ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် (၃၅၆)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
( က ) ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါ်နန်းမိုး၊ မန်တုံမဲဆန္ဒနယ် က မေးမြန်းသော ဖွံ့ဖြိုးရေးနောက်ကျပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲသောဒေသနှင့် မငြိမ်းချမ်းသောဒေသများသို့ ဝန်ထမ်းများ စေလွှတ်သည့်အခါ ဆေးပင်စင်ယူခါနီးဝန်ထမ်းများနှင့် လုပ်သက်ပြည့်ပင်စင်ယူခါနီး ဝန်ထမ်းများအားစေလွှတ်ခြင်း၊ အကြောင်းတစ်စုံတစ်ရာကြောင့် ဌာနပြစ်ချက်ဖြင့် ဝန်ထမ်းများ စေလွှတ်ခြင်းတို့မှာ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေခြင်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ရေးဆွဲပြီးဖြစ်သော နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး စီမံချက်အပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအပေါ် ပြည်သူများ၏ အမြင်များကိုလည်း လိုက်လံကောက်ယူလျက်ရှိပါကြောင်း ဝန်ကြီးဌာနများနှင့် ဆက်လက်ပြီး ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဗိုလ်မှူးဇော်ဝင်းနိုင်၊ တပ်မတော်သားကိုယ်စားလှယ် က မေးမြန်းသော ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၆) “နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ” အရ တာဝန်ပေးအပ်ထားသည့် နိုင်ငံတကာမှ ကျွမ်းကျင်သူ သို့မဟုတ် အကြံပေးပုဂ္ဂိုလ်တို့နှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ပွင့်လင်း မြင်သာစွာ သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဉီးစောဗယ်လင်တိုင်းက နိုင်ငံတကာမှ ကျွမ်းကျင်သူ သို့မဟုတ် အကြံပေးပုဂ္ဂိုလ် များကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနများမှ လိုအပ်ချက်အရသာ ခန့်ထားတာဝန်ပေးအပ် ထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ် က မေးမြန်းသော ဒလမြို့နယ်တွင် စက်မှုလက်မှု အထက်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဘဏ္ဍာငွေလျာထားပြီး ဖြစ်ပါကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၄) ဒေါ်စိုးနွယ်အေး၊ တံတားဦးမဲဆန္ဒနယ် က မေးမြန်းသော တံတားဦးမြို့နယ်၊ မြေငူ အခြေခံပညာအထက်တန်းကျောင်းအား ၂၀၁၉ ခုနှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်းက ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနအသစ်ဖြင့် ဖွင့်လှစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဦးမင်းသိန်း၊ ရေဦးမဲဆန္ဒနယ် က မေးမြန်းသော ရေဦးမြို့ အ.ထ.က (၁) ကျောင်းဝင်းအတွင်းရှိ သင်ကြားရေးအဆောင်များဖြစ်သော ကံ့ကော်ဆောင်နှင့် အင်ကြင်းဆောင်တို့မှာ ကျောင်းသားကျောင်းသူဦးရေ များပြားခြင်း၊ ကျောင်းဆောင် သက်တမ်းကာလ ကြာမြင့်ခြင်းတို့ကြောင့် ကျောင်းဆောင်အမိုးများ၊ ကြမ်းခင်းများ၊ လှေကားများ၊ အကာလက်ရန်းများ ခိုင်ခံ့မှုကိုစစ်ဆေးကာ နွေရာသီကျောင်း ပိတ်ရက်များတွင် ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြင်ဆင်ထိန်းသိမ်းရေးစရိတ် ရန်ပုံငွေခေါင်းစဉ်အောက်မှ ခွဲဝေရရှိမှုအခြေအနေ အပေါ်မူတည်ပြီး ဉီးစားပေးအလိုက် ပြင်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ် က မေးမြန်းသော လွိုင်လင်မြို့နယ်၊ နောင်လိုင် ကျေးရွာအုပ်စု၊ ဟွေဟိုးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် နားတစ်ကျေးရွာ အုပ်စု၊ ပန်ဟူးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် စာသင်ကျောင်းဆောင် အသစ် (၁)ဆောင်စီ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျခံသုံးစွဲဆောင်ရွက်ပေးရန် ဘဏ္ဍာငွေလျာထားပါကြောင်းနှင့် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၇) ဒေါက်တာဦးလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ် က မေးမြန်းသော ပညာရေးဝန်ကြီး ဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင် ဘွဲ့ကြိုတန်း (ညနေသင်တန်း)များအား တာဝန်ယူဖွင့်လှစ်နိုင်သည့် တက္ကသိုလ်များရှိပါက ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင် ဘွဲ့ကြိုတန်း (ညနေသင်တန်း)များအား ပြန်လည်ဖွင့်လှစ်ရန် ဆက်လက်စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို(၂)ခုတင်သွင်းခြင်း
(၁) ပေးအပ်သောဘွဲ့နှင့် လျော်ညီသော ပညာအရည်အသွေး သင်ပေးနိုင်စေရန် အတွက် အဆင့်မြင့်ပညာသင်တက္ကသိုလ်၊ ကောလိပ်များတွင် စာတွေ့လက်တွေ့ မျှတစေရန် သင်ထောက်ကူ ပစ္စည်းများဖြည့်ခြင်း၊ လက်တွေ့ဆောင်ရွက် ခိုင်းမှုများ၊ ကွင်းဆင်းလေ့လာမှုများ၊ စာတမ်းတင်ခိုင်းမှုများပြုလုပ်၍ အဆင့်မြင့် ပညာမြှင့်တင်မှုကို ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆို ကို ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ်က တင်သွင်းခဲ့ပြီး ဉီးရဲလွင်၊ အလုံ မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၆-၅-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
(၂) မြန်မာနိုင်ငံမှာ သမိုင်းဘာသာနှင့် ပထဝီဝင်ဘာသာအကြောင်း တတ်သိကျွမ်း ကျင်သော ပညာရှင်များ ကမ္ဘာ့အလယ်မှာပေါ်ထွန်းလာစေရန် သမိုင်းဘာသာနှင့် ပထဝီဝင်ဘာသာကို အခြေခံပညာအလယ်တန်းအဆင့်တွင် ယခုထက်ပိုမို သင်ကြားနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ကို ဦးအောင်သိုက်၊ ဆိပ်ဖြူမဲဆန္ဒနယ်က တင်သွင်းခဲ့ပြီး ဉီးဘုန်းမြင့်အောင်၊ ဒိုက်ဉီး မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၆-၅-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်း ရန်ဖြစ်သည်။
( ဂ ) ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာ့ ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဉပဒေကြမ်းကော်မတီက ယင်းဉပဒေကြမ်းကို အစီရင်ခံစာနှင့်အတူ တင်သွင်းသည်။ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၇-၅-၂၀၁၉ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပမည့်ရက်ကို ၈-၅-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
