(စ)-လားရှိုးမြို့၊ မြို့မစည်ပင်သာယာဈေးကြီး၏ဝန်းကျင်တစ်ဝိုက်ရှိ လမ်းများပေါ်တွင် နေ့စဉ်ရပ်နားထား သည့် မြောက်မြားလှစွာသော မော်တော်ယာဉ်ပေါင်းစုံတို့ကို စည်းကမ်းတကျနှင့် လုံခြုံစွာရပ်နားနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၁၃.၃.၂၀၁၉)

 

မိမိတို့လားရှိုးတွင် စည်ပင်သာယာဈေး ဈေးရှိသည့်အနက်က မြို့မဈေးသည် အကြီးဆုံးနှင့် အစည်ကားဆုံး ဖြစ်ပါကြောင်း၊ မြို့လယ်ကောင်ဈေးကြီး ဖြစ်သည့်အားလျော်စွာ ဈေး၏ပတ်ဝန်းကျင် တစ်လျှောက်တွင် ကုန်စိမ်းဈေး၊ ညဈေး၊ ဘဏ်၊ ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး၊ သူနာပြု/သားဖွား သင်တန်းကျောင်း၊ ရုပ်ရှင်ရုံ၊ တည်းခိုခန်း၊ ဟိုတယ်၊ ကားဂိတ်၊ ဗလီ၊ ဌာနဆိုင်ရာရုံး စသည်များ ရှိခြင်းကြောင့် ကြက်ပျံမကျစည်ကားသော နေရာဖြစ်ပါကြောင်း၊ ဈေးကို မနက် နာရီမှ စဖွင့်ပြီး ရောင်းဝယ်ကြသည်ဆိုသော်လည်း ရပ်ဝေးဈေးသည်များအဖို့ မနက် နာရီ၊ နာရီခန့်မှစပြီး လက်ဆွဲမီးအိမ်များနှင့် ဈေးအပြင်ဘက်တွင် စတင်ရောင်းဝယ် နေကြပြီး ဈေးကြီးဖွင့်ချိန်တွင်လည်း ဆက်လက်ရောင်းဝယ်ကြခြင်းသည် ညနေ နာရီ၊ နာရီအထိ ဖြစ်ပါကြောင်း၊ နေ့လယ်ဈေးရောင်းအား ကျသွားသည်အချိန်နှင့် တစ်ချိန်တည်း ဈေးနှင့်ကပ်လျက် လမ်းပေါ်တွင် ညဈေးဆက်ဖွင့်ကြပါကြောင်း၊ ညဈေးဟုဆိုသော်လည်း နာရီခန့်ကတည်းက ဈေးခင်းပြီး ရောင်းဝယ်ကြသည်မှာ နာရီ၊ ၁၀ နာရီအထိ ဖြစ်ပါကြောင်း၊ ယခုလို အကြောင်းအမျိုးမျိုး‌‌ကြောင့် ဈေးဘက်ကို ရောက်လာကြသည့် မော်တော်ယာဉ်များသည် ရပ်နားစရာမရှိအောင် တိုးတက်များပြားလာပါကြောင်း၊

