သဘာဝဘေးကြောင့် ပျက်စီးခဲ့သော စိုက်ပျိုးရေးလုပ်ငန်းများအပေါ် ပြန်လည် အစားထိုးစိုက်ပျိုးနိုင်ရန် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ အရေးပေါ်ရန်ပုံငွေသုံးစွဲခြင်းအား အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ပျက်စီးဆုံးရှုံးခဲ့သော စရိတ်ကာမိစေရန် ထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၀၄ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်များအထိ ရေကြီးမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဇွန်လတွင် တိုင်းဒေသကြီးသုံးခုနှင့် ပြည်နယ်နှစ်ခုတွင်လည်းကောင်း၊ ဇူလိုင်လနှင့်သြဂုတ်လများမှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုများနှင့် နောက်ဆက်တွဲ ရေဘေးအန္တရာယ်များကြောင့် အိမ်ထောင်စုပေါင်း သုံးသိန်းကျော်၊ လူဦးရေ ၁၄ သိန်းခန့် ဒုက္ခရောက်ခဲ့ကြပြီး သဘာဝဘေးဒဏ်ကြောင့် သီးနှံများ ရေကြီးနစ်မြုပ်မှု၊ ထိခိုက်ပျက်စီးမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးနှံစုစုပေါင်းဧက ၁၃၀၀၀၀၀ ခန့်ထိ ခိုက်ပျက်စီးခဲ့ရပါကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလတွင် မိုးသီးကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသခံတောင်သူများ၏ စုစုပေါင်း သီးနှံပျက်စီးဧကသည် ၂၄၂၉၃ ဧက ဖြစ်ပြီး ၁၀.၄.၂၀၁၆ ရက်နေ့မှစ၍ ဧရာဝတီမြစ် ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့တွင် စုစုပေါင်းသီးနှံ ၁၁၉၆၅ ဧက ပျက်စီးခဲ့ပါကြောင်း၊ အဆိုပါ ပျက်စီးဧကများကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ သီးသန့်ရန်ပုံငွေသုံးစွဲ၍ ပြည်ထောင်စုအစိုးရမှ ကျပ်သန်းပေါင်း ၁၃၈၃.၀၀၆ သန်းကို ထောက်ပံ့ ကူညီနိုင်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မြစ်ရေကြီးမှုကြောင့် လယ်ယာမြေ မြောက်မြားစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး အိုးအိမ်များ၊ လမ်းများ၊ တံတားများလည်း ပျက်စီးခဲ့ရပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေအဖြစ် ကျပ်သန်းပေါင်း ၁၁.၃၃ ဘီလီယံ ကျော်ကိုလည်း သုံးစွဲရန်နှင့် ဒုတိယသီးနှံအစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ထောက်ပံ့မှုနှင့်သီးနှံ အလိုက် ထောက်ပံ့ကြေးကျပ်သန်းပေါင်း ၄၇၄၉.၃၈ သန်းကို တောင်သူများ ပျက်စီးတစ်ဧက ကျပ် ၁၀၀၀၀ နှုန်း ထောက်ပံ့ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းပမာဏသည် နိုင်ငံတော်မှဘဏ္ဍာငွေ မြောက်မြားစွာ ထောက်ပံ့ခဲ့သဖြင့် တောင်သူများအနေဖြင့်လည်း ထောက်ပံ့ငွေမက ၁၀ ဆခန့် ဆုံးရှုံးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၇ ခုနှစ် မိုးရာသီကာလအတွင်း နေပြည်တော် ကောင်စီနယ်မြေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခြင်း၊ ပိုးမွှားကျခြင်း၊ ကြွက်ဖျက်ဆီးခြင်း၊ တောင်ပြိုခြင်း၊ ရေစားကမ်းပြိုခြင်းနှင့် ရွှေခရုကျခြင်းတို့ကြောင့် ၃၁-၁၂-၂၀၁၇ ရက်နေ့အထိ သီးနှံများ ၃၂၁၇၈၃ ဧက ပျက်စီးခြင်းအတွက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ သီးနှံပြန်လည်အစားထိုး စိုက်ပျိုးခြင်းအပေါ်ကို ကျပ်သန်းပေါင်း ၄၃၄၉.