(က)-ဆော့လော်မြို့နယ်၊ လန်ဆယ်ရွာတွင် တည်ဆောက်ခဲ့သော ရေတားတမံမှာ တည်ဆောက်ပြီး ရှစ်လကျော်ခန့်အကြာ၌ ပျက်စီးနေပါသဖြင့် တည်ဆောက်ခဲ့သည့်ကုမ္ပဏီနှင့် အရည်အသွေး စစ်ဆေးခဲ့သည့် ကော်မတီအဖွဲ့ဝင်များအား အရေးယူဆောင်ရွက်ရန် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂. ၅. ၂၀၁၉)

 

ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာအုပ်စု၊ လန်ဆယ်ရွာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ တည်ဆောက်ခဲ့သော ရေတားတမံမှာ တည်ဆောက်ပြီးစီးပြီး ရှစ်လကျော်ခန့်အကြာ၌ ပျက်စီးနေပါ သဖြင့် တည်ဆောက်ခဲ့သည့်ကုမ္ပဏီနှင့် ရေတားတမံပြီးစီးကြောင်း အရည်အသွေးစစ်ဆေးခဲ့သည့် ကော်မတီအဖွဲ့ဝင်များအား နိုင်ငံတော်အစိုးရအနေဖြင့် ပြင်းထန်စွာ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စီမံကိန်းလုပ်ငန်းအား တင်ဒါစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိသိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

 

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာ၌ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရန်ပုံငွေဖြင့် ၂၇၅ ပေရှိ ရေတားတမံတစ်စင်းအား ကျပ်သန်း ၃၉.၅၅၀ သန်းဖြင့် တည်ဆောက်ခဲ့သည်ကို လေ့လာတွေ့ရှိ ခဲ့ရပါကြောင်း၊ အဆိုပါ ရေတားတမံအား Orchid Star ကုမ္ပဏီမှ တည်ဆောက်ခဲ့ပြီး ၁၀--၂၀၁၈ ရက်နေ့ လုပ်ငန်းပြီးစီးခဲ့သည်မှာ ၁၆--၂၀၁၈ ရက်နေ့ သက်ဆိုင်ရာဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ခဲ့ကြောင်းကိုလည်း လေ့လာတွေ့ရှိခဲ့ရပါသည်။ သို့သော် လုပ်ငန်းပြီးစီးပြီး ဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံခဲ့သည့် အချိန်မှရှစ်လကျော်ခန့်သာ ရှိသေးသော်လည်း မြေသားတမံမှာ အပ်ကြောင်းများဖြင့် ကွဲအက်ပျက်စီးနေသည်ကို တွေ့မြင်ခဲ့ရပြီး စီမံကိန်းလုပ်ငန်း စံချိန်စံညွှန်း များနှင့်အညီ တည်ဆောက်ခဲ့ခြင်း မဟုတ်ကြောင်း တွေ့မြင်ခဲ့ရပါသည်။ စီမံကိန်းလုပ်ငန်း တည်ဆောက်နေစဉ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြီးကြပ်လမ်းညွှန်မှု မရှိခဲ့သည့်အတွက် အဆိုပါ ရေတားတမံမှာ ပျက်စီးခဲ့၍ ဒေသအတွက် အကျိုးမပြုသည်ကို တွေ့မြင်ခဲ့ရပါကြောင်း၊  အဆိုပါ နေရာအားကြည့်မည်ဆိုလျှင် မိမိတို့လုပ်ငန်းလက်ခံသည့် နေရာတွင် လက်မှတ်ရေးထိုး ထားသည်မှာ ဦးတိန်ခမ်ဂျိုရမ်ဟု ရေးထားပါကြောင်း၊ အမှန်တကယ် လန်ဆယ်ကျေးရွာ အုပ်ချုပ်ရေးမှူးက တိန်ခမ်ဂျိုရမ် မဟုတ်ပါကြောင်း၊ ဦးအေရိုစီဖြစ်ပါကြောင်း၊ ယခင်ကတည်းက ဦးအေရိုစီဖြစ်သလို ယနေ့တိုင်အောင် လန်ဆယ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးအေရိုစီဖြစ်ပါကြောင်း၊ ထို့နောက် ထပ်ဆင့်လက်မှတ်ရေးထိုး ထားသည့်နေရာတွင် ဦးအောင်ကျော်ထူး (ညွှန်ကြားရေးမှူး) ကချင်ပြည်နယ်က လက်မှတ်ရေးထိုးထားခြင်း ဖြစ်ပါကြောင်း၊ အမှန်တကယ် အဓိကလုပ်ငန်းနှင့် ပတ်သက်ပြီးမှ အရည်အသွေး ပြည့်မီခြင်းရှိ/မရှိ တကယ်လက်မှတ် ထိုးသည့်နေရာတွင် အတည်ပြုသည့်နေရာမှာ လက်မှတ်ထိုးမည်ဆိုလျှင် ပြည်နယ်ညွှန်ကြားရေးမှူး မြို့နယ်နှင့်ဆိုင်သည့် ဌာနဆိုင်ရာအားလုံးက သေချာကွင်းဆင်းပြီးမှသာလျှင် မိမိတို့က လက်မှတ်မှန်ကန်ခြင်း/မမှန်ကန်ခြင်း သေချာစစ်ဆေးပြီးမှသာ လက်မှတ်ရေးထိုး သင့်ပါကြောင်း၊ နောက်တစ်ခုက ရေတားတမံ ပျက်စီးခဲ့ရသည့် အကြောင်းအရင်းကို လေ့လာကြည့်သည့်အချိန်တွင် အဆိုပါရေတားတမံက ၂၇၅ ပေ ရှိပြီး ဘတ်ဂျက်ကျသည်မှာ သိန်း ၄၀၀ နီးပါး ဟုတ်ပါကြောင်း၊ မိမိတို့သည် ဘတ်ဂျက်ကလည်း နည်းပါးပါကြောင်း၊ ဘတ်ဂျက်နည်းသည့် အချိန်တွင် အဆိုပါလုပ်ငန်းကို လက်ခံသည့် ကုမ္ပဏီအနေဖြင့်လည်း မိမိတို့က အဆိုပါကိစ္စကို ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ၊ သေချာလေ့လာ သင့်ပါကြောင်း၊ နောက်တစ်ခုက လုပ်ငန်းဆောင်ရွက်သည့် အချိန်တွင် သက်ဆိုင်ရာဌာနနှင့်လည်း သေသေချာချာ ကြပ်မတ်ရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ ပျက်စီးခဲ့ရခြင်းဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာအုပ်စု၊ လန်ဆယ်ကျေးရွာ၌ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့သော ရေတားတမံမှာ တည်ဆောက်ပြီးစီးပြီး လုပ်ငန်းအပ်နှံသည့် အချိန်မှရှစ်လကျော်ခန့်အကြာ၌ ပျက်စီးနေပါသဖြင့် တည်ဆောက်ခဲ့သည့် ကုမ္ပဏီနှင့်ရေတားတမံ ပြီးစီးကြောင်း အရည်အသွေးစစ်ဆေးခဲ့သည့် ကုမ္ပဏီအဖွဲ့ဝင်များအား နိုင်ငံတော်အစိုးရအနေဖြင့် ပြင်းထန်စွာအရေးယူ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စီမံကိန်း လုပ်ငန်းအား တင်ဒါစည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အဆိုပါ မေးခွန်းလိုမျိုးပုံစံများကိုလည်း ပုံစံတူမေးခွန်း တစ်ခုကိုလည်း မိမိမှ ၃၁--၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင်လည်း ရှင်းလင်းဖြေကြားခဲ့ပြီး သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သော ထန်ဒန်တံတားပျက်စီးမှု ဖြစ်စဉ်နှင့် ယခုပျက်စီးသည့် ရေတားတမံတို့မှာ နေရာကွာခြားမှု ရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေကြီးမှုကြောင့် တစ်ချိန်တည်းအတူတူ ပျက်စီးခဲ့သည့် လုပ်ငန်းများဖြစ်ပါကြောင်း ယခုမေးမြန်းချက်ပါ လန်ဆယ်ကျေးရွာရေတားတမံ ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်းပြီး လန်ဆယ်ကျေးရွာဥက္ကဋ္ဌ ဦးကချုံးဖုန်နှင့် ကျေးရွာလူကြီးများ၊ ဒေသခံပြည်သူများက ခရီးစဉ်တစ်ခုတွင် ၂၀၁၆ ခုနှစ် လန်ဆယ်ချောင်းရေကြီးမှု ဖြစ်စဉ်မှာ ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်ထားသည့် ရေထိန်းနံရံများသည် ပြိုကျခဲ့ရပါကြောင်း၊ ပြိုကျခဲ့ပြီး လန်ဆယ်ကျေးရွာမှာ ရေမြုပ်ခဲ့ရပါကြောင်း၊  ထို့ကြောင့် ၂၀၁၈ ခုနှစ် မိုးရာသီတွင် ထပ်မံမဖြစ်ပွား စေရေးအတွက် ကာကွယ်နိုင်ရန် ရေထိန်းနံရံတစ်ခု ဆောက်လုပ်ပေးရန် တင်ပြတောင်းဆို ခဲ့ပါကြောင်း၊ အဆိုပါ တောင်းဆိုချက်နှင့်ပတ်သက်ပြီး နောက်တစ်ခါ လန်ဆယ်ကျေးရွာ၏ အနေအထားကလည်း ချောင်းဘေးမြေပြန့်တွင် တည်ရှိသည့်ကျေးရွာ ဖြစ်သည့်အတွက် လန်ဆယ်ချောင်းရေကြီးလျှင် အဆိုပါ ရေတားမြေထိန်းနံရံ မရှိပါက ရေလွှမ်းမိုးနိုင်မည့် အနေအထား ရှိသဖြင့် ဒေသခံလူထုအတွက် အမှန်တကယ်လိုအပ်သည့် အချက်တစ်ချက်ကြောင့် သော်လည်းကောင်း မိုးရာသီမတိုင်မီ အလျား ၂၇၅ ပေ၊ အမြင့် ၁၀ ပေ ရေတားတမံ ဆောင်ရွက်နိုင်ရန် ငွေကျပ် ၃၉.၅၅၀ သန်းဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေက မိမိတို့ကို ခွင့်ပြုပေးခဲ့ပါကြောင်း၊

၎င်းလန်ဆယ်ကျေးရွာ လုပ်ငန်းများအပ်နှံ ဆောင်ရွက်ခြင်းနှင့် စပ်းလျဉ်းပြီး ယခုရေတားတမံသည် လန်ဆယ်တံတားအနီး နီးကပ်စွာတည်ရှိပါကြောင်း၊ ခရီးကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ချောင်းရေလျှံပြီး ကျေးရွာရေကြီးရေနစ်မှုမှ ကာကွယ်နိုင်ရန်အတွက် မိုးမကျမီအချိန်မီ ပြီးစီးရန်လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့နောက် ၎င်းဒေသတွင်ဆောက်လုပ်သည့် ကျပ်ငွေ ၃၀၅.၇၆၅ သန်းတန် တံတားတည်ဆောက်ရေးလုပ်ငန်းမှာ လမ်းပန်းဆက်သွယ်ရေး ဝေးကွာခက်ခဲမှုကြောင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှလည်း လုပ်ငန်းပြန်လည်အပ်နှံခဲ့ရသည့် ဖြစ်စဉ်အရ ယခုတန်ဖိုးနည်းပါးသည့် ရေတားတမံသည် လာရောက်ဆောင်ရွက်လိုသည့် လုပ်ငန်းရှင် မရှိကြောင်း သုံးသပ်ရခြင်းတို့ကြောင့် လန်ဆယ်တံတားတည်ဆောက်နေသော ကုမ္ပဏီသို့ လုပ်ငန်းတစ်ဆက် တစ်စပ်တည်း တည်ဆောက်ပေးရန် ဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ၏ သဘောတူညီချက်ဖြင့် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် မြေထိန်းနံရံအောက်ခြေကို