တန့်ယန်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တန့်ယန်းကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ (၃) လုံးအား ပယ်ဖျက်ပြီး (၁၀) ခန်းတွဲ (၃) ထပ် RC အဆောက်အဦ သို့မဟုတ် ထပ်မံပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအတွက်ပါ သင့်တင့်မျှတသည့် အခန်းပါဝင်သည့် အဆောက်အဦ ဆောက်လုပ်နိုင်ရန် လျာထားဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
တန့်ယန်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ စာရင်းအရ ကျောင်းသား/သူ ၁၈၈၁ ဦးရှိပြီး ဆရာ/မ ၅၀ ဦး ရှိသည့်အနက် ရပ်ဝေးမှလာရောက် တာဝန်ထမ်းဆောင်သူ ၂၅ ဦးရှိပြီး ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာသုံးလုံးတွင် ဒေသစုံမှ ဆရာ/မ ၁၇ ဦး လက်ရှိနေထိုင်ရပါကြောင်း၊ လူလွတ်များ စုပေါင်းနေထိုင်ရပြီး အိမ်ထောင်သည် များမှာ ဖြစ်သလို ဆောက်ထားသော ယာယီတဲတွင်နေထိုင်ရပြီး တချို့ဝန်ထမ်းများမှာ အိမ်ငှားရမ်းနေထိုင် ကြရပါကြောင်း၊
ဆောက်လုပ်ခဲ့သည်မှာ နှစ်ပေါင်း ၅၀ နီးပါးကြာမြင့်ခဲ့ပြီဖြစ်သည့် သွပ်မိုးထရံကာ ပျဉ်ခင်း အဆောက်အဦများနှင့် ယာယီတဲများမှာ ဟောင်းနွမ်းပျက်စီးပြီး အန္တရာယ်ရှိသည့် အခြေအနေ ဖြစ်နေပါကြောင်း၊ မိုးတွင်းတွင်မိုးယို၊ ဆောင်းတွင်းတွင် ချမ်းအေးလှသည့် ရှမ်းပြည်အအေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး စေလိုရာစေတာဝန်ကျရာ တာဝန်ထမ်းဆောင် နေကြသည့် ဥယျာဉ်မှူးပန်းပျိုး လက်ပိုင်ရှင် ဆရာ/မများ၏ဘဝကို စာနာသောအားဖြင့် လုံလောက်သော ဝန်ထမ်းအိမ်ရာများကို အသစ်ပြန်လည် ဆောက်လုပ်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တန့်ယန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာဟောင်းများကို ပယ်ဖျက်ပြီး မြေနေရာကန့်သတ်ချက်ကို ထောက်ကြည့်၍ ၁၀ ခန်းတွဲ သုံးထပ် RC အဆောက်အဦ သို့မဟုတ် နောက်ထပ်ပြောင်းရွှေ့လာနိုင်မည့် ပညာရေးဝန်ထမ်းများအတွက်ပါ ကြိုတင် တွက်ချက်၍ သင့်တင့်မျှတနိုင်မည့် အဆောက်အဦ တည်ဆောက်နိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွက် ယခုပညာသင်နှစ်အတွင်း ငွေလုံးငွေရင်း တည်ဆောက်ရေးအနေနှင့် အခြေခံပညာကျောင်း ဆောင်များ လုပ်ငန်း ၁၂ ခုကို လျာထားဆောင်ရွက် ပေးနေပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသော ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် လက်ရှိဆရာ/မ ဝန်ထမ်းဦးရေ ၆၀ ရှိပြီး လောလောဆယ်အားဖြင့် ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူမှာ ၁၇ ဦးသာရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသကဲ့သို့ အဆိုပါကျောင်းမှာ (၁၂၀ ပေ x ပေ ၃၀) Steel Structure တစ်ထပ်ဝန်ထမ်း အိမ်ရာအသစ်တစ်ဆောင် ဆောက်လုပ်ပေးရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခေါင်းစဉ်အောက်မှ လျာထားသတ်မှတ်ပြီး ရန်ပုံငွေရရှိမှု အခြေအနေပေါ် မူတည်၍ ဆောင်ရွက်ပေးပါမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးစိုင်းမောင်ပွင့် (တန့်ယန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ယခုဆောက်မည့်၊ တွက်ချက်ထားသည်မှာ လက်ရှိဝန်ထမ်းများအတွက်သာ လုံလောက်မည် ဖြစ်ပါကြောင်း၊ နောက်ထပ်ရောက်ရှိလာမည့် ဝန်ထမ်းများအတွက်ပါ ကြိုတင်တွက်ချက်ပြီး ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ယခု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် လျာထားရန်ပုံငွေ သတ်မှတ်ချက် မိမိတို့အကြမ်းရပြီ ဖြစ်ကြောင်း၊ အဆိုပါလျာထား ရန်ပုံငွေအရ မိမိဖြေကြားခဲ့သည့် မိမိတင်ပြသကဲ့သို့ လျာထား ဆောင်ရွက်ခြင်း ရှိပါကြောင်းနှင့် အသစ်ရောက်ရှိမည့် ဝန်ထမ်းများအတွက် ရောက်ရှိမှသာ ထပ်မံရရှိမည့် ဘဏ္ဍာရေး အခြေအနေအရ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
