ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၇) ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃) ဦးအနက် (၃၉၃) ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၇) ခု မေးမြန်း ဖြေကြားခြင်း
(၁) ဒေါ်နန်းထွေးသူ၊ ဖားဆောင်းမဲဆန္ဒနယ်က မေးမြန်းသော ဖားဆောင်းမြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်းရပ်ကွက်တွင် ကိုယ်ထူကိုယ်ထဖြင့် ရပ်ရွာမှ ဆောက်လုပ် ပေးထားသော မူကြိုကျောင်းများသည် ဟောင်းနွမ်းပျက်စီးခြင်း၊ အန္တရာယ်ဆောင် များအဖြစ် သတ်မှတ်ခံရခြင်း၊ ခြံစည်းရိုးများမရှိခြင်း ဖြစ်နေပါသဖြင့် အမှန်တကယ် လိုအပ်သော မူကြိုကျောင်းနှင့် ကျောင်းခြံစည်းရိုးကို အသစ်ပြန်လည်တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အစိုးရဌာနပိုင် စံပြမူလတန်းကြိုကျောင်းအဖြစ် ရန်ပုံငွေတောင်းခံ၍ အသစ်ပြန်လည် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၂) ဦးကျော်တင်၊ ဆောမဲဆန္ဒနယ်က မေးမြန်းသော ဆောမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးအား ဆောချောင်းနှင့် ချုပ်ချောင်းတို့၏ ရေတိုက် စားမှုဘေးမှ ကာကွယ်ထားသည့် ကွန်ကရစ်မြေထိန်းနံရံ အရှည် (၂၅၇)ပေအနက် အရှည် (၁၁၇)ပေ ရေတိုက်စားပါသွားရာ အမြန်ဆုံးပြန်လည်တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်မည်ဖြစ်သည့်အတွက် မိမိဌာနအနေဖြင့် လောလောဆယ် ပြန်လည် ပြုပြင်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံအတွင်းရှိ မြစ်ချောင်းတစ်လျှောက် နှစ်စဉ်လိုလိုဖြစ်ပေါ်တတ်သော ရေတိုက်စားမှုကြောင့် ကမ်းပြို၊ မြေပြိုမှုဖြစ်ပြီး ပြည်သူအများကြုံတွေ့နေရသော အခက်အခဲများ ပြေလည်နိုင်စေရေးနှင့် နိုင်ငံတော် အနေနှင့် တာဝန်ယူနေရသော ဝန်ထုပ်ဝန်ပိုးများ လျှော့ချပြေလည်နိုင်စေရန်အတွက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူများ ပြုလုပ်အသုံးပြုနေကြသော ဝါးကျဲနံရံမြေထိန်း၊ ရေစီးထိန်းစနစ်ကို စနစ်တကျသုတေသနပြု လေ့လာဆန်းစစ်ပြီး နိုင်ငံအနှံ့ကျယ် ကျယ်ပြန့်ပြန့်အသုံးချနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဝါးကျဲနံရံများကဲ့သို့ ကုန်ကျစရိတ်သက်သာပြီး အခြေခံသဘောတရားချင်း တူညီသော ဝါးကရစ်ကွက်မြေထိန်း၊ ရေစီးထိန်းစနစ်များကို မိမိတို့နိုင်ငံ မြစ်၊ ချောင်းများ၏ ဆီလျော်သည့် နေရာများတွင် အသုံးပြုလျက်ရှိနေပါကြောင်းနှင့် ဝါးကျဲနံရံများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရေးအတွက် အသေးစိတ်လေ့လာပြီးနောက် စမ်းသပ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးညွန့်ဝင်း၊ ကန်ပက်လက်မဲဆန္ဒနယ်က မေးမြန်းသော ကန်ပက်လက်မြို့နယ် အတွင်းရှိ ကျေးရွာများဖြစ်သော ကျင်းဒွေး၊ မှန်တောင်၊ လဲပုံ၊ မကြားအိမ်နူး၊ လုံအိမ်နူး၊ ငွန်းဇိုင်အုပ်စုများအတွက် ဖုန်းဆက်သွယ်ရေးနှင့် အင်တာနက် ကွန်ရက် ချိတ်ဆက်အသုံးပြုနိုင်မည့် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသာဦးက လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်းနှင့် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း တင်ဒါခေါ်ယူပြီး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကန်ပက်လက်မြို့နယ် အတွင်း မိုဘိုင်းဆက်သွယ်ရေး စခန်း (၉)ခု တည်ဆောက်ပေးနိုင်ရန် စီစဉ်လျာထား ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၅) ဦးမြင့်လွင်၊ တွံတေးမဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံပိုင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်း၏ အခြေအနေ၊ ဝန်ထမ်းများ၏အခြေအနေ၊ ယင်းလုပ်ငန်းပိုင် ရေယာဉ်များနှင့် ဆိပ်ခံဘောတံတားများ၏ အခြေအနေတို့ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကြံပြုချက်များနှင့်အညီ အနာဂတ်ကာလတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကို ကော်ပိုရေးရှင်းအသွင်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် တစ်ခုချင်းအလိုက် ပြုပြင် ပြောင်းလဲမှုများကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
(၆) ဒေါက်တာဦးလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်က မေးမြန်းသော ဆက်သွယ်ရေး သုံးစွဲနေသူများအပေါ် စားသုံးသူအခွင့်အရေးချိုးဖောက်နေသော ဆက်သွယ်ရေး လိုင်စင် (Service Provider) ရရှိထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအား ပြဋ္ဌာန်းပြီးဖြစ်သော ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေအရလည်းကောင်း၊ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ၊ နည်းဥပဒေအရသော်လည်းကောင်း ကြပ်မတ်စစ်ဆေး အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုများ နှင့်စပ်လျဉ်းပြီး သုံးစွဲသူများက တိုင်ကြားလာမှုများအပေါ် သုံးစွဲသူပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စားသုံးသူရေးရာ ဦးစီးဌာန နှင့်ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ (အဆိုပါ မေးခွန်း ကို နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေသည့်မေးခွန်းဟု လွှတ်တော် ဥက္ကဋ္ဌက သတ်မှတ်ခဲ့ပြီး မေးခွန်းနှင့်ဖြေကြားချက်များကို နိုင်ငံတော်ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာ များတွင် ထည့်သွင်းဖော်ပြပါမည်)
(၇) ဦးအာမိုးဆီ၊ ခေါင်လန်ဖူးမဲဆန္ဒနယ်က မေးမြန်းသော ခေါင်လန်ဖူးမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးသည် ရာသီဥတုကြောင့် ဆွေးမြည့်ပျက်စီးနေပါသဖြင့် အမြန်ဆုံး အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ၍ ရန်ပုံငွေ ရရှိပါက ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) ဥပဒေကြမ်း (၁) ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၆.၂.၂၀၁၉ (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
( ဂ ) အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဒေါ်အေးမြမြမျိုး၊ ကျောက်တန်းမဲဆန္ဒနယ်က အသက်သုံးနှစ်မှ ငါးနှစ်အတွင်းရှိ ကလေး များ၏မူကြိုပညာရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာ၊ ဆရာမများ လေ့ကျင့်သင်ကြား ပေးပါရန်နှင့် မူကြိုကျောင်းများတွင် အာဟာရကျွေးမွေးနိုင်ရန်အတွက် သင့်လျော်သော ဘတ်ဂျက်ထည့်သွင်းပံ့ပိုးပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုအား လွှတ်တော်ကိုယ်စားလှယ် (၈)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၅၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၇-၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