အလျား  ပေခွဲ၊ ထု လက်မ ဖောင်ဒေးရှင်း ၁၀ ပေစီခြားပြီး ဆောက်လုပ်ခဲ့ပါကြောင်း၊ ၎င်း RC ဖိနပ်အပေါ်မှ လက်မပတ်လည် RC တိုင်တို့ကို မိန်းဘား 12 mm အချင်းခြောက်ချောင်းနှင့် စတားကွင်းကို 10 mm မူးချောင်း သံချောင်းဖြင့် မြေထိန်းနံရံအောက်ခြေ တည်ဆောက်ခြင်းကို သံကူကွန်ကရစ်ယက်မဖြင့် တည်ဆောက်ခဲ့ရပါကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လ၌ လန်ဆယ်ဒေသတွင် တည်ဆောက်ခဲ့သော ထန်ဒန်တံတား၊ လန်ဆယ်တံတားနှင့် အဆိုပါမြေထိန်းနံရံတို့တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့သည့်အတွက် ၁၅--၂၀၁၈ ရက်နေ့တွင် လုပ်ငန်းအရည်အသွေး စစ်ဆေးရေးအဖွဲ့ ကွင်းဆင်း စစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ထားရှိကြောင်း တွေ့ရှိရပါသဖြင့် အဆိုပါ လုပ်ငန်းကို ဒေသသို့ စနစ်တကျအပ်နှံခဲ့ပြီး ဖြစ်ပါကြောင်း၊  ၂၀၁၈ ခုနှစ်တွင် နိုင်ငံနှင့်ကမ္ဘာတစ်ဝန်း ရာသီဥတု ဖောက်ပြန်မှုအရ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးခြင်းများ ဖြစ်ပွားခဲ့ရသဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ဘဏ္ဍာရေးနှစ်အသီးသီးတွင် ဆောင်ရွက်ခဲ့ပြီးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ထိခိုက်ပျက်စီး ခဲ့ရပါကြောင်း၊ ပျက်စီးခဲ့သည့် လုပ်ငန်းများကို စာချုပ်စာတမ်းပါ စည်းကမ်းများအရ သက်ဆိုင်ရာ ဆောင်ရွက်ခဲ့သော ကုမ္ပဏီများက ၎င်းတို့အစီအစဉ်ဖြင် ပြန်လည်ပြုပြင် ပေးခဲ့ကြသဖြင့် တချို့လုပ်ငန်းများကိုလည်း စာချုပ်စာတမ်းပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံတော်မှကျခံ ဆောင်ရွက်ခဲ့ရပါကြောင်း၊

ယခုကချင်ပြည်နယ်အတွင်းတွင်လည်း သဘာဝဘေးအန္တရာယ်ကြောင့် တောင်ပြိုလမ်းပိတ်ခြင်း၊ တံတားရေလယ်တိုင် နိမ့်ကျခြင်း၊ ကမ်းကပ်ခုံကျိုးပဲ့ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ရပြီး ယခုတင်ပြခဲ့သည့် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်တံတား ၂၇၅ ပေက ရေတိုက်စားခြင်း၊ ချောင်းရေ ကြမ်းပြင်နိမ့်ဆင်းလာပြီး ရေထိန်းနံရံအောက်ခြေ ရေတိုက်စား၍ ရေငွေ့ရိုက်ခြင်း၊ ရေဝင်ခြင်း တို့ကြောင့် ကွန်ကရစ်တံတား မျက်နှာပြင် ပေ ၂၀ ပတ်လည် သုံးနေရာခန့်ကွဲအက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရ ပါကြောင်း၊ ဆောင်ရွက်ပြီးခဲ့သည့် လုပ်ငန်းများကို ပြန်လည်သုံးသပ်ကြည့်သည့်အခါ ပျက်စီးခဲ့သော လုပ်ငန်းများသည် အရည်အသွေးညံ့ဖျင်းမှု၊ စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်ထားရှိမှု