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြင်ဆင်ထိန်းသိမ်းရေး စရိတ်ရန်ပုံငွေမှ ပြင်ဆင်သွားမည် ဖြစ်ပါကြောင်း၊ ပြင်ပရှိ မိဘဆွေမျိုးများထံ နေထိုင်လျက်ရှိသော တပ်ဖွဲ့ဝင်များနှင့် ဖွဲ့စည်းပုံအရ အင်အားဖြည့်တင်းပြီး တပ်ဖွဲ့ဝင်များ နေထိုင်နိုင်ရေးအတွက် ခြောက်ခန်းတွဲနှစ်ထပ်တစ်လုံး ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိသည့်အပြင် ရဲစခန်းရုံးတစ်ရုံးတွင်လည်း နှစ်ကာလကြာမြင့်၍ ဟောင်းနွမ်းပြီး အမြင်တင့်တယ်မှု မရှိသည့်အတွက် ခေတ်နှင့်လျော်ညီသော နယ်မြေရဲစခန်းရုံး အချုပ်ပါ တစ်ထပ်တစ်လုံးအား ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိသည့်အတွက် အဆိုပါ အဆောက်အဦများ ဆောက်လုပ်ရန်လည်း မြေအလုံအလောက် ရှိပါကြောင်း၊

သို့ပါ၍ ဆင်ကော်နယ်မြေ ရဲစခန်းအတွက် ပြုပြင်ရန်လိုအပ်သော လုံးချင်းအဆောက်အဦ တစ်လုံးအား ပြန်လည်ပြုပြင်ရန်အတွက် ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေမှပြင်ဆင်သွားမည် ဖြစ်ပါကြောင်းနှင့် နယ်မြေရဲစခန်းအချုပ်ပါ တစ်ထပ်တစ်လုံး၊ ခြောက်ခန်းတွဲနှစ်ထပ် တစ်လုံးတို့အား ဆောက်လုပ်ပေးရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေမှရရှိ၍ တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။