၁၃၅ ကို ၈-၈-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၈)ဖြင့် ခွင့်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး (၂၂) ရက် မြောက်နေ့ (၁၄-၉-၂၀၁၈) ရက်နေ့ လွှတ်တော်တွင် မှတ်တမ်းတင် ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မိုးသည်းထန်စွာရွာသွန်းပြီး စိုက်ပျိုးသီးနှံများ ပျက်စီးသွားခဲ့ပါကြောင်း၊ ဆွာဆည်၏ ရေပိုလွှဲတာကျိုးမှုကြောင့်လည်း စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့ပါကြောင်း၊ သဘာဝဘေးကြောင့် သီးနှံများပျက်စီးထိခိုက်မှုသည် နှစ်စဉ်လိုလိုဖြစ်လာသည့်အတွက် တောင်သူ လယ်သမားများအနေဖြင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်ရပြီး နိုင်ငံတော်မှာလည်း နှစ်စဉ်လိုလို နိုင်ငံတော်သီးသန့် ရန်ပုံငွေထဲမှ ထောက်ပံ့ပေးခဲ့သော်လည်း ချက်ချင်းလက်ငင်း မပေးနိုင်သဖြင့် ပျက်စီးဆုံးရှုံးမှု ကာမိအောင်လည်း ထောက်ပံ့ပေးနိုင်ခြင်း မရှိပါကြောင်း၊ တောင်သူလယ်သမားများ အနေဖြင့်လည်း ငွေကြေးအခက်အခဲကြောင့် ပြန်လည်မစိုက်ပျိုးနိုင်သကဲ့သို့ ပျက်စီးဆုံးရှုံးမှု ကာမိအောင် ထောက်ပံ့မှုမရသည့် အတွက်ကြောင့် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရ ပါကြောင်း၊ သီးသန့်ရန်ပုံငွေမှ ထောက်ပံ့ကြေးပေးမှုကို ကြည့်မည်ဆိုပါက ၂၀၁၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလခန့်က သီးနှံပျက်စီးမှုကို ၈.၈.၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးက ထောက်ပံ့ခွင့်ပြုခဲ့ပါကြောင်း၊ တစ်နှစ်ကျော် ကြာခဲ့ပါကြောင်း၊ တောင်သူလယ်သမား လက်ဝယ်ရောက်ရန် အချိန်ယူရပါကြောင်း၊ ဧက ၃၂၁၇၈၃ ပျက်စီးပြီး ကျပ်သန်းပေါင်း ၄၃၄၉.၁၃၅ထောက်ပံ့ခဲ့သည့်အတွက် တစ်ဧကကို ၁၀၀၀၀ ကျပ် ခန့်သာ ရရှိမည့်အနေအထားကို တွေ့ရှိရပါကြောင်း၊ သဘာဝဘေးကြောင့် ပျက်စီးခဲ့သော စိုက်ပျိုးရေးလုပ်ငန်းများအပေါ် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ အရေးပေါ်ရန်ပုံငွေ သုံးစွဲခြင်းအား အမြန်ဆုံးဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိနှင့် ပျက်စီးဆုံးရှုံးခဲ့သော စရိတ်ကာမိစေရန် ထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်နီးပါးကြုံတွေ့ရသည့် သဘာဝဘေးကြောင့် ပြည်သများ၏ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ခံစားရသဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးထားသည့် သီးနှံများလည်း ထိခိုက်ပျက်စီးမှုများ ကြုံတွေ့လာရမှုများ ရှိနေပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ပြီးသည့်နောက် သီးနှံများပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် မျိုးသွင်းအားစုများ ထောက်ပံ့ငွေများကို ထိခိုက်နစ်နာသည့် တောင်သူများထံ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးရမှု ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် သီးနှံများပြန်လည် အစားထိုးစိုက်ပျိုး