(စ)-မယ်စဲ့မြို့နယ်၊ မယ်ဆည်နန်ကျေးရွာအုပ်စုနှင်‌့ နန်မန်းကျေးရွာအုပ်စုကြားရှိ မယ်ဆည်နန် ကျေးရွာအုပ်စုနှင်‌့ သာယာကျေးရွာတွင် ရွာချင်းဆက်မြေသားလမ်းအသစ် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၇.၂.၂၀၁၉)

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် မြို့ပြနှင်‌့ကျေးလက် ကွာဟမှုမရှိရအောင် ဘတ်ဂျက်ရေးဆွဲသည့် အခါတွင် ကျေးလက်တောရွာများကို မြို့ပြနှင်‌့တန်းတူထည့်ပြီး ရေးဆွဲပေးစေလိုပါကြောင်း၊ ယခု မြို့ပြများတွင် လိုအပ်ချက်မရှိသကဲ့သို့ လမ်း၊ တံတား၊ မီး၊ ဆက်သွယ်ရေးတာဝါတိုင်စသည်‌့ မြို့ပြနှင်‌့ ကိုက်ညီသည့် အရာရာပြီးပြည့်စုံနေသည့်အချိန် ကျေးလက်တောရွာများတွင် မြေသားလမ်းတောင်မှ မရှိသည့် အခြေနေဖြစ်ပါကြောင်း၊ ကျေးလက်တောရွာအနှံ့ ဖွံ့ဖြိုးတိုးတက်ရန်၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှ ကျေးလက်နေ ပြည်သူလူထုများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာမည် ဖြစ်ပါကြောင်း၊ အဓိကပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးစသည်‌့ လူမှုကိစ္စများလည်း ဖြစ်ပါကြောင်း၊ သာယာကျေးရွာနေ ပြည်သူလူထုများသည် တောင်ယာနှင်‌့လယ်ယာများကို အဓိကစိုက်ပျိုးကြပြီး အသက်မွေးဝမ်းကျောင်း ပြုနေရပါကြောင်း၊ စိုက်ပျိုးရေးအတွက် များစွာကောင်းမွန်သောကြောင်‌့ လမ်းမရှိသော်ငြားလည်း စားဝတ်နေရေး အတွက်ကြောင်‌့ ဤကျေးရွာကို စိုက်ပျိုးနေထိုင်ခြင်းလည်း ဖြစ်ပါကြောင်း၊ လက်ရှိတွင် သံလွင်မြစ်ကို ရေကြောင်းအဖြစ်သွားလာပြီး သူတို့၏စိုက်ပျိုးထားသော သီးနှံများကို နီးစပ်ရာမြို့ကို တက်ရောင်းကြရပါကြောင်း၊ စိုက်ပျိုးသီးနှံများကို အချိန်မီရောင်းချနိုင်အောင် နိုင်ငံတော်အစိုးရ အနေဖြင့် တစ်ကြောင်းထိုးမြေသားလမ်းအသစ်ကို ဖောက်လုပ်ပေးလိုက်မည်ဆိုပါက သာယာကျေးရွာနေ ပြည်သူလူထုများသည် လွန်စွာဝမ်းမြောက်ဝမ်းသာ ဖြစ်ကြမည် ဖြစ်ပါကြောင်း၊

