ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၈) ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦးအနက် (၃၉၉)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
( က ) ပြည်သူ့လွှတ်တော် ကော်မတီများတွင် ကော်မတီအဖွဲ့ဝင် ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း နှင့်ပယ်ဖျက်ခြင်း။
(၁) အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ ဒေါက်တာဦးဝင်းအောင်၊ ခင်ဦးမဲဆန္ဒနယ်အား စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဦးဌေးမင်းသိန်း၊ ကြို့ပင်ကောက်မဲဆန္ဒနယ် အား အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ၏အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။
(၂) ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၊ ပြည်မဲဆန္ဒနယ်နှင့် စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အဖွဲ့ဝင် ဒေါက်တာဒေါ်ကြည်မို့မို့လွင်၊ စဉ့်ကိုင်မဲဆန္ဒနယ်တို့အား သီးခြားတာဝန်ပေးအပ်ရန် ရှိပါသဖြင့် ကော်မတီအဖွဲ့ဝင်များအဖြစ်မှ ပယ်ဖျက်ခဲ့သည်။
( ခ ) အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဖွဲ့စည်းရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက အဆိုပါကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ဖတ်ကြား တင်ပြကာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကော်မတီတွင်ပါဝင်ရန် လျာထားသည့် အဖွဲ့ဝင် ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အပါအဝင် အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းရန်တင်ပြခဲ့ပါသည်။
( ဂ ) ကြယ်ပွင့်ပြမေးခွန်း (၇)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးဝင်းသိန်းဇော်၊ ဆားလင်းကြီးမဲဆန္ဒနယ်က မေးမြန်းသော ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကွင်း၊ အမှတ် (၃)ကွင်း၊ ပေါင်းဝ၊ ဆားခါး၊ ခွန်သာ၊ ရုံးပင်ရိုး စုစုပေါင်း (၁၄)ကွင်းတွင် စိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူ (၁၄၁)ဦး၏ ယာမြေများအား သစ်တောမြေကင်းလွတ်ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က သစ်တော မြေအဖြစ်မှ ပယ်ဖျက်နိုင်ခြင်း မရှိသည့်အတွက် ပုံစံ ၇ ထုတ်ပေးရန် အစီအစဉ်မရှိ ပါကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဖြေကြားချက်နှင့်အတူ ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော်မဲဆန္ဒနယ်က မေးမြန်းသော လွိုင်ကော်မြို့နယ်၊ ဘုရားဖြူကျေးရွာမှ မိုးဗြဲလက်ဝဲမြောင်းမကြီး မိုင်နာ (၁၉) အထိ အရှည် ၂၂၀၀၀ ပေ၊ အကျယ်=၁၂ ပေ၊ အထူ=၁၂ လက်မရှိ လယ်ယာကုန်ထုတ် မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ဖြေကြားချက်နှင့်အတူ ပြန်လည်ဖြေကြား ခဲ့သည်။
(၃) ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော်မဲဆန္ဒနယ်က မေးမြန်းသော ဝိုင်းမော်မြို့နယ်တွင်ရှိသော ဝါရှောင်ရေလွှဲဆည်ကို အကြီးစားပြုပြင်တည်ဆောက်ပေးရန်နှင့် မြေသားတူး မြောင်းမကြီးအား ဆည်မြောင်းပုံစံကျ ကွန်ကရစ်အုတ်စီနံရံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေတွင် ဘဏ္ဍာနှစ်အလိုက် ထည့်သွင်းလျာထား တောင်းခံ၍ ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်တင်တင်ရီ၊ ကျွန်းစုမဲဆန္ဒနယ်က မေးမြန်းသော ကျွန်းစုမြို့နယ်၊ ကဘင်အုပ်စု၊ မိုင်းတွေးကျေးရွာရှိ စာသင်ကျောင်းသို့သွားရာ တံတားနှင့် စာသင်ကျောင်းတို့ကို ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးနိုင်ရန် ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ဖြေကြားချက်အရ ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးဝမ်းလှ၊ နန်းယွန်းမဲဆန္ဒနယ်က နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့ပေါ် သောက်သုံးရေ လုံလောက်စွာရရှိနိုင်ရေး အစီအမံအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်ကိုယ်စားလှယ် အပါအဝင် သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းများက ကွင်းဆင်းစိစစ် တင်ပြလာမှုအပေါ် အခြေခံ၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေစိစစ် ထောက်ခံတင်ပြလာပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး တတိယ (၅)နှစ် စီမံကိန်းတွင် အဆိုပြုထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဦးသန်းလင်းလင်း၊ မယ်စဲ့မဲဆန္ဒနယ်က မေးမြန်းသော မယ်စဲ့မြို့နယ်၊ မယ်ဆည်နန် ကျေးရွာအုပ်စုနှင့် နန်မန်းကျေးရွာအုပ်စုကြားရှိ မယ်ဆည်နန်ကျေးရွာနှင့် သာယာ ကျေးရွာတွင် ရွာချင်းဆက်မြေသားလမ်းအသစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က နယ်စပ်ဒေသဖွံ့ဖြိုးရေး (၅)နှစ် စီမံကိန်းလျာထားချက်တွင် လျာထား စီမံပေးရန် မသင့်သေးပါကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ သဘောထား ပြန်ကြားချက်အရ ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးကျော်စိုး၊ ဗန်းမောက်မဲဆန္ဒနယ်က မေးမြန်းသော ဗန်းမောက်မြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံဆောင်ရွက်နေသာ စာခမ်း-ဟော်ယောလမ်း ကျောက်ချောလမ်းခင်းခြင်း (၅)မိုင်အား ပြီးစီးအောင် ဆောင်ရွက်ခြင်းမရှိသည့် အတွက် အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က မိုးဇမ္ဗူအောင် ကုမ္ပဏီအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နောင်ပြုလုပ်မည့် တင်ဒါလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခွင့်ပိတ်ပင်သွားမည်ဖြစ်ပြီး ကတိဝန်ခံချက်အတိုင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြီးစီးမှုမရှိပါက ကုမ္ပဏီနှင့်ဒါရိုက်တာအဖွဲ့ဝင်အားလုံး အား (Black List) ကြေညာ၍ စာချုပ်ပါစည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
( ဃ ) ဥပဒေကြမ်း (၁)ခုတင်သွင်းခြင်း
ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၈-၂-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
( င ) အဆို (၁) ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးအောင်ကြည်သိန်း၊ ချောင်းဆုံမဲဆန္ဒနယ်က နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် ပင်မအရင်းအမြစ်တစ်ခုဖြစ်သည့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး နှင့်လက်တွေ့ကျကျ အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၉)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁-၃-၂၀၁၉ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
