(ဆ)-ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များမှာ ဘွဲ့ကြိုတန်း (ညနေသင်တန်း)များအား တာဝန်ယူဖွင့်လှစ်နိုင်သည့် တက္ကသိုလ်များရှိပါက ပြန်လည် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၃. ၅. ၂၀၁၉)

 

ပထမတစ်ချက်အနေဖြင့် နိုင်ငံတော်၏ လက်ရှိအခြေအနေမှာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးသည် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် လူတိုင်းငြင်းပယ်၍မရသည့် အမှန်တရား ဖြစ်ပါကြောင်း၊ ပညာတတ်နိုင်ငံသားများ တိုးပွားလေ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လေ ဖြစ်သောကြောင့် အဘက်ဘက်က နိမ့်ကျနေသည့် မိမိတို့နိုင်ငံအတွက် နိုင်ငံတကာနှင့် ရင်ဆိုင်ယှဉ်ပြိုင် နိုင်ရန်အတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊ အခြေခံပညာရေးမှာလည်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသကဲ့သို့ အဆင့်မြှင့်ပညာ ကဏ္ဍမှာလည်း လိုအပ်သည့်စီမံ ဆောင်ရွက်ပေးရမည် ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ အထူးသဖြင့် နိုင်ငံသားတိုင်း၊ နိုင်ငံသားတိုင်းမည်သည့် အခြေအနေတွင်ဖြစ်စေ ပညာသင်ကြားခွင့်ရရှိရေးသည် အလွန်အရေးကြီးသကဲ့သို့ သင်ယူခွင့် ရရှိစေရန်လည်း နိုင်ငံတော်အစိုးရများက ဖန်တီးပေးရမည် ဖြစ်ပါကြောင်း၊

ဒုတိယတစ်ချက်အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ အခြေအနေ ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားအရ မြန်မာနိုင်ငံအနှံ့အပြား၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ဒီကရီကောလိပ်၊ ကောလိပ်စုစုပေါင်း ၁၆၀ ခန့် တည်ဆောက်ဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း၊ အဆိုပါနေရာတွင် ဝိဇ္ဇာသိပ္ပံဘွဲ့၊ နည်းပညာဘွဲ့၊ ပညာရေးဘွဲ့၊ စီးပွားရေးပညာဘွဲ့များ သင်ကြားပို့ချပြီး ဘွဲ့နှင်းပေးလျက် ရှိပါကြောင်း၊ အဆင့်မြင့်ပညာ ကဏ္ဍတွင် နောက်ထပ်ထူးခြားသည့် တစ်ချက်က ဘွဲ့ကြိုသင်တန်းများ တက်ရောက်သင်ကြားနေသူ ခုနစ်သိန်း ပတ်ဝန်းကျင်ရှိသည့် အနက်မှ ငါးသိန်းကျော်သည် အဝေးသင်တက္ကသိုလ်များတွင် တက်ရောက်သင်ကြား နေသူများ ဖြစ်ပါကြောင်း၊ အဝေးသင်တက္ကသိုလ်တွင် လက်ရှိဆောင်ရွက်နေသော မူဝါဒအရ ဘွဲ့ကြိုသင်တန်း တစ်နှစ်တာမှ ဆရာ/မများနှင့် ထိတွေ့သင်ကြားချိန်သည် အနီးကပ်သင်တန်းပို့ချသည့် ရက်ပေါင်း ၂၀ ကျော်ခန့်သာ ရှိပါကြောင်း၊ သေချာသည်မှာ ဆရာ/မများနှင့်  သင်ကြားရေးအထိအတွေ့ နည်းပါးနေသည့်အတွက် လိုအပ်သော ပညာအရည်အသွေးရလာရန် အခွင့်အလမ်း နည်းပါးနေသည် ဆိုသည်မှာ သေချာပါကြောင်း၊ အဝေးသင်တက္ကသိုလ် တက်ရောက်သင်ကြားသူ အများစုသည် လုပ်ငန်းခွင်တစ်ဖက်နှင့် ပညာသင်ကြားနေသော ကျောင်းသားလုပ်သားများသာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားစု အတွက်သော်လည်‌းကောင်း၊ အခြားသောလုပ်ငန်းခွင် အသီးသီးတွင် သော်လည်းကောင်း လုပ်ငန်းခွင်မှာ အလုပ်လုပ်နေကြသူများသာ ဖြစ်ပါကြောင်း၊ အခြေအနေအရပ်ရပ် ကြောင့်သာ ဆရာ/မများနှင့် သင်ကြားရေး အထိအတွေ့နည်းပါးသည့် အဝေးသင်တက္ကသိုလ်ကို တက်နေရသော်လည်း မိမိတို့ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆရာ/မ များနှင့် အမြဲမပြတ်သင်ယူလိုသည့် ဆန္ဒရှိနေကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ ဘီလီယံပေါင်း မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် အဆင့်မြင့်ပညာအောက်ရှိ တက္ကသိုလ်များတွင် ဘွဲ့ကြို (နေ့သင်တန်း) တစ်ခုတည်း ဖွင့်လှစ်သင်ကြား ပို့ချဘွဲ့နှင်းပေးမည့်အစား ဘွဲ့ကြို (ညနေသင်တန်း) များ ဖွင့်လှစ်ပို့ချ ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံထားသော အခြေခံအဆောက်အဦများကို အသုံးကျအောင် အသုံးချရမည် ဖြစ်ပါကြောင်း၊ အချို့သော တက္ကသိုလ်များတွင် ညနေပိုင်း ဒီပလိုမာသင်တန်းများ သင်ကြားပို့ချပေး နေခြင်းသည် ဆယ်စုနှစ်တစ်စုနီးပါး အောင်မြင်စွာဖွင့်လှစ်နေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆောင်ရွက်နိုင်သော အခြေခံလိုအပ်ချက်များနှင့် ပြည့်စုံသော၊ အခြေအနေပေးသော တက်ရောက်လိုသည်‌့ ကျောင်းသား/သူများရှိသည့် အဆင်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီကရီ၊ ကောလိပ်များတွင် ဘွဲ့ကြို (ညနေသင်တန်း) များ ဖွင့်လှစ်ပေးနိုင်မည်ဆိုလျှင် အလွန်ကောင်း မွန်သော အခြေအနေတစ်ခု ဖြစ်ပါကြောင်း၊

