ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁.၃.၂၀၁၉)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃) ဦးအနက် (၄၀၁) ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

( က )  အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီတွင်ပါဝင်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို လည်းကောင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း လွှတ်တော်၏အတည်ပြုချက်ရယူပြီး ကော်မတီဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

 

( ခ )  ကြယ်ပွင့်ပြမေးခွန်း (၇) ခုမေးမြန်းဖြေကြားခြင်း

(၁)    ဦးတင်အေး၊ မက်မန်းမဲဆန္ဒနယ်က မေးမြန်းသော မက်မန်းမြို့နယ်ရှိ နမ့်နန်းချောင်းမှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဦးထွန်းနိုင်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့်လည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်ရန်ပုံငွေဖြင့် လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ရန်ပုံငွေဖြင့်လည်းကောင်း လျာထားဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်စီစဉ်ဆောင်ရွက်နေပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၂)    ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်က မေးမြန်းသော ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာလူထုက သဘောမတူဘဲ၊ တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်မရဘဲ စက်သုံးဆီအရောင်း ဆိုင်သစ် ဆောက်လုပ်ခြင်းကို မည်သို့ အရေးယူဆောင်ရွက်မည်နှင့် မည်သည့်ဌာနမှ မည်ကဲ့သို့ ခွင့်ပြုထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဦးထွန်းနိုင်က စက်သုံးဆီဆိုင်တည်ဆောက် ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ချက်ကို လိုက်နာ ဆောင်ရွက်မှုမရှိခြင်းကြောင့် ပွင့်ဖြူမြို့နယ်တရားရုံးတွင် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးက တရားစွဲဆိုဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃)    ဦးဇုံးတိန့်၊ ချီဖွေမဲဆန္ဒနယ်က မေးမြန်းသော ချီဖွေငယ်ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ခဲ့သည့် CPI ကုမ္ပဏီမှ ဒေသခံတောင်သူများ၏ ခြံမြေနစ်နာမှုနှင့် သီးနှံ ပင်များ လျော်ကြေးပေးရန် ကျန်ရှိနေသူများကို ကုမ္ပဏီမှ မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဦးထွန်းနိုင်က ကွဲလွဲနေသည့် စာရင်းများကိစ္စရပ်ကို ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများ၊ ဒေသခံလွှတ်တော် ကိုယ်စားလှယ်နှင့် ကုမ္ပဏီများ ပူးပေါင်းပြီး စာရင်းပြန်လည်ညှိနှိုင်းစစ်ဆေးကာ သဘောတူညီချက်များရရှိပါက ပေးလျော်ရန် တာဝန်ရှိသည်များကို ပေးလျော်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄)    ဒေါက်တာဦးစောနိုင်၊ တောင်ဥက္ကလာပမဲဆန္ဒနယ်က မေးမြန်းသော တောင်ဥက္ကလာပ မြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး (၄)ထပ်အဆောင်အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ မတိုင်မီ အသစ်ဖွင့်လှစ်ပြီး ဆေးကုသရေးလုပ်ငန်းများ စတင်ပေးနိုင်ရန် မည်သို့ စီစဉ်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက ၂၀၁၈-၂၀၁၉ ဖြည့်စွက်ရန်ပုံငွေတောင်းခံကာ ရရှိပါက လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ဖြည့်စွက် ရန်ပုံငွေ မရရှိခဲ့ပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တောင်းခံပြီး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၅)    ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်က မေးမြန်းသော လေရှီးမြို့နယ်ရှိ  ဟိန်ကွတ်၊ ပိန္ဒဲကုန်း၊ ကော်လ်ကန်၊ ရန်နွေး၊ အောင်ဇေယျ၊ ထိန်းဖာရံနှင့် ကျဲကော့ကျေးရွာများ၏ ကျေးလက်ကျန်းမာရေးဌာနခွဲများအား စံကိုက်အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက အဆောက်အဦဆောက်လုပ်မည့် မြေနေရာများအတွက် မြေပိုင်ဆိုင်မှုသာရရှိခဲ့လျှင် အနီးဆုံးဘဏ္ဍာနှစ်တွင် ထည့်သွင်း တောင်းခံ၍ ဆောက်လုပ်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၆)    ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်က မေးမြန်းသော သနပ်ပင်မြို့နယ်ရှိ ဉာဏ်ကျွန်း ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် နှင့်လောင်မီး၊ ကမာဖရံ၊ အပိုင်နှင့် ကသဲကုန်းကျေးရွာများတွင် ကျေးလက် ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းတောင်းခံပြီး ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၇)    ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်က မေးမြန်းသော ပြင်ပသူနာပြု အကူသင်တန်းများကို တရားဝင်ဖွင့်လှစ်ခွင့်ပြုထားခြင်း ရှိ၊ မရှိနှင့် ပြင်ပသူနာပြု သင်တန်းများ၏ အရည်အချင်းများကို မည်သည့်ဌာနက မည်ကဲ့သို့ စနစ်တကျ ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက ပြင်ပအကူသူနာပြုသင်တန်းများကို တရားဝင်ဖွင့်လှစ်ခွင့်လုံးဝ မရှိပါကြောင်းနှင့် အရည်သွေးနှင့် အရည်အချင်းများ ပြည့်မီသည့် တာဝန်ခံမှု၊ တာဝန်ယူမှု၊ ကျင့်ဝတ်များ နှင့်ပြည့်စုံသည့် အကူသူနာပြုများကို မွေးထုတ်ပေးနိုင်ရေး လာမည့်နှစ်ပတ်အတွင်း Workshop Seminar နှစ်ရက်ပြုလုပ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။       

 

( ဂ )  ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင် ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

( ဃ ) အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်က မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေးကဏ္ဍတွင် လျှပ်စစ် မီးလင်းရေးကော်မတီများထံ ရင်းနှီးငွေထည့်ဝင်ရန် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရရှာသော ဆင်းရဲသား အများပြည်သူများလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် နောင်အခါ ဖြန့်ဖြူးရေးတွင် ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ သင့်တင့်သော ဈေးနှုန်းသတ်မှတ်ပေးခြင်း၊ အရင်းကျေကာလနှင့် အကျိုးခံစား ခွင့်ကာလသတ်မှတ်ပေးခြင်းတို့ကို ခိုင်မာသော စာချုပ်ချုပ်ပြီး အများပိုင် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဖြန့်ဖြူးစေသော စနစ်ကောင်းတစ်ရပ် ဖော်ထုတ်ပေးပါရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၄) ဦးက ဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

 

၃။                ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၄-၃-၂၀၁၉ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။