ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် (၃၇၉)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
(က) အစားထိုးပြောင်းလဲထားသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂)ဦး ကတိသစ္စာပြုပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား ပါသည်။
(ခ) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးနှင့် (၁၂) ကြိမ် မြောက်ပုံမှန်အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အောက်ဖော်ပြပါ ပြည်ပခရီးစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ချက်များအား ပြည်သူ့လွှတ်တော်သို့ အသိပေး တင်ပြပြီး မှတ်တမ်းတင်ခဲ့ပါသည်-
(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည်မဲဆန္ဒနယ်၏ ၁၇-၃-၂၀၁၉ မှ ၂၀-၃-၂၀၁၉ ရက်နေ့အထိ နီပေါလ်နိုင်ငံ အမျိုးသားကျန်းမာရေး အာမခံစနစ် ကျင့်သုံးနေမှုများအား လေ့လာရေးသွားရောက်ခဲ့သည့်ခရီးစဉ်၊
(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးဝေဖြိုးအောင်၊ သာကေတ မဲဆန္ဒနယ်၏ ၁၈-၃-၂၀၁၉ မှ ၁၉-၃-၂၀၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ Strengthening Legal Frameworks to Protect Children from Sexual Exploitation in Travel and Tourism သို့သွားရောက်ခဲ့သည့် ခရီးစဉ်၊
(၃) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၊ ရန်ကင်းမဲဆန္ဒနယ်၏ ၂၃-၃-၂၀၁၉ မှ၂၄-၃-၂၀၁၉ ရက်နေ့အထိ ဂျပန်နိုင်ငံ (၅)ကြိမ်မြောက် ကမ္ဘာ့ အမျိုးသမီးညီလာခံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊
(၄) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံ၊ ပဲခူးမဲဆန္ဒနယ်နှင့် ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမဲဆန္ဒနယ်တို့၏ ၆-၄-၂၀၁၉ မှ ၁၀-၄-၂၀၁၉ ရက်နေ့ အထိ ကာတာနိုင်ငံ (၁၄၀)ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊
(၅) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်(ခ)ဦးဇေယျာသော်၊ ဇမ္ဗူသီရိ မဲဆန္ဒနယ်၏ ၁၅-၄-၂၀၁၉ မှ ၁၈-၄-၂၀၁၉ ရက်နေ့အထိ ဘယ်လ်ဂျီယံနိုင်ငံ European Union Visitors Programme EUVP 2019 သို့ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊
(၆) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်မြစေး ခေါင်းဆောင်ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦးပါဝင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့၏ ၂၀-၄-၂၀၁၉ မှ ၂၇-၄-၂၀၁၉ ရက်နေ့အထိ တောင်အာဖရိကနိုင်ငံ Western Cape ပြည်နယ် လွှတ်တော်လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊
(၇) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေး၊ ကော့ကရိတ်မဲဆန္ဒနယ်နှင့် ဦးကျော်မင်း၊ ကမာရွတ်မဲဆန္ဒနယ်တို့၏ ၂၃-၄-၂၀၁၉ မှ ၂၇-၄-၂၀၁၉ ရက်နေ့ အထိ နယ်သာလန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသွင်ကူးပြောင်းမှုများ နှင့်ဖက်ဒရယ်နိုင်ငံများရှိ လုံခြုံရေးကဏ္ဍခေါင်းစဉ်ဖြင့် ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊
(၈) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သိန်း၊ ဝါးခယ်မမဲဆန္ဒနယ်၏ ၂၇-၄-၂၀၁၉ မှ၂၈-၄-၂၀၁၉ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ Guidelines of AIPA Engagement with Guest, Observe and Dialogue Partner ဆိုင်ရာ ယာယီလုပ်ငန်း အဖွဲ့အစည်းအဝေးသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊
(၉) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအောင်ခင်၊ ပြင်ဉီးလွင်မဲဆန္ဒနယ် နှင့် ဦးကျော်စိုးလင်း၊ ပြည်ကြီးတံခွန်မဲဆန္ဒနယ်တို့၏ ၂၈-၄-၂၀၁၉ မှ ၃-၅-၂၀၁၉ ရက်နေ့အထိ ပေါ်တူဂီနိုင်ငံ (၂၆)ကြိမ်မြောက် Harm Reduction International Conference (HR 19)သို့ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊
( ဂ ) ကြယ်ပွင့်ပြမေးခွန်း (၇) ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးနေမျိုးထက်၊ ကျောက်တံတားမဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၉ခုနှစ် နွေရာသီ ကာလဖြစ်သော၊ မတ်လ၊ ဧပြီလနှင့် မေလတို့တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်သုံးစွဲမှု မဂ္ဂါဝပ်(MW)မည်မျှရှိမည်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ခန့်မှန်း တွက်ချက်ထားမှု အခြေအနေနှင့် လျှပ်စစ်ပြတ်တောက်မှု မရှိစေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်တို့ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်စစ်ဓာတ်အား သုံးစွဲမှု အမြင့်ဆုံးပမာဏမှာ မဂ္ဂါဝပ် ၃၇၀၀ ခန့်ဖြစ်ပြီး နွေရာသီကာလများ အတွင်း နှစ်အလိုက်လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ပေးနိုင်ရန်နှင့် စဉ်ဆက်မပြတ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း များအနေဖြင့် နေ့ညအချိန်မရွေး ပူပြင်းလှသည့်ရာသီဉတုကိုအံတုကာ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးသောင်းအေး၊ ပျော်ဘွယ်မဲဆန္ဒနယ်က မေးမြန်းသော ပျော်ဘွယ်မြို့နယ်တွင် သူဌေးကုန်းမှ ရွှေညောင်ဖူး/ကျောက်ချပ် 33KV လျှပ်စစ်ဓာတ်အား လိုင်းကို ကိုယ့်အားကိုယ်ကိုး ကျေးလက်မီးလင်းရေးကော်မတီဖွဲ့စည်း၍ တည်ဆောက်လျက်ရှိရာ ကော်မတီတွင် ပါဝင်ခဲ့သည့် ကျေးရွာအချို့အား NEP စီမံချက်အရ နိုင်ငံတော်အစိုးရ ရန်ပုံငွေဖြင့် တည်ဆောက်ခွင့်ရရှိခြင်းကြောင့် အဆိုပါဓာတ်အားလိုင်းအား နိုင်ငံတော် အစိုးရ၏ ဓာတ်အားလိုင်းအဖြစ် လွှဲပြောင်းတည်ဆောက်ပေးနိုင်ခြင်း ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင် က မီးလင်းရေးလုပ်ငန်းဆောင်ရွက်ရန် သမဝါယမငွေစုငွေချေးလုပ်ငန်းမှ ကြိုတင်ငွေအား ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့မှ ချေးယူဆောင်ရွက်ထားခြင်းသာ ဖြစ်ပြီး ကော်မတီက ပေးဆပ်ရန်ရှိသည့်တာဝန်ကို အဆိုပါဓာတ်အားလိုင်းအား အစိုးရ၏ ဓာတ်အားလိုင်းအဖြစ် လွှဲယူခြင်းဖြင့် ကော်မတီက ပေးရန်ရှိတာဝန်ကိုပါ လွှဲယူရန်ကိစ္စမှာ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု မရှိပါကြောင်း နှင့် မီးလင်းရေးကော်မတီ၏ လိုက်နာရမည့် ကတိဝန်ခံချက် (၁၂) ချက်အရ အဆိုပါဓာတ်အားလိုင်းကို ဓာတ်အားလွှတ်သည့်အချိန်မှစ၍ ဌာန ဓာတ်အားလိုင်း စစ်ဆေးထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကိုတာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါ်နန်းခမ်းအေး၊ နမ္မတူမဲဆန္ဒနယ်က မေးမြန်းသော လစဉ်သုံးစွဲပြီးသော ယူနစ်များကို Digital စနစ်ဖြင့် မီတာမဖတ်နိုင်သေးမီ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် လျှပ်စစ်ဌာနတိုင်း၏ ဝန်ထမ်းလိုအပ်ချက်များကို ပြန်လည်စိစစ်ပြီး ဝန်ထမ်းများ အမြန်ဆုံးဖြည့်ဆည်းခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နေ့စားများ အား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားနိုင်ရေးနှင့် ပတ်သက်၍ ဌာနအနေဖြင့် ဝန်ထမ်းခန့်ခွင့် ရရှိလာသည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းနည်းဉပဒေပုဒ်မ ၁၇ အရ ပြင်ပမှ လျှောက်ထားသူများအပြင် မိမိဌာနအတွင်းရှိ နေ့စားများကိုလည်း လုပ်ထုံး လုပ်နည်းနှင့်အညီ ယှဉ်ပြိုင်စနစ်ဖြင့် ဝင်ရောက်ဖြေဆိုစေပြီး ခန့်ထားနိုင်ရေးအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်သန္တာ၊ အိမ်မဲမဲဆန္ဒနယ်က မေးမြန်းသော နည်းပညာနှင့် အာမခံချက်ပေးသည့် စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းများ ဖွံ့ဖြိုးမှု နည်းပါးနေသေးသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွင့်လှစ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးလှကျော်က နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများ၏ အထောက်အပံ့များ တိုးတက်ရရှိလာသည်နှင့်အမျှ ဧရာဝတီ တိုင်းဒေသကြီးအပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စိုက်ပျိုးရေး နှင့်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်က မေးမြန်းသော စပါး(၁)တင်းကို အနိမ့်ဆုံးဈေး (၅၀၀၀)ကျပ်နှုန်းအစား စားသုံးသူပြည်သူလူထုတစ်ရပ်လုံးလည်း မနစ်နာစေဘဲ ထုတ်လုပ်သူတောင်သူလယ်သမားများပါ တွက်ခြေကိုက်သော စပါးဈေးနှုန်းတစ်ရပ် ဖြစ်ပေါ်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးလှကျော် က စိုက်ပျိုးထုတ်လုပ်သူများ၏ ထုတ်လုပ်မှုစရိတ်အပေါ် အခြေပြုပြီး ထုတ်လုပ်သူ များလည်း အကျိုးအမြတ်ရှိစေ၊ စားသုံးသူများလည်း ထိုက်သင့်သော ဈေးနှုန်းကို သတ်မှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဦးရန်လင်း၊ ကျိုက်လတ်မဲဆန္ဒနယ်က မေးမြန်းသော ကြို့ကုန်းစိုက်ပျိုးရေး သုတေသန ဗိမာန်တည်ဆောက်ရန် စိုက်ပျိုးရေးဌာနက သိမ်းယူခဲ့သော မြေများအနက် မရမ်းကုန်း မြို့နယ်အတွင်းမှ အသုံးမလိုတော့သဖြင့် ပြန်လည်စွန့်လွှတ်သော မြေပိုင်ရှင် (၉၂)ဦး၏ စာရင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့သော်လည်း ဆက်လက်ဆောင်ရွက်ခြင်း မရှိသဖြင့် ပိုင်ရှင်အများစုမှာ ပြန်လည်မရရှိသေးပါ၍ ပိုင်ရှင်မည်မျှကို ပြန်လည် ပေးအပ်ပြီး ဖြစ်ပါသနည်း၊ ကျန်ရှိသောပိုင်ရှင်များကို ပြန်လည်ပေးအပ်မည့် အစီအစဉ်အား သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးလှကျော်က ကြို့ကုန်းစိုက်ပျိုးရေး သုတေသနဗိမာန် တည်ဆောက်ရန် သိမ်းယူခဲ့သည့် မြေများအနက် ဌာနမှ အသုံးပြု ခဲ့သည့် မြေ(၁.၅၀၆) ဧကအတွက် မြေပိုင်ရှင်(၂) ဉီးကို ဖြေရှင်းဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် ကျန်ရှိသော ဌာနမှအသုံးမပြုသည့် မြေများနှင့်စပ်လျဉ်း၍ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ စာရင်းပြုစုပေးပို့ပြီးဖြစ်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ မူဝါဒနှင့် အညီ လမ်းညွှန်မှုခံယူပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးသိန်းထွန်း၊ ကျောင်းကုန်းမဲဆန္ဒနယ်က မေးမြန်းသော သဘာဝဘေးများကြောင့် ပျက်စီးခဲ့သော စိုက်ပျိုးရေးလုပ်ငန်းများအပေါ် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ အရေးပေါ်ရန်ပုံငွေသုံးစွဲခြင်းအား အမြန်ဆုံး ဆောင် ရွက်ပေးနိုင်ခြင်း ရှိ၊မရှိနှင့် ပျက်စီးဆုံးရှုံးခဲ့သော စရိတ်ကာမိစေရန် ထောက်ပံ့ပေးနိုင် ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးလှကျော် က ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးကြောင့် သီးနှံပျက်စီးဧက ၆၈၂၀၀၀ ကျော်အတွက် အရေးပေါ်ရန်ပုံငွေမှ ဉီးစွာ ကျပ်(၇.၃၃)ဘီလီယံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဉပဒေပါ အရေးပေါ်ရန်ပုံငွေ ပြဋ္ဌာန်းချက်များနှင့်အညီ ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်ပြီး လယ်သမားများအတွက် ထိုက်သင့်သော နှုန်းထားများဖြင့် ရရှိနိုင်စေရေး စိစစ်မှုနှင့်အတူ သင့်လျော်သည့်ထောက်ပံ့နှုန်းများကို စီမံပံ့ပိုး ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ဃ) အဆို (၁) ခု တင်သွင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်က တင်သွင်းသော စိုက်ပျိုးရေးထွက်ကုန်သီးနှံများ သင့်တင့်မျှတသော ဈေးနှုန်းရရှိရေး ပြည်တွင်းပြည်ပဈေးကွက်များ ရှာဖွေပေးပြီး ဈေးကွက်ခိုင်မာမှုရှိသော သီးနှံများစာရင်းကို ပြည်သူများသိရှိနိုင်ရန် ရာသီအလိုက် ဖြစ်စေ၊ နှစ်အလိုက်ဖြစ်စေ ပွင့်လင်းစွာချပြ အသိပေးပါရန်နှင့် အရည်အသွေး ပြည့်ဝသော ဈေးကွက်ဝင်စိုက်ပျိုးရေး ထွက်ကုန်သီးနှံများ ထုတ်လုပ်နိုင်ရေး အစိုးရနှင့် ပြည်သူဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ ရေးဆွဲချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဉီးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ် က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၃၀-၄-၂၀၁၉ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(င) ဥပဒေကြမ်း (၂) ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း
(၁) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန်လည်ပေးပို့လာသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကိုလက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၂-၅-၂၀၁၉ ရက်(ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(၂) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း ကို လက်ခံရရှိ ကြောင်း လွှတ်တော်သို့အသိပေးပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုဆွေးနွေးလိုသော လွှတ်တော်ကိုယ်စား လှယ်များက ၂-၅-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့်ရက်ကို ၂-၅-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
