မကွေးမြို့နယ် ကန်သာရပ်ကွက်တွင်ရှိသည့် ကန်ကြီးသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီဖြစ်ပြီး မကွေးမြို့ကြီး တည်ဆောက်ခဲ့သည့် မြို့သက်တမ်းနှင့် အတူတူဖြစ်ပါကြောင်း၊ ဧရိယာအားဖြင့်လည်း ဧရိယာဧက ၂၀ နီးပါး ၁၉.၄၆၇ ဧကရှိပါကြောင်း၊ မြောက်ဘက်တွင် အ.ထ.က (၁) လမ်း အေးစေတီဘုရားနှင့် အောင်မြေရတာနာ ကျောင်းတိုက်ရှိပါကြောင်း၊ အရှေ့ဘက်တွင် ရန်မျိုးနိုင် ရပ်ကွက်နှင့် အနောက်ဘက်တွင် ဌာနဆိုင်ရာများနှင့် မကွေးတက္ကသိုလ်လည်း ရှိပါကြောင်း၊ ယခုအခါ ထိန်းသိမ်းမှု မရှိသည့်အတွက် မိုးအခါတွင် ကန်ကြီးအတွင်းရေလျှံပြီး ကန်အောက်တွင်ရှိသည့် ရပ်ကွက်များမှ ရေကြီးသည့် ဒဏ်ကိုခံစားရပါကြောင်း၊ ကန်အတွင်းတွင်လည်း အမှိုက်များ ဗေဒါပင်များ၊ မြက်ပင်များနှင့်အင်မတန်မှ ရုပ်ဆိုးလှပါကြောင်း၊ ၎င်းကန်ကြီးကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ရပ်ကွက်များ၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်နိုင်ခြင်း၊ မီးဘေးကာကွယ်ရေးအတွက်လည်း အထောက်အပံ့ဖြစ်ခြင်း၊ ရပ်ရွာသာယာလှပရေးတို့အတွက် အကျိုးကျေးဇူးလည်း ရရှိနိုင်သည့်အပြင် လူအများလည်း အပန်းဖြေသင့်တော်မည့် နေရာလည်း ဖြစ်ပါ ကြောင်း၊ မလိုလားအပ်သည့် ရာဇဝတ်မှုများလည်း ကင်းရှင်းမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပျက်စီးယိုယွင်းနေသည့် ကန်သာကန်ကြီးကို ပြုပြင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ ဒေသခံ ပြည်သူများ ကိုယ်စားသိရှိ လိုပါကြောင်း မေးမြန်းပါသည်။
မကွေးမြို့သည် မြို့ပေါ် ၁၅ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး ကန်သာကန်သည် ကန်သာရပ်ကွက်အတွင်း တည်ရှိပြီး အရှေ့ဘက်တွင် စွယ်တော်လမ်း၊ မြောက်ဘက်တွင် အ.ထ.က (၁) လမ်း၊ အနောက်ဘက်တွင် မကျီးပင်လမ်း၊ တောင်ဘက်တွင် ကန်သာ (ဘီ) (၂) လမ်းတို့ရှိပြီး ပျမ်းမျှအလျား ပေ ၁၂၀၀ ပေ၊ အနံ ၇၀၆ ပေနှင့် အကျယ်အဝန်းမှာ ၁၉.၄၆၇ ဧကရှိပါကြောင်း၊
ကန်သာကန်သည် မြေသားတမံအမျိုးအစားဖြစ်ပြီး ရေဝင်ပေါက်လေးပေါက်၊ ရေထွက်ပေါက် တစ်ပေါက်ဖြင့် တည်ဆောက်ထားပါကြောင်း၊ မိုးရာသီတွင် မကွေးမြို့အရှေ့ဘက်ခြမ်းရှိ အောင်ဇေယျ ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ရတနာရပ်ကွက်များမှ စီးဆင်း လာသော မိုးရေများစီးဆင်း၍ ရေစုကန်အဖြစ် အသုံးပြုလျက်ရှိပြီး ၎င်းမှတစ်ဆင့် ရေမြောင်းများမှ ဆက်လက် စီးဆင်းပါသည်။ စည်ပင်သာယာရေးကော်မတီမှ နွေရာသီတွင် ကန်သာကန်အတွင်းရှိ အမှိုက်သရိုက်နှင့် ခြုံနွယ်များအလေ့ကျ ပေါက်ရောက်သည့် သစ်ပင်များအား ရှင်းလင်း ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် စည်ပင်သာယာရေးကော်မတီ ပြုပြင်ထိန်းသိမ်းရန်အတွက် ရန်ပုံငွေ အားနည်းသည့်အတွက် ကန်သာရေကန် သာယာလှပစေရေး ဆောင်ရွက်ရန် အကျိုးတူ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ ဖိတ်ခေါ်လျက်ရှိပြီး ပြည်ထောင်စုထောက်ပံ့ရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ရန်ပုံငွေများ ရရှိရန်တောင်းခံ၍ ရရှိမည်ဆိုပါက ပြုပြင်ထိန်းသိမ်းမှုများ ပိုမိုဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကိုယ်စားရှင်းလင်း ဖြေကြားပါသည်။
ဦးမြင့်ဦး (မကွေးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကန်သာကန်ကြီးသည် ယခုထက်တိုင် ညစ်ပတ်မြဲညစ်ပတ်နေသည်ကို တွေ့မြင်ရပါကြောင်း၊ ထို့ကြောင့် မေးချင်သည့်မေးခွန်းက မည်သည့်အချိန်တွင် ဆောင်ရွက်မည်နည်းဆိုသည့် အချိန်ကို တိတိကျကျလေး သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း
မေးခွန်းနှင့်ပတ်သက်၍ တိတိကျကျသိလိုသည့် အချက်အလက်နှင့် ပတ်သက်လျှင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ကို ပြန်လည်မေးမြန်းပြီး ပြန်ကြားတင်ပြသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