ယခုလို ဈေး၏ အရပ်လေးမျက်နှာတွင်ရှိသည့် တစ်လမ်း၊ နှစ်လမ်း၊ သုံးလမ်းအထိ လမ်းကြီး/ လမ်းငယ် အသွယ်သွယ်သည် မိုးလင်းသည့်အချိန်ကစပြီး ဈေးကြီးပြီးသည်အထိ မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီး၊ တွန်းလှည်းစသည်များ ရပ်နားပိတ်ဆို့လာခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာမြင့် လာခဲ့ပြီဖြစ်ပါကြောင်း၊ အလားတူ ဈေးဝယ်ရန် ရောက်လာသော ရပ်နီးရပ်ဝေးက မော်တော်ယာဉ်များသည်လည်း လမ်းတစ်ဝိုက်တွင် ရပ်နားကြရပါကြောင်း၊ သို့သော် စိတ်ချလက်ချ ရပ်နားရန်နေရာ မလုံလောက်သည့်အတွက် အဆင်မပြေမှုများနှင့် အမြဲရင်ဆိုင်ကြရပါကြောင်း၊ ထို့အတူ အနီးအနားက ရပ်ကွက်သူ/သားများ၊ အိမ်ရှင်၊ ဆိုင်ရှင်များဆိုလျှင် နေ့စဉ်နေ့တိုင်း မခေါ်ဘဲ၊ မမျှော်ဘဲ မနက်မိုးလင်းလာသည်နှင့် အိမ်ရှေ့တွင်တန်းစီပြီး ဒုက္ခပေးသည့် ယာဉ်များကြောင့် စိတ်ပျက်အားငယ် နေကြရပါကြောင်း၊ အကယ်၍များ အရေးပေါ်မီးရေး၊ ထင်းရေးကိစ္စုမျိုး ပေါ်ပေါက်လာခဲ့မည်ဆိုလျှင် ဆုံးရှုံးမှုအန္တရာယ်အမျိုးမျိုးနှင့်လည်း ကြုံတွေ့ရနိုင်ပါကြောင်း၊ ထို့ကြောင့် လားရှိုးမြို့မဈေးကြီးတစ်ဝိုက် လမ်းများပေါ်တွင် နေ့စဉ်ပြန့်ကျဲပိတ်ဆို့ ရပ်နားကြသည့် မြောက်မြားလှစွာသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စည်းကမ်းတကျလုံခြုံစိတ်ချစွာ ရပ်နားထားနိုင်ရေး ဆောင်ရွက်ထားရှိသည့် အစီအမံများရှိ/မရှိ သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးညီထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လားရှိုးမြို့၊ မြို့မဈေးကြီးသည် ဈေးရုံပေါင်း ၁၈ ရုံ၊ ဆိုင်ခန်းပေါင်း ၂၆၃၆ ခန်းရှိပြီး နေ့စဉ်ဆိုင်ခန်းပေါင်း ၁၅၀၀ ခန့် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ဈေးပတ်လည်ရှိ လမ်းများတွင် နေ့စဉ်ဆိုင်ကယ် အစီးအရေအတွက် ၁၇၀၀ ဝန်းကျင်ခန့် ဝင်ထွက်ရပ်နားလျက် ရှိပါကြောင်း၊ အဆိုပါ ဆိုင်ကယ်အရေအတွက် ၁၇၀၀ အနက် ၅၀၀ ခန့်မှာ မြို့မဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသူ/သားများ၏ ဆိုင်ကယ်များဖြစ်ပြီး ကျန်အစီးရေ ၁၂၀၀ ခန့်မှာ ဈေးဝယ်သူများ၏ ဆိုင်ကယ်များ ဖြစ်ပါကြောင်း၊ မြို့မဈေးအတွင်းနှင့် မြို့မဈေးပတ်လည်ရှိ သိန္နီလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဟံသာဝတီလမ်း၊ နှင်းဆီရုံအပေါ်ထပ်နှင့်အောက်ထပ်ရှိ ဆိုင်ကယ်၊ ကားရပ်နားရာနေရာများတွင် အဝင်/အထွက် ပြုလုပ်နိုင်သော ဆိုင်ကယ်နှင့်ကား ခန့်မှန်းရပ်တန့်နိုင်မှု အခြေအနေမှာ သိန္နီလမ်းတွင် ဆိုင်ကယ်အစီး ၁၅၀ ခန့်၊ ဗိုလ်ချုပ်လမ်းတွက် ဆိုင်ကယ်အစီး ၂၅၀ ခန့်၊ ဟံသာဝတီလမ်းတွင် ဆိုင်ကယ်အစီး ၂၀၀ နှင့် ကား ၂၀ စီး ခန့်၊ ဈေးအတွင်း ဆိုင်ကယ်အစီး ၁၀၀ ခန့်၊ နှင်းဆီရုံအပေါ်ထပ်တွင် ဆိုင်ကယ်အစီး ၆၀ နှင့် ကားအစီး ၆၀၊ နှင်းဆီရုံအောက်ထပ်တွင် ဆိုင်ကယ် ၂၀၀ စီး ဖြစ်ပါကြောင်း၊ အထက်ဖော်ပြပါ နေရာများတွင် မြို့မဈေးယာဉ်ရပ်နားခကောက် လုပ်ငန်းလိုင်စင်အား စိစစ်ချထားလျက်ရှိရာ လိုင်စင်စည်းကမ်းအရ မြို့မဈေးယာဉ်ရပ်နားခကောက်လုပ် ငန်းလုပ်ကိုင်သူမှ နံနက် နာရီမှ ညနေ နာရီအချိန်အထိ  ယာဉ်ရပ်နားရန် နေရာများတွင် လုပ်သား ၂၀ ဦးဖြင့် ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြို့မဈေးကြီး လုံခြုံရေးအတွက် လားရှိုးမြို့နယ်စည်ပင်သာယာရေး ဌာနမှ အောက်ဖော်ပြပါ ဝန်ထမ်း ၁၇ ဦးဖြင့် ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဦးစီးအရာရှိတစ်ဦး၊ ဒုတိယဦးစီးမှူး (ဈေး) တစ်ဦး၊ ဈေးတာဝန်ခံ () ဦး၊ ဈေးခေါင်း () တစ်ဦး၊ အခွန်ကောက်() နှစ်ဦး၊ စည်းကမ်းထိန်း သုံးဦးနှင့် အစောင့်ရှစ်ဦးတို့ ဖြစ်ပါကြောင်း၊