ယခုဆိုလျှင် မြို့ပေါ်မှာ AC လမ်းများခင်း၊ ကတ္တရာလမ်းများခင်း၊ ကွန်ကရစ်လမ်းများခင်း၊ အနိမ့်ဆုံးအမာခံ ကျောက်ခင်းလမ်း ခင်းနေသည့်အခိုက် သာယာကျေးရွာမှာ ရွာချင်းဆက် မြေသားလမ်းတောင် မရှိပါကြောင်း၊ သူတို့၏ဘဝများကို စာနာထောက်ထားပြီး တစ်ကြောင်းထိုး မြေသားလမ်းအသစ်ကို ဖောက်လုပ်ပေးစေလိုပါကြောင်း၊ သာယာကျေးရွာသည် သံလွင်မြစ်အရှေ့ဘက် ကမ်းနံဘေးတွင် တည်ရှိသော ကျေးရွာဖြစ်ပြီး တစ်ချိန်က စစ်ဘေးဒဏ်ကျရောက်သော ကျေးရွာလည်း ဖြစ်ပါကြောင်း၊ ယခု ငြိမ်းချမ်းရေးရောင်နီ သန်းလာပြီဖြစ်၍ ပြည်သူလူထုများသည် မိမိတို့၏ကျေးရွာတွင် ပြန်လည်ပြီး လုပ်ကိုင်စားသောက် နေကြပြီလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင်‌့ သူတို့၏လူနေမှုဘဝ မြင်‌့မားလာရေးအတွက် တစ်ကြောင်းထိုး မြေသားလမ်းအသစ်ကို ဖောက်လုပ်ပေးရန် အထူးလိုအပ်ပါကြောင်း၊ အကယ်၍ ရေလမ်းဖြင်‌့ သာယာကျေးရွာကို သွားမည်ဆိုလျှင် နယ်စပ်မှ သံလွင်ကမ်းခြေထိ ၃၅ မိုင် သွားရပါကြောင်း၊ သံလွင်ကမ်းခြေရောက်လျှင် ဆက်လက်ပြီး သံလွင်မြစ် ကြောင်းအတိုင်း စက်လှေဖြင်‌့ သာယာကျေးရွာကို ကြာမြင့်စွာ ဆန်တက်မောင်းနှင်ပြီးမှသာလျှင် သာယာကျေးရွာကို ရောက်ရှိပါကြောင်း၊ ကုန်းလမ်းဖြင်‌့ သာယာကျေးရွာကို သွားမည်ဆိုလျှင် မြို့သုံးမြို့ကို ဖြတ်ပြီးသွားရပါကြောင်း၊ သို့သော်လည်း အဆိုပါမြို့သုံးမြို့ကိုဖြတ်၍ မပြီးသေးဘဲ ရွာသစ်မြို့ထဲတွင် ရှိသော ဝမ်ဗလကျေးရွာမှ သံလွင်မြစ်အထိ နောက်ထပ်နှစ်မိုင် ထပ်သွားရပါကြောင်း၊ သံလွင်ကမ်းခြေ ရောက်ပြီးမှ စက်လှေဖြင်‌့ တစ်ဖက်ကမ်းကိုကူးပြီး သာယာကျေးရွာကို ရောက်ရှိပါကြောင်း၊ ကုန်းတစ်တန်၊ ရေတစ်တန်သွားရခြင်း ဖြစ်ပါကြောင်း၊ နွေရာသီတွင် အဆင်ပြေသော်လည်း မိုးရာသီတွင် အဆင်မပြေပါကြောင်း၊ မိုးတွင်းတွင် ရေကြီးရေလျှံ ဖြစ်သည်‌့အတွက် သွားရေးလာရေး အန္တရာယ်များလှပါကြောင်း၊ အထူးသဖြင်‌့ နိုင်ငံ့ဝန်ထမ်းများ သာယာကျေးရွာကို သွားရောက်တာဝန် ထမ်း‌ဆောင်ရာတွင် သွားရေးလာရေး အလွန်အခက်အခဲ ဖြစ်ပါကြောင်း၊ တစ်ကြောင်းထိုး မြေသားလမ်းအသစ်ကို ဖောက်လုပ် ပေးလိုက်မည်ဆိုလျှင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုများ အတွက်‌ပါ သွားရေးလာရေး အန္တရာယ်ကင်း ရှင်းမည်လည်း ဖြစ်ပါကြောင်း၊