မရှိခြင်းတို့ကြောင့် လုပ်ငန်းပျက်စီးခဲ့ရခြင်း မဟုတ်ဘဲ  မလွန်ဆန်နိုင်သည့် ဖြစ်ရပ်ဖြစ်သည့် သဘာဝဘေးဒဏ်ကြောင့် ချောင်းရေကြီးပြီး ရေတိုက်စားသဖြင့် ရုန်းရင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသော်လည်း လုပ်ငန်းများသည် ရေကြီးမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

လုပ်ငန်းဆောင်ရွက်မှုအပေါ်တွင်လည်း သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့က လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးချိန်တန်မှ ကျေနပ်လက်ခံသည့် လုပ်ငန်းဖြစ်ပါသဖြင့် ဒေသခံပြည်သူလူထုသို့လည်း လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီက ပျက်စီးယိုယွင်းမှု ဖြစ်ပေါ်လာချိန်တွင်လည်း တာဝန်ရှောင်လွှဲမှုမရှိဘဲ စာချုပ်စာတမ်းပါ စည်းကမ်းနှင့်အညီ နိုင်ငံတော်မှ ခွင့်ပြုပေးသည့် ရန်ပုံငွေနှင့်ကုမ္ပဏီမှ ငွေကြေးစိုက်ထုတ် ပူးပေါင်း၍လုပ်ငန်များကို အကောင်းဆုံး အရည်အသွေးရအောင် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ လုပ်ငန်းပျက်စီးမှုအား အရည်အသွေးညံ့ဖျင်းမှုကြောင့် ပျက်စီးခြင်းမဟုတ်ဘဲ မလွန်ဆန်နိုင်သော ဖြစ်ရပ်ဖြစ်သည့် သဘာဝဘေးဒဏ်ကြောင့်သာ ယိုယွင်းပျက်စီးမှု ဖြစ်ပေါ်ခဲ့ရခြင်း၊ အဆိုပါ ယိုယွင်းပျက်စီးမှုကိုလည်း သက်ဆိုင်ရာကုမ္ပဏီနှင့် တာဝန်ရှောင်လွှဲမှုမရှိဘဲ နိုင်ငံတော်နှင့် ပူးပေါင်း၍ ဆောလျင်စွာပြင်ဆင်ရေး ဆောင်ရွက်ပေးခဲ့ခြင်း၊ အရည်အသွေးစစ်ဆေးရေး ကော်မတီ အနေဖြင့်လည်း သက်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ ပစ္စည်းများဆုံးရှုံးမှု၊ လုပ်ငန်း အရည်အသွေးတို့ကို သတ်မှတ်ချက်အတိုင်း စစ်ဆေးနိုင်ခြင်းတို့ကြောင့် အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်သွားရန် အစီအစဉ်မရှိပါကြောင်းနှင့် စာချုပ်ပါစည်းမျဉ်း စည်းကမ်းများနှင့်အညီ ကုမ္ပဏီမှတာဝန်ယူရသည့် တည်ဆောက်ရေးကာလ အာမခံချက်ဖြစ်သည့် သုံးနှစ်တာကာလအတွင်း ထပ်မံပျက်စီးပါက လုပ်ငန်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီမှတာဝန်ယူ ပြင်ဆင်၍ ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးလာမာလေး (ဆော့လော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးက သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည်ဟု ဖြေကြားသွားပါကြောင်း၊ မိမိထင်မြင်မိသည်မှာ သဘာဝဘေးဒဏ်ကြောင့် မဟုတ်ဘဲ လုပ်ငန်းအတိုင်းအတာ မပြည့်မီသောကြောင့် ပျက်စီးခဲ့သည်ဟု ဆိုချင်ပါကြောင်း၊ ပြီးခဲ့သည့် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်လည်း ထန်ဒန်တံတားကိစ္စနှင့် မေးခွန်းတင်ခဲ့ပါကြောင်း၊ ၎င်းနေရာတွင် ဝန်ကြီးဖြေသည်က ထန်ဒန်တံတား ပျက်စီးခဲ့ရသည့် အကြောင်းအရင်းက ဝန်ကြီးယခုဖြေကြား သွားသည့်အတိုင်း ဖြစ်ပါကြောင်း၊ ရှင်းရှင်းပြောမည်ဆိုလျှင် ၎င်းတံတားပေါ်မှ တရားမဝင်သတ္တုကား တစ်စီးပြီးတစ်စီး ဖြတ်ရမည့်ကိစ္စကို တစ်ခါတည်းနှစ်စီး၊ သုံးစီးဖြတ်ပြီးမှ တံတားပျက်စီးခဲ့သည်ဟု ဖြေထားခြင်းမျိုးလည်း ရှိပါကြောင်း၊ မိမိဆိုလိုချင်သည်မှာ ယခုအချိန်ထိ ဒေသခံလည်းမေး၍မရ၊ ယခုအချိန်လည်း ဖြစ်နိုင်မည်ဆိုလျှင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်ကို မိမိတို့ဘက်က လမ်းစရိတ်အကုန်ခံပြီးမှ ခေါ်သွားချင်ပါကြောင်း၊ အဆိုပါနေရာက ကားမပြောနှင့် ဆိုင်ကယ်တောင် ဖြတ်၍မရပါကြောင်း၊ လူတောင်မှ ခက်ခက်ခဲခဲသွားရပါကြောင်း၊ ယခုလည်း အဆိုပါ ရေတားတမံပျက်စီးခဲ့ရသည့် အကြောင်းအရင်းက အမှန်တကယ် ပြည်ထောင်စု ဝန်ကြီးအနေဖြင့် သေချာမသိနိုင်ပါကြောင်း၊ ဆက်စပ်မေးခွန်းအနေဖြင့် ယခုအဆိုပါ ရေတားတမံ ပျက်စီးခဲ့ရသည့် အကြောင်းအရင်းကို အောက်ခြေကနေရေးသားပြီးမှ ဖော်ပြသည်ကို လာရောက်ဖြေကြား ပေးခြင်းမျိုး မဟုတ်ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ရေတားတမံအမှန်တကယ် ပျက်စီးခဲ့ရခြင်းအကြောင်းကို သေချာပြန်လည်စိစစ် ပေးနိုင်ခြင်းရှိ/မရှိကို မိမိအနေဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

လွှတ်တော်ကိုယ်စားလှယ် ပြောသွားသည့်အပေါ်နှင့်ပတ်သက်ပြီး International Federation Consulting of Engineers FIDIC ဆိုသည့် အဖွဲ့အစည်းတစ်ခုရှိပါကြောင်း၊ ၎င်းက အပြည်ပြည်ဆိုင်ရာ လမ်းညွှန် (International Guideline) လုပ်ငန်းဆိုပြီး ဘယ်လိုဖော်ပြလဲဆိုလျှင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်းသည် ကန်ထရိုက်တာမှာ တာဝန်ရှိပါသည်ဟု ဖြေထားပါကြောင်း၊ ၎င်းသတ်မှတ်ချက်၊ ပြဋ္ဌာန်းချက်ရှိပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်ပေါ် မူတည်လျှင် ကန်ထရိုက်တာက သတ်မှတ်သည့် သုံးနှစ်အတွင်း ပြန်ပြီးပြုပြင်ပေးလျှင် အကြောင်းမရှိပါကြောင်း၊ နောက်တစ်ချက် ကိုယ်စားလှယ်ကြီး ပြောသွားသည့် ကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနကလည်း အဖွဲ့လေးဖွဲ့ပြီး သေချာစစ်ပေးလိုက်ပါမည်၊ တွေ့ရှိချက်ကိုလည်း လွှတ်တော်ကိုယ်စားလှယ်ကို ပြန်တင်ပေးပါမည်။ အတိအကျ မသိရှိသေးပါကြောင်း မိမိမှရှင်းလင်း ဖြေကြားပါသည်။