ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၃) ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃) ဦးအနက် (၃၉၄) ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
( က ) ကြယ်ပွင့်ပြမေးခွန်း (၇)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးဘရှိန်၊ ကျောက်ဖြူမဲဆန္ဒနယ် က မေးမြန်းသော ကျောက်ဖြူမြို့၊ အလယ်ပိုင်း ရပ်ကွက် ဖြတ်လမ်း(၃)တွင်ရှိသည့် ဦးပိုင်အမှတ် ၁၁၈/ခ မြေကွက်၏မြေစာရင်း မှတ်ပုံတင် ၁/က စာအုပ်၌ မှတ်တမ်းတင်ထားရှိသည့် မြေပုံမိတ္တူကို မိမိအား မည်သည့်အချိန်တွင် မည်သည့် အစီအစဉ်ဖြင့် ထုတ်ပေးပါမည် မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြန်မာနိုင်ငံမြေစာရင်းလက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေပုံမိတ္တူကို လျှောက်ထားလာပါက ရေးကူးပေးသွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးကျော်မင်းလှိုင်၊ ဥတ္တရသီရိမဲဆန္ဒနယ် က မေးမြန်းသော ဥတ္တရသီရိမြို့နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း သစ်တောပယ်ဖျက်ထားသော ကျေးရွာ (၁၁)ရွာ၏ ရွာမြေ၊ လယ်မြေနှင့် အများပိုင်မြေများ သတ်မှတ်တိုင်းတာရာတွင် ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့် အကြောင်းအရာ နှင့်စပ်လျဉ်း၍ စာရွက်ပေါ်မှ စာရင်းနှင့် မြေပြင် အမှန်တကယ်ရှိသော စာရင်းမှန်ကန်အောင် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် ပယ်ဖျက်ထားသော ရွာနယ်နိမိတ်များနှင့် လယ်မြေများ ပြည်သူ လက်ဝယ်ရောက်ရှိပြီး ပုံစံ (၇) ရရှိရေး တာဝန်ရှိသောဌာနများ မည်သို့ ပေါင်းစပ် ဆောင်ရွက်နေပြီး မည်သည့်အချိန်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးမည်ကိုသိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြေပုံညွှန်းနှင့် မြေပြင်တည်ရှိမှု အခြေအနေ ကွဲလွဲနေမှု တို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်းနှင့် ပုံစံ (၇) ထုတ်ပေး နိုင်ရေးအတွက် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ စိစစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးမင်းသိန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ် က မေးမြန်းသော တောင်တွင်းကြီး မြို့နယ်အတွင်း ပဲခူးရိုးမပေါ်ရှိ ဝံအော်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို အခြေခံပညာမူလတန်းလွန် ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်း အဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့် အချိန်တွင် အခြေခံပညာမူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးမောင်မောင်၊ ထီးချိုင့်မဲဆန္ဒနယ် က မေးမြန်းသော အစိုးရဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတစ်ဝန်း သုံးစွဲနေသော ပုံနှိပ်မီဒီယာများအားလုံး ကွန်ပျူတာပုံနှိပ် ဖော်ပြရာတွင် အသုံးပြုနေသော “တစ်ချောင်းငင် အရှည်နှင့် အတို” သုံးစွဲမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင်၍ စနစ်တကျမှန်ကန်အောင် ညွှန်ကြားပြုပြင် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက တစ်ချောင်းငင်အတိုနှင့် တစ်ချောင်းငင်အရှည်၊ နှစ်ချောင်းငင်အတိုနှင့် နှစ်ချောင်းငင်အရှည်များ သုံးစွဲမှုသည် အရေးပုံရိပ်မျှသာ ဖြစ်ပြီး သတ်ပုံမှားယွင်းမှုမဟုတ်ပါကြောင်းနှင့် စာလုံးပေါင်း သတ်ပုံမှန်ကန်ရေး လုပ်ငန်းစဉ်များသည် ယခင်ကဆောင်ရွက်ပြီးလုပ်ငန်းနှင့် ယခုဆက်လက် ဆောင်ရွက်ဆဲလုပ်ငန်းများဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးသက်နိုင်ဦး၊ ရေဖြူမဲဆန္ဒနယ် က မေးမြန်းသော မြန်မာတစ်နိုင်ငံလုံးရှိ ဆေး တက္ကသိုလ်များ ဝင်ခွင့်ကို တိုင်းဒေသကြီး/ပြည်နယ်များ၏ လူဦးရေအပေါ် အခြေခံပြီး အချိုးကျခေါ်ယူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုတို့မှ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကို ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၃ % နှင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ ၆ % ဆေးတက္ကသိုလ်ဝင်ခွင့်ပြုထားပါကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့် လက်ထောက်ဆရာဝန်များကို ခေါ်ယူခန့်ထား တာဝန်ပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးစိုင်းမောင်ပွင့်၊ တန့်ယန်းမဲဆန္ဒနယ် က မေးမြန်းသော တန့်ယန်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တန့်ယန်းကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ (၃)လုံးအား ပယ်ဖျက်ပြီး (၁၀)ခန်းတွဲ (၃)ထပ် RC အဆောက်အဦ သို့မဟုတ် ထပ်မံပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအတွက်ပါ သင့်တင့်မျှတသည့် အခန်းပါဝင်သည့် အဆောက်အဦ ဆောက်လုပ်နိုင်ရန် လျာထားဆောင်ရွက်ထားခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခေါင်းစဉ်အောက်တွင် လျာထားသတ်မှတ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးမောင်မောင်ဦး၊ အင်းစိန်မဲဆန္ဒနယ် က မေးမြန်းသော အင်းစိန်မြို့နယ်အတွင်း အ.ထ.က(၃) အင်းစိန်မြေနေရာတွင် မြို့နယ်ကျောင်းပေါင်းစုံ အားကစားကွင်းနှင့် အ.ထ.က (၇) အင်းစိန်မြေနေရာတွင် မြို့နယ်ကျောင်းပေါင်းစုံ မိုးလုံလေလုံ အားကစားရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျာထားထည့်သွင်းပေးပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) အစီရင်ခံစာ(၁)ခု တင်ပြခြင်း
ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်ပြပြီး ယင်းအစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၂-၃-၂၀၁၉ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
( ဂ ) အဆို (၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်က လူနှင့်တိရစ္ဆာန်များတွင် ခွေးရူး ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အားလုံးပူးပေါင်းလျက် စီမံချက်ချမှတ်ရေးဆွဲပြီး ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုအား လွှတ်တော်ကိုယ်စားလှယ် (၁၁)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၃-၃-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
