(င)-နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့ပေါ် သောက်သုံးရေလုံလောက်စွာရရှိနိုင်ရေး အစီအမံအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့ မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၇.၂.၂၀၁၉)

 

နန်းယွန်း မြို့နယ်၊ ဒုံဟီးမြို့သည် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင်‌့ ဖွဲ့စည်းထားပြီး အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁၅၀၀ ဝန်းကျင်သာနေထိုင်သည့် တောင်ပေါ်မြို့လေးတစ်မြို့ ဖြစ်ပါကြောင်း၊ ပြည်သူအားလုံးသည် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါကြောင်း၊

လူသားများအသက်ရှင်သန်ရန် ရေသည်မရှိမဖြစ် အရေးကြီးဆုံးသော အရာဖြစ်သည်ကို အားလုံးအသိ ဖြစ်ပါကြောင်း၊ ဒုံဟီးမြို့ပေါ်ရှိ ပြည်သူအများစုမှာ ယနေ့အချိန်ထိ သောက်သုံးရေကို လက်ယက်တွင်း များမှ ခပ်ယူကြပြီး ချွေတာစွာအသုံးပြုကြရပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြို့၏တစ်ဖက် တစ်ချက်တွင် ချောင်းမကြီးနှစ်ချောင်းရှိသော်လည်း မြို့၏တည်နေရာသည် အမြင်‌့ပိုင်းတွင် တည်ရှိနေ၍ ချောင်းမကြီးမှ ရေသွယ်ယူမရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင်‌့ ၂၀၁၇-၁၈ ခုနှစ်တွင် မြို့ပေါ်ရပ်ကွက် သောက်သုံးရေရရှိရေးအတွက် တိုင်းစည်ပင်ဘတ်ဂျက်နှင့် ခုနစ်မိုင်အကွာအဝေးမှ စိမ့်စမ်းရေသွယ်ယူပြီး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သို့သော်လည်း ရေအရင်းအမြစ် ရေထွက်အား နည်းသည့်အတွက် မြို့ပေါ်နှစ်ရပ်ကွက်တွင်သာ ရေရနိုင်ပြီး အခြားမြို့ပေါ်ရပ်ကွက်တစ်ခုတွင် ယနေ့အချိန်ထိ လက်ယက်တွင်းကိုသာ အသုံးပြုကြရပါကြောင်း၊ နွေရာသီနှင်‌့ဆောင်းရာသီအချိန် အထက်တွင်ဖော်ပြခဲ့သော ရပ်ကွက်နှစ်ခုမှာလည်း သောက်သုံးရေအပြည့်အဝ မရကြသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ ဒုံဟီးမြို့ပေါ်တွင် နေထိုင်ကြသည့် ပြည်သူများအားလုံး သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက် ပေးမည်ကိုသိရှိလိုပါကြောင်း၊ ထို့ပြင် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်ပြည်သူများ သောက်သုံးရေရရှိနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းခြင်းနှင်‌့စပ်လျဉ်းပြီး နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့သောက်သုံးရေ ရရှိရေးလုပ်ငန်းအဖြစ် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်ဖြင်‌့ စိမ့်စမ်းရေသွယ်တန်းခြင်း ခုနစ်မိုင်နှင်‌့ ရေဖမ်းကန်တစ်ကန်၊ ရေစုကန်တစ်ကန်၊ ရေလှောင်ကန်တစ်ကန်တို့ကို ဒုံဟီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်လည်း ဒုံဟီးမြို့ပေါ် သောက်သုံးရေ ဖူလုံစွာ ရရှိရေးနှင်‌့စပ်လျဉ်းပြီး လက်ရှိလူဦးရေ၊ အိမ်ခြေအခြေအနေနှင့် ရေလုံလောက်မှုရှိ/မရှိ လိုအပ်ချက်နှင့် ရေရရှိနိုင်မည်‌့အရင်းအမြစ် စုဆောင်းရရှိနိုင်မည်‌့ပမာဏ ဖြစ်နိုင်ခြေတို့ကို လွှတ်တော်ကိုယ်စားလှယ် အပါအဝင် သက်ဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းများက ကွင်းဆင်းစိစစ် တင်ပြလာမှုအပေါ် အခြေခံ၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေစိစစ်မှု ထောက်ခံတင်ပြလာမည်ဆိုပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး တတိယငါးနှစ်စီမံကိန်းတွင် အဆိုပြုထည်‌့သွင်း လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။