ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၄.၃.၂၀၁၉)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၂၀) ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃) ဦးအနက် (၃၈၃) ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

(က)    ကြယ်ပွင့်ပြမေးခွန်း (၆) ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးထွန်းဝေ၊ ဖောင်းပြင်မဲဆန္ဒနယ်က မေးမြန်းသော မူးယစ်တရားခံတစ်ဦးကို ဖမ်းဆီးမိသောအခါ ကွင်းဆက်တရားခံကို ချက်ချင်းဖော်ထုတ်၍ ဖမ်းဆီးရေး အဖွဲ့အချင်းချင်း ဆက်သွယ်ဖမ်းဆီးနိုင်ရေးကို မြန်မာတစ်နိုင်ငံလုံးသို့ တစ်ပြေးညီ ညွှန်ကြားချက် ထုတ်ပြန်ပေးနိုင်ရေး မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက တည်ဆဲဥပဒေပြဋ္ဌာန်းချက်များမှ ကွင်းဆက် တရားခံများကို ပြစ်မှုကျူးလွန်သည့် တရားခံများကဲ့သို့ အပြစ်ပေးအရေးယူရန် သတ်မှတ်ပြဋ္ဌာန်းထားရှိခြင်းကြောင့် လည်းကောင်း၊ ပြဋ္ဌာန်းချက်နှင့်အညီ ကွင်းဆက် တရားခံများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးဖော်ထုတ်လျက်ရှိသည့် အပြင် နိုင်ငံတကာနှင့်လည်း အချိန်နှင့်တပြေးညီ ချိတ်ဆက်ပူးပေါင်းဆောင်ရွက် လျက်ရှိခြင်းကြောင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ကြီးကြပ်ညွှန်ကြားချက် ထုတ်ပြန်ရန် မလိုအပ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၂)    ဦးလွင်ကိုလတ်၊ သန်လျင်မဲဆန္ဒနယ်က မေးမြန်းသော ထောင်ကျအကျဉ်းသားများ၊ ကျသစ်များ၊ ရုံးထုတ်အပြန် အချုပ်သားများ ထောင်တွင်းပြန်ဝင်လာချိန်တွင် ခန္ဓာကိုယ်အတွင်းသို့ တရားမဝင်ပစ္စည်းများ လျှို့ဝှက်သယ်ဆောင်လာကြောင်း သတင်းရရှိ၍ စအိုအတွင်း လက်ဖြင့်နှိုက်ရှာခြင်းသည် လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့် အရေးနှင့် မညီညွတ်ပါသဖြင့် X-ray စက်ဖြင့်ရှာဖွေခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြည့်စွက်တွင်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းမူလ ရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထားတင်ပြတောင်းခံမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃)    ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်က မေးမြန်းသော တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဆားပြင်ကျေးရွာအုပ်စု၊ ဆားပြင်ကျေးရွာတွင် ရဲကင်းစခန်းတစ်ခု ချမှတ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရဲကင်းစခန်းဖွင့်လှစ်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် လမူးနယ်မြေရဲစခန်းမှ အင်အားထုတ်နုတ်၍ လှုပ်ရှားရဲကင်း အဖြစ် ပြန်လည်ချထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄)    ဦးဘိုကြီး၊ ချောက်မဲဆန္ဒနယ်က မေးမြန်းသော မကွေးတိုင်းဒေသကြီး၊ ချောက် မြို့နယ်တွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ဒေသတွင်းစိမ်းလန်းစိုပြည်မှုကို အထောက်အကူဖြစ်စေရန်အတွက် ရွှေပုံတောင် စိမ်းလန်းစိုပြည်ရေးဧရိယာ အပြင်စည်းနယ်မြေရှိ ယခင်အုတ်ရေကန်များအား ပြုပြင်ခြင်း၊ အုတ်ရေကန်သစ်များ ထပ်မံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းများ ပြန်လည်သွယ်တန်း၍ မြစ်ရေတင်စနစ်ဖြင့် ရေလောင်းစိုက်ပျိုးပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် ကုန်ကျစရိတ်များသော်လည်း ရှင်သန်ဖြစ် ထွန်းမှုကောင်းသည့် သက်တမ်းရင့် ပျိုးပင်ကြီးများဖြင့် အရေအတွက်များများ စိုက်ပျိုးသွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရေတင်ရေလောင်းလုပ်ငန်းအတွက် ရန်ပုံငွေခွင့်ပြုရရှိခဲ့ပါက အပြင်စည်းနယ်မြေ၌ ကျန်ရှိသည့် မြေဧရိယာ (၂၁၈.၃)ဧကတွင် တစ်နှစ်လျှင် အပင် (၂၀၀၀၀)နှုန်းဖြင့် (၅)နှစ်အတွင်း အပင်ပေါင်း (၁၀၀၀၀၀)ကို ရေပိုက်လိုင်းများ သွယ်တန်း၍ ရေလောင်းပြုစု ထိန်းသိမ်းစိုက်ပျိုးသွားရန် စီစဉ်လျက်ရှိပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