နိုင်ရန်အတွက် လက်ငင်းပံ့ပိုးမှုအားဖြင့် မျိုးစေ့နှင့်အခြားသွင်းအားစု၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို ချက်ချင်းရာသီ အချိန်မီပံ့ပိုးပေးခြင်းနှင့် ထိခိုက်ပျက်စီးမှုများအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းဆိုပြီး ပံ့ပိုးမှုအပိုင်းနှစ်ပိုင်း ပါရှိပါကြောင်း၊ လက်ငင်းပံ့ပိုးမှုကို အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်း/ပအဖွဲ့အစည်းများ၊ အလှူရှင်များ၏ ထောက်ပံ့မှုများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ပျက်စီးမှုများအတွက် ထောက်ပံ့ကြေးငွေ ပေးရာတွင် အမှန်တကယ်ထိခိုက် ပျက်စီးမှုစာရင်း မှန်ကန်ရေးသည် အရေးကြီးသည့်အလျောက် လုံလောက်သည့် အချိန်ကိုရယူစစ်ဆေးပြီး နိုင်ငံတော်အရေးပေါ်ရန်ပုံငွေမှ ထောက်ပံံပေးလျက် ရှိပါကြောင်း၊ အောက်ခြေအခြေခံ ဒေသများအလိုက် ကွင်းဆင်းအဖွဲ့များ ဖွဲ့စည်းပြီး ထိခိုက်နစ်နာသူ တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့များက တောင်သူတစ်ဦးချင်း ထိခိုက်ပျက်စီးမှုများကို ကျေးရွာအုပ်စုအလိုက်၊ ကွင်းအလိုက်၊ သီးနှံအမျိုးအစားအလိုက် ပျက်စီးစာရင်းများ ရှေးဦးပြုစုဆောင်ရွက် ရပါကြောင်း၊ ထိခိုက်နစ်နာသည့် တောင်သူများကိုယ်တိုင် အဆိုပါပျက်စီးစာရင်း ကောက်ယူရေးအဖွဲ့များကို သတင်းပေးပို့နိုင်ရန်အတွက် သဘာဝဘေးကြုံတွေ့ရသည့် ဒေသမှတောင်သူများကို အသိပေး ကြေညာပြီး ပူးပေါင်းဆောင်ရွက်စေလျက် ရှိပါကြောင်း၊ ကောက်ယူရသည့် စာရင်းများကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်စိစစ်ရေးအဖွဲ့များက အဆင့်ဆင့်စိစစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနသို့ပေးပို့ရပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် သီးနှံပျက်စီး ဧရိယာများအတွက် သတ်မှတ်ထောက်ပံ့ငွေ နှုန်းထားများ အဆိုပြု ပေးပို့နိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များကိုလည်း အကြောင်းကြား ဆောင်ရွက်ရပြီး ၎င်းတို့၏သဘောထား မှတ်ချက်များရယူပြီး တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့်အညီ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဧကများ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့နိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးကို တင်ပြခွင့်ပြုချက် ရယူဆောင်ရွက် ရပါကြောင်း၊ မြို့နယ်အလိုက် ထောက်ပံ့ပေးရမည့် ငွေများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ စီမံခန့်ခွဲမှုနှင့် တောင်သူတစ်ဦးချင်း ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်တွေအလိုက် ပျက်စီးဧရိယာများအတွက် ၂၀၁၃-၁၄ ခုနှစ်မှ စတင်ပြီး ထောက်ပံ့ပေးခဲ့ရာတွင် ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် အရေးပေါ် ရန်ပုံငွေမှ၂၀၁၆-၁၇ ခုနှစ်သီးနှံပျက်စီးဧက ၄၃၈၀၀၀ ကျော်အတွက် ကျပ် ၄.၆၆၄ ဘီလီယံ၊ ၂၀၁၇-၁၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် သီးနှံပျက်စီးဧက ၃၃၂၀၀၀ အတွက် ကျပ် ၄.