(ဂ)-ငပုတောမြို့နယ်တွင် ခုတင် ၅၀ ပြည်သူ့ဆေးရုံမှ ဆေးရုံကြီးများသို့ ပို့ဆောင်ရန်လိုအပ်သော လူနာများအား အလွယ်တကူကုန်ကျစရိတ် သက်သာစွာ ပို့ဆောင်နိုင်ရန် လူနာတင်ယာဉ် (Ambylance) တစ်စီး ထောက်ပံ့ပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၁၄.၃.၂၀၁၉)

 

ငပုတောမြို့နယ်တွင် လစဉ်ပုံမှန် ဌာနဆိုင်ရာအကြီးအကဲများနှင့်  လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတွင် မြို့နယ်ဆရာဝန်ကြီးက တင်ပြတောင်းခံလာသည့်အတွက် မိမိတို့ ကိုယ်စားလှယ်များ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် အဆိုပါ မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ငပုတောမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၏ အနောက်တောင်ဘက် စွန်းတွင်တည်ရှိပြီး စတုရန်းမိုင် ၁၄၀၄.၁၈ ကျယ်ဝန်းသဖြင့် ဧရာဝတီတိုင်း ဒေသကြီးတွင် ဧရိယာအကျယ်ဆုံးမြို့နယ် တစ်ခုလည်း ဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုပေါင်း ၈၃ စုနှင့် ရပ်ကွက်ကိုးခုရှိပြီး ကျေးရွာစုစုပေါင်း ၄၁၁ ရွာရှိပါကြောင်း၊ ပြည်ထဲရေးမပေါက်သည့် ကျေးရွာ အများအပြားလည်း ကျန်ရှိနေသေးပါကြောင်း၊ မြို့နယ်၏အနောက်ဘက်နှင့် တောင်ဘက်ခြမ်းသည် ဘင်္ဂလားပင်လယ်၊ ကပ္ပလီပင်လယ်ပြင်တို့နှင့် ထိစပ်နေပြီး ရှည်လျားကျဉ်းမြောင်းသည့် ကမ်းရိုးတန်းအဖြစ် တည်ရှိနေပါကြောင်း၊

မြင့်မားမတ်ဆောက်သည့် အနောက်ရိုးမ၏ တောင်ဘက်အစွန်းပိုင်းသည်လည်း မြတ်မော်တင် စေတီတော်အထိရောက်ရှိ အဆုံးသတ်ထားပါကြောင်း၊ ငပုတောမြို့နယ်သည် ကျယ်ဝန်းနက်ရှိုင်းပြီး လှိုင်း‌လှေပြင်းထန်သော မြစ်/ချောင်းများ၊ ပင်လယ်များ၊ တောင်တန်းများ၊ လွင်ပြင်များဖြင့် တည်ဆောက်ထားသည့်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍများတွင် စိန်ခေါ်မှုနှင့် အမြဲတမ်းရင်ဆိုင် နေရပါကြောင်း၊ ထိုသို့သော အရပ်ရပ်မှပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုဌာနအဖြစ် ခုတင် ၅၀ ဆံ့မြို့နယ်ဆေးရုံသာလျှင် အဓိကအားထားစရာ ဖြစ်ပါကြောင်း၊ မြို့နယ်ဆေးရုံအနေဖြင့် ကုသရေးအတွက် အကန့်အသတ်ရှိပါကြောင်း၊ အရေးပေါ်နှင့် ရောဂါကြီးသူများ၊ ရောဂါသေးသူလူနာများကို အချိန်နှင့်တစ်ပြေးညီ ပုသိမ်-ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးရမည် ဖြစ်ပါကြောင်း၊ ထိုအခါ ပရဟိတလူမှုရေး အသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ နေသည့်အတွက် အဆင်ပြေသင့်သလောက် ပြေနိုင်ပါကြောင်း၊ လူနာအများစုက ကျေးလက် တောင်သူများ ဖြစ်သည့်အတွက် ဆင်းရဲချို့တဲ့ကြပါကြောင်း၊ ထိုသို့ဆင်းရဲ ချို့တဲ့သည့်အတွက် ရောဂါပြင်းထန်သူတို့ကို စရိတ်စကကုန်ကျမှု သက်သာစွာနှင့် ပုသိမ်-ရန်ကုန်စသည့် ဆေးရုံကြီးများကို အချိန်မီပို့ဆောင်လွှဲ‌ွပြောင်း ပေးနိုင်ရန်အတွက် လူနာယာဉ်တစ်စီး အမြန်ဆုံးကူညီပံ့ပိုး ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် လူနာတင်ယာဉ်များကို ဖြန့်ဝေရာတွင် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှု၊ ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်၊ ဒေသအလိုက်လိုအပ်ချက်၊ မြေပြင်အနေအထား၊ တိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးဌာနမှူးများ၏ စိစစ်သုံးသပ် တင်ပြချက်များအပေါ် မူတည်၍ စိစစ်ခွဲဝေချထားပေးပါကြောင်း၊ ၂၀၁၈ ခုနှစ် ငပုတောမြို့နယ်ဆေးရုံမှ အထက်အဆင့်ဆေးရုံများသို့ လူနာ ၁၂၈ ဦးလွှဲ‌ွပြောင်းကုသမှု ခံယူစေခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ လွှဲပြောင်းလူနာများအား အထက်အဆင်‌့ဆေးရုံကြီးများသို့ အချိန်မီပို့ဆောင်နိုင် ရေးအတွက် လူနာတင်ယာဉ် 9P/3898 TOYOTA ဟိုင်းအိတ် တစ်စီးအား ခွဲဝေချထားပေးခဲ့ရာ ၂၁-၂-၂၀၁၉ ရက်နေ့တွင် သက်ဆိုင်ရာဆေးရုံမှ လာရောက်ထုတ်ယူသွားပြီး လက်ရှိအသုံပြုနေပြီ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။