ထို့ကြောင်‌့ နိုင်ငံ့ဝန်ထမ်းများသည် သာယာကျေးရွာတွင် တာဝန်သွားရောက် ထမ်းဆောင်ရာတွင် အဆင်ပြေစွာနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် သာယာကျေးရွာနေ ပြည်သူလူထုများသည်လည်း အန္တရာယ်ကင်းရှင်းစွာ အဆင်ပြေစွာနှင့် သွားလာလုပ်ကိုင် စားသောက်နိုင်အောင် မိမိတို့ မယ်ဆည် နန်ကျေးရွာနှင်‌့ သာယာကျေးရွာကို တစ်ကြောင်းထိုး မြေသားလမ်းအသစ် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ သာယာကျေးရွာသည် သစ်တောဧရိယာအတွင်းတွင် ပါဝင်လျက် ရှိပါကြောင်း၊ သစ်တောဧရိယာ ပယ်ဖျက်ပြီး ပြည်ထဲရေးအမည်ပေါက်ရန် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတစ်ရွာ ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့် မယ်ဆည်နန် ကျေးရွာနှင်‌့ သာယာကျေးရွာတွင် လမ်းပေါက်ခြင်းမရှိသည့် ၇၅ မိုင်ကွာဝေးသော လမ်းကြောင်းသစ် ဖြစ်ကြောင်းနှင်‌့ လမ်းကြောင်းသစ်တွင် အခြားကျေးရွာတို့နှင့် ဆက်စပ်မှုမရှိဘဲ သာယာကျေးရွာရှိ အိမ်ခြေ ၃၃ လုံးနှင်‌့ လူဦးရေ ၁၆၈ ဦးကိုသာ အကျိုးပြုနိုင်မည် ဖြစ်ကြောင်းကို စိစစ်သိရှိရပါသည်။ သာယာကျေးရွာသို့ သွားရာတွင် လက်ရှိအသုံးပြုလျက်ရှိသည့် လမ်းတွင် ဘောလခဲမြို့နယ်၊ ၎င်းမှ ရွာသစ်၊ ရွာသစ်မှ ဝမ်ဗလလမ်း၏ မိုင်တိုင် (၄/၇) ဖာလုံမှ သံလွင်မြစ်ကမ်းအထိ တစ်မိုင်လေးဖာလုံ အကွာအဝေးကို သွားရောက်ပြီး ၎င်းမှတစ်ဆင်‌့ သံလွင်မြစ်ကို စက်လှေဖြင်‌့ဖြတ်ကူး၍ သာယာကျေးရွာကို သွားရောက်ရပါကြောင်း၊ ထိုကဲ့သို သာယာကျေးရွာကို သွားရန် အသုံးပြုလျက် ရှိသည့် ရွာသစ်-ဝမ်ဗလ ကျေးရွာချင်းဆက်လမ်းနှင်‌့ သာယာကျေးရွာ သွားလမ်းများကို နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုပြည်နယ် ရန်ပုံငွေတို့ဖြင်‌့ မြေလမ်း ၁၂ မိုင်၊ ကျောက်လမ်း ၁၀ မိုင်သုံးဖာလုံနှင့် ကတ္တရာလမ်းတစ်မိုင် သုံးဖာလုံတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင်လည်း ရွာသစ်-ဝမ်ဗလလမ်း ကျောက်ခင်းခြင်း ငါးဖာလုံနှင်‌့ ရွာသစ်-ဝမ်ဗလလမ်းမှ သံလွင်မြစ်ကမ်းအထိ လမ်းပိုင်းအတွက် ကျောက်လမ်းတစ်မိုင်သုံးဖာလုံ စုစုပေါင်း ကျောက်လမ်းနှစ်မိုင် တို့ကိုလည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသော မယ်စဲ့မြို့နယ်၊ မယ်ဆည်နန်ကျေးရွာအုပ်စုနှင်‌့ နန်မန်းကျေးရွာ အုပ်စုကြားရှိ မယ်ဆည်နန်ကျေးရွာနှင်‌့ သာယာ‌ကျေးရွာ ရွာချင်းဆက်မြေသားလမ်း အသစ်ဖောက်လုပ်ပေးရေးနှင်‌့ စပ်လျဉ်းပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင်‌့ သာယာကျေးရွာသို့ သွားလာရာတွင် လက်ရှိအသုံးပြုနေသည့် ရွာသစ်-ဝမ်ဗလလမ်းနှင်‌့ သံလွင်မြစ်ထိသွားသည့်လမ်းကို ကျောက်ချောလမ်းအဆင်‌့ထိ ဆောင်ရွက်ထားရှိပြီးဖြစ်ခြင်း၊ ၇၅ မိုင်ခန့်ကွာဝေးသော မယ်ဆည်နန်- သာယာကျေးရွာချင်းဆက် လမ်းကြောင်းသစ်အား အခြားကျေးရွာများနှင်‌့ ဆက်စပ်မှုမရှိဘဲနှင်‌့ သာယာ ကျေးရွာတစ်ရွာ၊ အိမ်ခြေ ၃၃ လုံး၊ လူဦးရေ ၁၆၈ ဦးသာအကျိုးပြုနိုင်မည့် လမ်းကြောင်းဖြစ်ခြင်းတို့ အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ငါးနှစ်စီမံကိန်းလျာထားချက်တွင် လျာထားစီမံပေးရန် မသင်‌့သေး ပါကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ သဘောထားပြန်ကြားချက်အရ ရှင်းလင်းဖြေကြား ပါသည်။     

 

ဦးသန်းလင်းလင်း (မယ်စဲ့မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီး ဖြေသွားသည်မှာ သာယာကျေးရွာသည် သစ်တောမြေဧရိယာထဲဟု ပြောကြားပါကြောင်း၊ ပြည်ထဲရေးအမည်မပေါက်ဘူးဟုလည်း ပြောကြားပါကြောင်း၊ သို့သော် ပြည်ထဲရေးအမည်ပေါက် ပါကြောင်း၊ လွန်ခဲ့သည့် ၁၉၉၄ ခုနှစ်က ပြည်ထဲရေးအမည် ပေါက်ခဲ့သော်လည်း  စစ်ဘေးဒဏ်ကြောင့် ၎င်းကျေးရွာက လူထုထွက်ပြေးတိမ်းရှောင်ပြီး ၎င်းတို့၏အိုးအိမ်များကို ချန်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီး ဖြေသွားသည့်အတိုင်း မယ်စဲမှသာယာကျေးရွာကို သွားပါက ဖားဆောင်း၊ ဘော်လခဲ၊ ရွာသစ်မြို့တို့ကိုဖြတ်ပြီး ဝါးပလားကျေးရွာရောက်မှ သန်လျင်ဘက်ကမ်းကို ကူးရသည့်အခါ  မိုးတွင်းကာလတွင် အလွန်အန္တရာယ် များသည့်အတွက် အဆိုပါကျေးလက်လမ်းကို တောင်းဆိုခြင်းလည်း ဖြစ်ပါကြောင်း၊ အကယ်၍ ငါးနှစ်စီမံကိန်းထဲတွင် လျာထားခြင်းမရှိသော်လည်း နောင်လာမည့် နှစ်များတွင် လျာထားခြင်း အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

ကယားပြည်နယ်အစိုးရ၏ ဖြေကြားချက်တွင် လတ်တလောလျာထားပေးနိုင်ခြင်းမရှိသေးပါကြောင်း ဖြေထားပါသော်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တွေ့ကြုံနေရသည့် အခက်အခဲနှင့် ပတ်သက်ပြီး‌ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။