ဈေးပတ်ဝန်းကျင်နှင့် ဈေးအတွင်း/အပြင်ကား၊ ဆိုင်ကယ်လာရောက်ရပ်နားသည့် ဈေးသူ/သားများ၊ ဈေးဝယ်သူများ လုံခြုံရေးအတွက် ဖော်ပြပါအရာရှိဦးစီး ၁၇ ဦးဖြင့် အဖွဲ့သုံးဖွဲ့ဖြင့်ခွဲ၍ အပိုင်းလိုက် လုံခြုံရေးကိစ္စ ဆောင်ရွက်သည့်နည်းတူ မြို့မဈေးယာဉ်ရပ်နားခ ကောက်လုပ်ငန်းရှင်မှ ဆိုင်ကယ်ကားများကို သတ်မှတ်ဝတ်စုံဖြင့် ကောက်ခံသည့် လုပ်သား ၂၀ ဦး၊ သိန္နီလမ်းနှင့် ဗိုလ်ချုပ် လမ်းထောင့်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် () ရဲစခန်းမှ အရာရှိဦးစီးသည့် တပ်စိတ်တစ်စိတ်ဖြင့် လုံခြုံရေး ယူ၍လည်းကောင်း၊ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် လေးဦး ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ဈေးအတွင်း/အပြင် လုံခြုံရေးကင်မရာ CCTV ၁၆ လုံးဖြင့် တပ်ဆင်ထားရှိပြီး မြို့မဈေးတာဝန်ခံရုံးမှ ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လားရှိုးမြို့၊ မြို့မဈေးကြီး၏ ဝန်းကျင်တစ်ဝိုက်ရှိ လမ်းများပေါ်တွင် နေ့စဉ်ထားရှိသည့် ယာဉ်များ စနစ်တကျ ရပ်နားနိုင်ရေးနှင့် လုံခြုံစွာရပ်နားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး ဌာနမှဝန်ထမ်းများ၊ ဈေးမိဈေးဖများ၊ ဈေးအရန်မီးသတ်တပ်ဖွဲ့များ၊ ယာဉ်ရပ်နားခ ကောက်လုပ်ငန်းမှ လုပ်သားများနှင့် ကြီးကြပ်မှုလုံခြုံရေး ကင်မရာများ တပ်ဆင်ထားရှိပြီး စနစ်တကျလုံခြုံစွာ ဆောင်ရွက်လျက် ရှိပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အား ရှင်းလင်းဖြေကြား ပါသည်။

 

ဒေါက်တာစိုင်းမောက်ခမ်း (လားရှိုးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုအခြေအနေအရ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ တစ်နေ့တခြားပိုပြီး များလာသည်ကို တွေ့ရှိရပါကြောင်း၊ နောက်တစ်ခုကလည်း ဆိုင်ရောင်းရန် ဈေးဆိုင်များလည်း ပိုပိုလိုလာသည့်အတွက် အဆိုပါ မြို့မဈေး၏အနီးတစ်ဝိုက် ကားပါကင်နှင့်ဈေးဆိုင်ခန်းအတွက် နှစ်မျိုးစလုံးပါဝင်နိုင်သည့် အထပ်မြင့် အဆောက်အဦဆောက်ပြီး စီစဉ်ပေးရန်အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးညီထွန်း

မေးမြန်းချက်နှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့အား ပြန်လည်မေးမြန်း ဖြေကြားတင်ပြ သွားမည်ဖြစ်ပါကြောင်း၊