၃၄၈ ဘီလီယံကို တောင်သူများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အခု ၂၀၁၈-၁၉ ခုနှစ် အတွင်း သဘာဝဘေးကြောင့် ပျက်စီးဧက ၆၈၂၀၀၀ ကျော်အတွက် အရေးပေါ်ရန်ပုံငွေမှ သီးနှံပျက်စီးဧက ၃၈၀၀၀၀ အတွက် ကျပ် ၇.၃၃ ဘီလီယံ ထောက်ပံ့ပေးပြီး ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် သြဂုတ်လမှ နိုဝင်ဘာလဆန်းပိုင်းအထိ သီးနှံပျက်စီး ဧက ၃ သိန်းကျော်အတွက် ကျပ် သုံး ဘီလီယံကျော် ထောက်ပံ့ပေးအပ်နိုင်ရန် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ သီးနှံပျက်စီးဧက များအတွက် ထောက်ပံ့ပေးရာတွင် နွေစပါးသီးနှံအတွက် တစ်ဧကကို ကျပ် ၂၅၀၀၀၀ နှုန်း၊ မိုးစပါး ပျိုးခင်းအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း၊ နွေနှမ်းနှင့်ချက်ကြံအတွက် တစ်ဧကလျှင် ကျပ် ၅၀၀၀၀ နှုန်းနှင့် မိုးမြေပဲသီးနှံအတွက် တစ်ဧက ကျပ် ၃၀၀၀၀ နှုန်း၊ အခြားနှစ်ရှည် သီးနှံများအတွက် တစ်ဧက ကျပ် ၂၀၀၀၀ နှုန်း၊ ထို့အတူ မိုးစပါးစိုက်ခင်း၊ တောင်ယာစပါး၊ အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်း၊ ချည်မျှင်ရှည်ဝါ၊ ချဉ်ပေါင်လျှော်နှင့် အခြားရာသီ သီးနှံများအတွက် တစ်ဧကကို ကျပ်တစ်သောင်းနှုန်း၊ ဆောင်းမြေပဲသီးနှံ၊ မိုးနှမ်း၊ မိုးနေကြာ၊ နှံစားပြောင်းနှင့်ပဲမျိုးစုံ သီးနှံတို့အတွက် တစ်ဧကကို ကျပ် ၅၀၀၀ နှုန်းတို့ဖြင့် ပျက်စီးထိခိုက်မှု အခြေအနေအပေါ် ဆန်းစစ်ပြီး ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ သဘာဝဘေးကြုံတွေ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် သီးနှံထိခိုက်ပျက်စီးမှုရှိသည့် ဧရိယာများ၊ မျိုးနှင့်သွင်းအားစုများကို လက်ငင်းထောက်ပံ့ပေးပြီး သီးနှံရာသီအတွင်း ပြန်လည်စိုက်ပျိုး ဆောင်ရွက်နိုင်ရေး၊ သီးနှံထုတ်လုပ်မှု မလျော့ပါးစေရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိခြင်းတို့ ဖြစ်ပါကြောင်း၊ နှစ်စဉ်ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေ ပြဋ္ဌာန်းချက်များနှင့်အညီ ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်ပြီး တောင်သူလယ်သမားများအတွက် ထိုက်သင့်သည့် နှုန်းထားများ ရရှိနိုင်စေရေးစိစစ်မှုနှင့်အတူ သင့်လျော်သည့် ထောက်ပံ့ငွေများကို စီမံပံ့ပိုးပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးသိန်းထွန်း(ကျောင်းကုန်းမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ၊ စက်တင်ဘာလတွင် မြစ်ရေကြီးမှုများဖြစ်ပြီး ပျက်စီးသွားပါကြောင်း၊ သို့သော်လည်း ပြည်ထောင်စုအစိုးရ၏ အစည်းအဝေးသည် နောက်ထပ် ၈ လပိုင်းကျမှ ၎င်းကို အတည်ပြုသည့်အခါ ပျက်စီးသွားသည်မှာ တစ်နှစ်ကျော်သွားပြီ ဖြစ်ပါကြောင်း၊ တစ်နှစ်ကျော် ပြီးမှရသည့်အတွက် လယ်သမားများက ချက်ချင်းပြန်စိုက်နိုင်ရန်အတွက် ဓာတ်ဆား၊ ထွန်ယက်စရိတ်၊ စိုက်ပျိုးစရိတ်၊ မျိုးစပါးတို့သည် ချက်ချင်းမရရှိသဖြင့် အလုပ်လုပ်၍ မရရှိပါကြောင်း၊ ယခုဖြစ်ပျက်ပြီးသည်က သြဂုတ်လနှင့် စက်တင်ဘာလတွင် ရေနစ်မြုပ်သွားပြီး စာရင်းဇယားများ အားလုံးကလည်း ပြည်နယ်နှင့်တိုင်းဒေသကြီးက မတက်သော်လည်း