 

(၅)    ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိမဲဆန္ဒနယ်က မေးမြန်းသော ဒက္ခိဏသီရိမြို့နယ်၊ သီရိမင်္ဂလာကျေးရွာအား ပြည်ထဲရေးအမည်ပေါက်ကျေးရွာအဖြစ် နေပြည်တော် ကောင်စီမှ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပိုင် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် မရှိပါကြောင်းနှင့် နိုင်ငံတော်ပိုင်မြေများကို အကွက်ရိုက် ရောင်းစားနေမှုမရှိစေရန်အတွက် လက်ရှိကျူးကျော်မှုများအား တရားစွဲဆိုဖယ်ရှား ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ နိုင်ငံတော်ပိုင်မြေများကို အကွက် ရိုက်ရောင်းစားနေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

 

(၆)    ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်က မေးမြန်းသော ကနီမြို့နယ်၊ သစ်တောမြေများ အတွင်း မြေဧက(၁၀၀) နှင့်အထက် နှစ်(၃၀) ဂရန်လုပ်ပိုင်ခွင့် ချထားခဲ့မှုများတွင် စာချုပ်ပါ စည်းကမ်းချက်များကို ချိုးဖောက်နေခဲ့ကြသော်လည်း အဘယ်ကြောင့် အရေးယူဆောင်ရွက်မှုမရှိခြင်းနှင့် ကနီမြို့နယ်၊ အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပေါက်အင်းတောင် သစ်တောကြိုးဝိုင်းအတွင်း တင်ဝင်းထွန်း ကုမ္ပဏီ၏ နှစ်(၃၀)ဂရန် လုပ်ပိုင်ခွင့်စာချုပ်အား ဖျက်သိမ်းပေးရန် အဆိုအတည် ပြုခဲ့မှု နှင့်စပ်လျဉ်း၍ မည်သို့ ဆက်လက်ဆောင်ရွက်ပေးမည်တို့ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပင်ထောင်ကြိုးဝိုင်းအတွင်း ခွင့်ပြုခဲ့သော ဦးသန့်ရှင်း၊ ပုဂ္ဂလိကစိုက်ခင်း (၁၀၀)ဧကနှင့် ပေါက်အင်းတောင် ကြိုးဝိုင်းအတွင်း ခွင့်ပြုခဲ့သော ဦးလှမြင့်၊ ပုဂ္ဂလိကစိုက်ခင်း (၄၅၀)ဧကအနက် (၃၃၀) ဧကတို့အား ဖျက်သိမ်းကာ မြေအား ပြန်လည်သိမ်းဆည်းခဲ့ပြီးဖြစ်ပါကြောင်း နှင့်ပေါက်အင်းတောင်ကြိုးဝိုင်းအတွင်း တင်ဝင်းထွန်းကုမ္ပဏီနှင့် ဝန်ကြီးဌာနတို့ ချုပ်ဆိုထားသည့် ကြက်ဆူစိုက်ခင်း (၃၂၀၀) ဧကကို ၂၀-၁၂-၂၀၁၈ ရက်နေ့မှစ၍ စာချုပ်ခွင့်ပြုချက်အား ဖျက်သိမ်းခဲ့ပြီး စိုက်ပျိုးနိုင်ခြင်းမရှိသည့်မြေ (၂၇၁၇.၁၇)ဧက အား မြေပြန်လည်သိမ်းဆည်းပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

( ခ )  အဆို (၁) ခု တင်သွင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်က မြို့ပြများတွင် တရားဥပဒေစိုးမိုးပြီး ပြည်သူလူထု၏ လူနေမှုဘဝ လုံခြုံမှုရှိစေရန် ရာဇဝတ်မှုများ ဖြစ်ပေါ်နေမှုကို ကာကွယ်တားဆီးနိုင်ရန် အတွက် ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်း ကြောင်းအဆိုကိုတင်သွင်းပြီး ဦးစိန်ဟန်၊ ကံမမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၅-၃-၂၀၁၉ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

 

( ဂ )  ဥပဒေကြမ်း (၁) ခု နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြင်ဆင်ချက်ဖြင့် သဘောတူကြောင်းနှင့် ၂၀၁၃ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၆-၃-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။