မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ဒေသတွင်းစိမ်းလန်းစိုပြည်မှုကို အထောက်အကူဖြစ်စေရန်အတွက် ရွှေပုံတောင်စိမ်းလန်း စိုပြေရေးဧရိယာ အပြင်စည်းနယ်မြေရှိ ယခင်အုတ်ရေကန်များအား ပြုပြင်ခြင်း၊ အုတ်ရေကန်သစ်များ ထပ်မံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းများ ပြန်လည်သွယ်တန်း၍ မြစ်ရေတင်စနစ်ဖြင့် ရေလောင်း စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် ကုန်ကျစရိတ်များသော်လည်း ရှင်သန်ဖြစ်ထွန်းမှုကောင်းသည့် သက်တမ်းရင့်ပျိုးပင်ကြီးများဖြင့် အရေအတွက်များများ စိုက်ပျိုးသွား ရန် အစီအစဉ်ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ချောက်မြို့၏ ရွှေပုံတောင်စိမ်းလန်းစိုပြေရေး ဧရိယာသည် မြို့၏မြောက်ဘက်နှင့် မြစ်၏အရှေ့ဘက်တွင် ရှိပါကြောင်း၊ လက်ရှိစိမ်းလန်းစိုပြေရေး အောင်မြင်နေသည်မှာ ၂၀၀၁ မှ စပြီး ၂၀၁၈-၁၉ (၆) လအထိ စိုက်ခင်းဧကပေါင်း ၃၈၅၀ ရှိပြီး စိုက်ပင်ပေါင်းကလည်း ခြောက်သိန်းကျော် ရှိပါကြောင်း၊ အောင်မြင်မှုကလည်း ၆၀ ရာခိုင်နှုန်း အောင်မြင်လျက် ရှိပါကြောင်း၊ နောက်တစ်ချက်က ယခုကဲ့သို့ အောင်မြင်နေဖို့အတွက် မြစ်ကနေပြီး လျှပ်စစ်မီးနှင့် ရွှေပုံတောင်ကို တင်ပါကြောင်း၊ တင်ပြီး စိုက်ခဲ့ပါကြောင်း၊ ထို့ကြောင့် အောင်မြင်ခြင်း ဖြစ်ပါကြောင်း၊ မိမိတင်ပြလိုသည်မှာ အပူပိုင်းဒေသ ဖြစ်သည့်အတွက် သစ်ပင်များက မပေါက်ရောက်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ စိုက်သည့် အပင်များက ထနောင်း၊ ကန္တရ၊ သပွတ်ပင်တို့အစရှိသော အပင်များဖြစ်ပါကြောင်း၊ ၎င်းတွင် တင်ရန်အတွက် အုတ်ကန်များကလည်း ပျက်စီးနေပြီဖြစ်သဖြင့် အဆိုပါရွှေပုံတောင်ကို လျှပ်စစ်ဖြင့် တင်ပြီးမှ အုတ်ကန်ဖို့ပို့ပြီးမှ အောက်ကနေတွန်းတင်ပြီး ဖြန့်ရမည်ဖြစ်ပါကြောင်း၊ နေရာများလည်း အများကြီး ကျန်ပါသေးကြောင်း၊ ၎င်းတို့ကို ထပ်ပြီးတိုးချဲ့ လုပ်စေချင်ပါကြောင်း၊ မည်သည့် အတွက်ကြောင့် ဆိုသည်မှာ ပထမစိုက်ထားသည်က ပိုက်ဆံကသန်းပေါင်း ၁၃၆ သန်း ကုန်သွားပြီး ၎င်းတို့ကို ဆက်မလုပ်လျှင် အလကားဖြစ်သွားမည် ဖြစ်သည့်အတွက်ကြောင့် ဆက်ပြီးဆောင်ရွက် စေလိုပါကြောင်း၊ ရွှေပုံတောင်ပတ်ဝန်းကျင်က သစ်ပင်များက စိမ်းလန်းစိုပြေသည့် အခါကျ ရေနံများက အရမ်းထွက်လာပါကြောင်း၊ ယခုမိမိတို့ ဗမာပြည်တွင် ပြည်တွင်းရေနံမှာ ရေနံချောင်း၊ မန်သံမရာကန်၊ ညောင်တုန်း၊ နောက်တစ်ခါ ထောက်ရှာပင်၊ ကျောက်ခွက်အစရှိသည့် ရေနံမြေအားလုံးတွင် မိမိတို့ချောက်က လက်ရှိတစ်နေ့ကို ရေနံစိမ်း ၁၆၀၀ ကျော် ထွက်နေပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိဖို့နှင့်ဒေသတွင်း စိမ်းလန်းစိုပြည်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် ရွှေပုံတောင်စိမ်းလန်းစိုပြေရေးအပြင် စည်းနယ်မြေကို အုတ်ကန်ရေများများ ထပ်ဆောက်ခြင်းများ ထပ်တည်ပေးခြင်းများ နောက်ပြီး ရေပိုက်လိုင်းများသွယ်ပေးခြင်းများ လုပ်ပေးရန်အတွက် အစီအစဉ်ရှိ/မရှိနှင့် သစ်ပင်တိုးချဲ့ရာတွင် ရှင်သန်းဖြစ်ထွန်းမှု ကောင်းသည့် သက်တမ်းရင့် ပျိုးပင်ကြီးများကို များများစိုက်နိုင်ခြင်းရှိ/မရှိ မေးမြန်းရခြင်း ဖြစ်ပါသည်။