တက္ကသိုလ်ဘွဲ့ကြို (ညနေသင်တန်း) ဆိုသည်မှာ ယခုမှ အဆန်းထွင်ဖွင့်ခြင်း မဟုတ်ပါကြောင်း၊ ၁၉၄၇ ခုနှစ်ကတည်းက အစပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်တွင် စစ်အတွင်းက ပညာတစ်ပိုင်းတစ်စဖြင့် အသက်ကြီးသွားသောသူများ တက္ကသိုလ်ပညာရေး ဆက်လက် ဆည်းပူးနိုင်ရန် အမျိုးသားကောလိပ်အဖြစ် စတင်ထူထောင်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား/ သူ ၁၀၀ ကျော်၊ ဆရာ/ ၂၀ ဦးဖြင့် အစပြုခဲ့ပြီး မနက်ပိုင်းတွင် ၇ နာရီ ကနေ ၉ နာရီ၊ ညနေပိုင်းတွင် ၅ နာရီမှ ၈ နာရီအထိ ပို့ချခဲ့သည့် အမျိုးသားကောလိပ်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် မတ်လမှာ သက်ကြီးတက္ကသိုလ်အဖြစ် အမည်ပြောင်းလဲပြီး ၁၉၅၈-၅၉ ပညာသင်နှစ်တွင် ကျောင်းသား/သူ ၁၅၀၀ ကျော်ဖြင့် ဆရာ/မ ၁၀၀ ဦး နီးပါးအထိရှိလာပြီး ရန်ကုန်တက္ကသိုလ်တွင် ပြင်ပဖြေအနေဖြင့် ဝင်ရောက်ဖြေဆိုခွင့် ရရှိပြီဖြစ်ပါကြောင်း၊ ၁၉၆၄ ခုနှစ်တွင် စနစ်သစ်ပညာရေးအရ သက်ကြီးတက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်၏ Affiliate လုပ်သားကောလိပ်အဖြစ် လုပ်ငန်းခွင် တစ်ဖက်နှင့် သင်ကြားလိုသူများအတွက် ညနေပိုင်းသင်ကြားပို့ချ ဘွဲ့နှင်းပေးအပ်ခဲ့ပါကြောင်း၊ ယခုလို မန္တလေးတက္ကသိုလ်တွင်လည်း ဘွဲ့ကြို (ညနေသင်တန်း) အဖြစ် ဖွင့်လှစ်ပေးခဲ့ပြီး ဘွဲ့နှင်းပေးခဲ့ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၊ လုပ်သားကောလိပ်နှင့် မန္တလေးတက္ကသိုလ် (ညနေ သင်တန်း) တို့သည် ၂၀၀၄ ခုနှစ် ပတ်ဝန်းကျင်အထိ ရပ်တည်သင်ကြား ဘွဲ့နှင်းပေးခဲ့ပြီး ဘွဲ့ရပေါင်း သိန်းချီရှိခဲ့ပါကြောင်း၊ ဘွဲ့ရကျောင်းသား/သူများသည် ယနေ့အချိန်တွင် ဌာနဆိုင်ရာအသီးသီးမှာ ပညာရှင်များအဖြစ် ဒုတိယဝန်ကြီးအဆင့်၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများအဆင့် နိုင်ငံ့တာဝန်များ ထမ်းဆောင်ခဲ့ကြခြင်းကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်နိုင်ငံ့ လိုအပ်ချက်အရ၊ အဆင့်မြင့်ပညာရေး၏ လိုအပ်ချက်အရ မေးမြန်းရခြင်းဖြစ်ပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ဘွဲ့ကြိုသင်တန်း၊ ဘွဲ့လွန်သင်တန်းများကို အောက်ပါအတိုင်း ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ မကွေးတက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများဖြစ်သည့် Geographic Information System (GIS) နှင့် Land Surveying သင်တန်းများ၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာ၊ စပိန်ဘာသာ၊ ထိုင်းဘာသာ၊ ဂျာမန်ဘာသာသင်တန်းများ၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများအဖြစ် Diploma in Business Studies၊ Diploma in Management Accounting၊ Diploma in Financial Accounting  အစရှိသည့် သင်တန်းများအား ဘွဲ့လွန်သင်တန်းများအဖြစ် Diploma in Development Studies (Dip, DS)၊ Diploma in Marketing (DIM)၊ Diploma in Research Studies (DRS) သင်တန်းများ၊ မန္တလေးတက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းများအဖြစ် Certificate in Advanced Studies၊ Certificate in Business Studies၊ Certificate in Geographic Information System၊ Certificate in Buddhist Studies၊ ဘွဲ့လွန်သင်တန်းများအဖြစ် Diploma in Political Science၊ Diploma in Abhidhamma၊ Diploma in English၊ Diploma in Philosophy သင်တန်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် အဆင့်မြင့်ပညာ ဦးစီးဌာန မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ဖွံ့ဖြိုးမှုမဟာဘွဲ့ (MDevs) သင်တန်းများကို နေပြည်တော်တွင် အပတ်စဉ်စနေနှင့်တနင်္ဂနွေ နေ့များမှာလည်း သင်ကြားဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊

လက်ရှိအားဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာနရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များတွင် အဝေးသင်သင်တန်းများနှင့် နေ့သင်သင်တန်းများကို ပူးပေါင်းပြီး One Campus, Two System စတင်ကျင့်သုံးနေပြီ ဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်ကစပြီး အဝေးသင် သင်တန်းနှစ်များ အားလုံးအတွက် ကျောင်းအပ်လက်ခံခြင်း၊ သင်တန်းပို့ချခြင်း၊ စာစဉ်ပြုစုခြင်း၊ စာစဉ် စစ်ဆေးခြင်း၊ စာတွေ့လက်တွေ့ သင်ကြားမှုပြုခြင်း၊ မေးခွန်းလွှာပြုစုခြင်း၊ စာမေးပွဲကျင်းပခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်း၊ ဘွဲ့နှင်းသဘင်ကျင်းပခြင်း အစရှိသည့် လုပ်ငန်းစဉ်များ အားလုံးကို သက်ဆိုင်ရာတက္ကသိုလ်များက ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် အသီးသီးတွင် ကိုယ်စားလှယ်တော်ကြီး တင်ပြသကဲ့သို့ သင်ကြားရေးဆရာ/မ အင်အားအပေါ် မူတည်၍ လည်းကောင်း၊ သင်ကြားရန်အခြေအနေပေးမှုအပေါ် မူတည်၍လည်းကောင်၊ ဒေသအတွက် လိုအပ် ချက်ရှိမှုအပေါ် မူတည်၍လည်းကောင်း၊ တက်ရောက်မည့် သင်တန်းသားနှင့် သင်တန်းဘာသာရပ် အခြေအနေအပေါ် မူတည်ပြီး ဘွဲ့ကြိုသင်တန်း (ညနေသင်တန်း) များအား ကိုယ်စားလှယ်တော် ကြီးတင်ပြသကဲ့သို့ ဖွင့်လှစ်နိုင်ရန် ဆက်လက်စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။