ဒီဘက်တွင် ဖော်ပြထားတာက ၃၁-၁၂-၂၀၁၇ ရက်နေ့က စာရင်းဇယားများ အတိအကျ ရရှိသော်လည်း အစိုးရအဖွဲ့အစည်းအဝေးထိုင်သည့်အခါ ၈-၈၂၀၁၈ ရက်နေ့တွင် ထိုင်သည် လွှတ်တော်သို့ရောက်လာသည့်အခါကျ ၉ လပိုင်း ၂၄ ရက်နေ့ကျမှ လွှတ်တော်ရောက်ရှိလာခြင်း ဖြစ်ပါကြောင်း၊ ဒုတိယတစ်ချက်အနေဖြင့် မိမိတို့ စိုက်ပျိုးစရိတ်က အနည်းဆုံး တစ်တင်းခွဲခန့်ကုန်ခြင်း၊ တစ်သောင်းရှစ်ထောင်ခန့်ကုန်ခြင်း ထို့ကြေင့် မိမိတို့မြို့နယ်များတွင် အားလုံးပြောင်း သလင်းမြှုပ်သွားပြီးဖြစ်သည့်အတွက် တစ်ဧကကိုတစ်သောင်း ပေးလိုက်သည့် ပိုက်ဆံက နည်းပါးနေခြင်း၊ တောင်သူလယ်သမား၊ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရပေးသော်လည်း တစ်ဧကတစ်သောင်းက ဘာမှလုပ်၍ မရပါကြောင်း၊ မျိုးစပါးလည်း ဝယ်၍ထွန်ဖို့ယက်စိုက်ပျိုးရန်လည်း လုပ်၍မရပါကြောင်း၊ ထွန်ဖို့ယက်ရန်လည်း အနည်းဆုံးတစ်ဧကကို သုံးသောင်းခန့်ကုန်ခြင်း၊ မျိုးစပါးကလည်း နှစ်သောင်းခန့် ကုန်သည့်အတွက် ဒီတစ်သောင်းဟာ ဘာမှမလုပ်နိုင်သည့်အတွက်ကြောင့် မိမိတို့ မည်မျှခန့်အထိ အမြန်ဆုံး၊ အနီးဆုံး ဆောင်ရွက်ပေးနိုင်မည်နည်းနှင့် လယ်သမားများပြန်လည် စိုက်ပျိုးနိုင်ရန်အတွက် သတ်မှတ်ထားသည့် ပမာဏကို မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းကို မေးမြန်ပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
ထိခိုက်ပျက်စီးသည့်အပေါ် ပြန်လည်ထူထောင်နိုင်ရေးအတွက် လက်ငင်းအစီအမံနှင့် ပံ့ပိုးဆောင်ရွက်ရသည့် ကိစ္စဖြစ်ပါကြောင်း၊ အချိန်အခါမီ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ၎င်းတို့လိုအပ်သည့် မျိုးစပါးနှင့် လိုအပ်သည့်သွင်းအားစု၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို ပံ့ပိုးပေးခြင်းဖြစ်ပါကြောင်း၊ ငွေကြေးစီမံထောက်ပံ့မှု အပိုင်းတွင် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဖြစ်စေရန် ထိခိုက်ပျက်စီးသွားသည့် ဧရိယာကို အောက်ခြေတွင် ကွင်းဆင်းစိစစ်ရမှုကို အချိန်ယူဆောင်ရွက်ရပါကြောင်း၊ သီးနှံများ ရေကြီးနစ်မြုပ်သည့်အခါ ရေပြန်ပေါ်ပြီးသည့် နောက်တွင် ထိခိုက်သည့် ဧရိယာထက် ပျက်စီးသည့် ဧရိယာများကို အောက်ခြေကွင်းဆင်းသည့် အဖွဲ့များက စိစစ်ရပါကြောင်း၊ ရေကြီးနစ်မြုပ်သော်လည်း နှစ်စဉ်ပုံမှန်တစ်ဧက အထွက်နှုန်းမမီဘဲ လေးပုံတစ်ပုံအထိ အထွက်ရနိုင်ခြေရှိပါက ထိခိုက်စာရင်းတွင် မှတ်သားပြီး သတ်မှတ်ထားသည့် နှုန်းထားနှင့်အညီ ပေးလျော်ရပါကြောင်း၊ သီးနှံအားလုံးပျက်စီးပြီး မရိတ်သိမ်းနိုင်သည့် တစ်ခုလုံးပျက်စီးမှသာ ပျက်စီးဧရိယာသတ်မှတ်ပြီး ပေးခြင်းဖြစ်ပါကြောင်း၊ ရာသီအတွင်း ပျက်စီးသွားသည့် သီးနှံများ ပြန်စိုက်ပျိုးနိုင်ပါက ပြန်လည်စိုက်ပျိုးဧရိယာကို ကွင်းဆင်းပြီး စာရင်းမှတ်သားထားပါကြောင်း၊ အောက်ခြေတွင် ထိခိုက်ပျက်စီးမှု၊ ရေလွှမ်းမိုးမှုကြောင့်ဖြစ်စေ ထိခိုက်ပျက်စီးသွားသည့်ဧရိယာကို ကွင်းဆင်းဆောင်ရွက်နိုင်သည့် အချိန်ကာလတိုတောင်းလျှင် စိစစ်မှုက မြန်ဆန်မည်ဖြစ်ပြီး အချိန်မီ၊ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းဖြေကြားပါသည်။