ရွှေပုံတောင်ဒေသသည် ချောက်ရေနံမြေဧရိယာဖြစ်သဖြင့် မိမိတို့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ (၁၀) နှစ် အတွင်း နှစ်စဉ်ပျမ်းမျှမိုးရွာရက် ၄၀ နှင့် မိုးရေချိန်က ၂၂.၉၈ လက်မ၊ ၂၀၁၈ ခုနှစ်တွင် မိုးရွာရက် ၄၄ ရက်နှင့် မိုးရေချိန် ၂၆.၃၇ လက်မ ရွာသွန်းပြီး ပျမ်းမျှအမြင့်ဆုံးအပူချိန် ၄၁ ဒီကရီ စင်တီဂရိတ်ရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၉ ဒီဂရီစင်တီဂရိတ် ရှိသည့်အတွက် နွေရာသီနှင့်မိုးပြတ်သည့် ကာလများတွင် စိုက်ပျိုးပင်များကို ရေလောင်းပြုစုပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ အပြင်စည်းနယ် မြေ၌ ရေလောင်းစိုက်ပျိုးပြုစု ထိန်းသိမ်းရန်အတွက် ရေဂါလံ ၃၀၀၀ ဆံ့ အုတ်ရေကန်များ ပြန်လည် ပြုပြင်ခြင်း၊ ရေဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တစ်လုံးထပ်မံ တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းများ ပြန်လည်သွယ်တန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်အတွက် ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ပင်မနှင့်အတွင်းစည်း နယ်မြေ B3 ကုန်းရှိ အုတ်ရေကန်မှ အပြင်စည်းနယ်မြေရှိ အုတ်ရေကန်များသို့ ပေ ၂၀၂၃၅ ပေအကွာအဝေးကို ရေပိုက်လိုင်းများ သွယ်တန်း၍ အလယ်နေရာတွင် အမြင့်တင်ရေပန့် တစ်လုံးဖြင့် ထပ်ဆင့်တွန်းတင်ရမည် ဖြစ်ပါသဖြင့် အုတ်ရေကန်သုံး လုံးပြုပြင်ခြင်း၊ အုတ်ရေကန် အသစ်တစ်ခု တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းများ သွယ်တန်းခြင်း၊ ရေပန့်မော်တာ 200 KVA ထရန် စဖော်မာ တစ်လုံးတပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လိုအပ်မည့် ရန်ပုံငွေ ၉၆.၉၂ ကျပ်သန်းကို ခွင့်ပြုပေးပါရန် တင်ပြတောင်းခံ သွားမည်ဖြစ်ပါကြောင်း၊
အဆိုပါထရန်စဖော်မာ တပ်ဆင်ခြင်း၊ ရေပန့်မော်တာတပ်ဆင်ခြင်းနှင့် ရေပိုက်လိုင်းများ သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့်လည်း လိုအပ်သည့်နည်းပညာဆိုင်ရာ အကူအညီများ ကူညီဆောင်ရွက်သွားပေးမည် ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်း ဝန်ကြီးဌာနမှ ဖြေကြားထားပါသည်။ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ၂၀၁၉ ခုနှစ် မိုးရာသီတွင် ပင်မနှင့်အတွင်းစည်း နယ်မြေများအတွင်းမှ သက်တမ်းရင့်တမာ ပျိုးပင်ကြီးအပင် ၄၀၀ နှင့် သစ်မျိုးစုံ ၂၅၄၀ ပင်၊ အပြင်စည်းနယ်မြေတွင် တမာပျိုးပင်ကြီး ၁၀၀ နှင့် သစ်မျိုးစုံ ၁၀၉၆၀ ပင် စုစုပေါင်း ၁၄၀၀၀ ပင် စိုက်ပျိုးသွားမည်ဖြစ်ပြီး ယခုအချိန်အတွင်း မြေသားပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ အထက်တင်ပြပါ ရေတင်ရေလောင်း လုပ်ငန်းအတွက် ရန်ပုံငွေခွင့်ပြုမိန့် ရရှိပါက အပြင်စည်းနယ်မြေ၌ ကျန်းရှိသည့် မြေဧရိယာ ၂၁၈.၃ ဧကတွင် တစ်နှစ်လျှင် အပင် ၂၀၀၀၀ နှုန်းဖြင့် ငါးနှစ်အတွင်းအပင်ပေါင်း ၁၀၀၀၀၀ ကို ရေပိုက်လိုင်းများ သွယ်တန်း၍ ရေလောင်းပြုစု ထိန်းသိမ်းသွားရန် စီစဉ်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
