မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံကို ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ရာ လက်ရှိအခြေအနေ၌ အမျိုးသမီးဆောင်တွင် ခုတင်ခြောက်လုံး၊ အမျိုးသားဆောင်တွင် ခုတင် ၁၅ လုံးနှင့် မီးဖွားပြီး နားနေခန်းတွင် ခုတင်လေးလုံးသာထားရှိနိုင်ပြီး အမျိုးသမီးနှင့် ကလေးလူနာများ ပိုမိုတက်ရောက်ချိန် တွင် ခုတင်များမလုံလောက်၍ အမျိုးသားဆောင်တွင် ပေါင်းထားရပါသဖြင့် အမျိုးသားလူနာ၊ အမျိုးသမီးလူနာနှင့် မွေးလူနာများ စနစ်တကျ သီးခြားခွဲထားနိုင်ရန် တိုးချဲ့နှစ်ထပ် လူနာဆောင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံကို မြေ ၅.၃၆၉ ဧကပေါ်တွင် တည်ဆောက်ထားပြီး ၁၆ ခုတင်ဆံ့ဆေးရုံ ဖြစ်ပါကြောင်း၊ အဆိုပါ ၁၆ ခုတင်ဆံ့ဆေးရုံကို ၂၅-၃-၁၉၇၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ အဆိုပါဆေးရုံကို ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် ၂၃-၉-၁၉၉၆ ရက်နေ့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုလက်ရှိဆေးရုံတွင် ၂၅ ခုတင် ဆံ့ စံကိုက်အဆောက်အအုံ မရရှိသေးပါကြောင်း၊ ဆေးရုံအဆောက်အဦတွင် အမျိုးသားလူနာဆောင်နှင့် အမျိုးသမီးလူနာဆောင်၊ သွားပြင်ပလူနာဌာန၊ ရုံးခန်း၊ ဆေးသိုလှောင်ခန်းများ ထားရှိပါကြောင်း၊ အရေးပေါ်လူနာခန်း၊ ပြင်ပလူနာသီးသန့်ခန်း မရှိသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့ရပါကြောင်း၊
အမျိုးသမီးနှင့်ကလေးများ ဆေးရုံတက်လူနာ များပြားလာသည့် အချိန်တွင် နေရာလုံလောက် မှုမရှိသည့်အတွက် အမျိုးသားဆောင်တွင် ရောနှောပြီးမှ ထားရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ဆေးရုံတက်ရောက်သည့် အမျိုးသားလူနာများ၊ အမျိုးသမီးလူနာများနှင့် မွေးလူနာများ စနစ်တကျ ထားရှိနိုင်ရန်အတွက် နှစ်ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်၊ မရှိသေးပါက မည်သည့်ဘဏ္ဍာရေးနှစ် လျာထား ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် လူနာခုတင် မူလ ၂၅ ခုတင်ရှိပြီး ၂၀၁၈ ခုနှစ်တွင် ၁၅ ခုတင် ထပ်မံခွဲဝေချထား ပေးခဲ့သဖြင့် စုစုပေါင်း လူနာခုတင် ၄၀ ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဆေးရုံလူနာစာရင်းအရ တစ်နေ့ပျမ်းမျှ ဆေးရုံအတွင်းလူနာ ၁၆ ဦး၊ တစ်နေ့ပျမ်းမျှပြင်ပလူနာ ၄၁ ဦးတို့အားကုသ ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။
လူနာခုတင်လုံလောက်မှု အခြေအနေအား မြို့နယ်ကုသရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်း ချက်အရ လူနာခုတင်မှာ လုံလောက်မှုရှိပြီး လူနာထားရှိကုသမှု ပိုမိုအဆင်ပြေရေးအတွက် နေရာ လိုအပ်ပါကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ မိုးနဲမြို့နယ် ၂၅ ခုတင်ပြည်သူ့ဆေးရုံတွင် လူနာထားရှိ ကုသမှုပိုမိုအဆင်ပြေ စေရေးအတွက် လိုအပ်လျက်ရှိသော တိုးချဲ့နှစ်ထပ် လူနာဆောင်အား ၂၀၁၉-၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထား တင်ပြထားပေးပြီး ဖြစ်ပါ၍ ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
