(ဃ)-ကျင်းဒွေး၊ မှန်တောင်၊ လဲပုံ၊ မကြားအိမ်နူး၊ လုံအိမ်နူး၊ ငွန်းဇိုင်ကျေးရွာ အုပ်စုများအတွက် ဖုန်းဆက်သွယ်ရေးနှင့် အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်မယ့် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၅.၂.၂၀၁၉)

 

ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ကျင်းဒွေး၊ မှန်တောင်၊ လဲပုံ၊ မကြားအိမ်နူး၊ လုံအိမ်နူး၊ ငွန်းဇိုင်ကျေးရွာအုပ်စုများအတွက် ဖုန်းဆက်သွယ်ရေးနှင့် အင်တာနက်ကွန်ရက်ချိတ်ဆက် အသုံးပြုနိုင်မယ့် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်

ကန်ပက်လက်မြို့နယ်သည် ကမ္ဘာလှည့်ခရီးသွားများ၊ ပြည်တွင်းခရီးသွားများ လာရောက် လည်ပတ်ကြသော ဟော်နူးဇုန်တောင်၊ ဝိတိုရိယတောင် တည်ရှိရာမြို့ဖြစ်ပါကြောင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလားအလာကောင်း များစွာရှိသည့် မြို့လည်းဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ဆက်သွယ်ရေးတာဝါတိုင်များ အနေဖြင့် အင်တာနက်ကွန်ရက် ချိတ်ဆက်ဆက်သွယ်မှု စနစ်များကောင်းမွန်ရန် အထူးလိုအပ်မည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ ကန်ပက်လက်မြို့ပေါ်မှအပ မြို့နယ်တွင်းအခြား မည်သည့်ကျေးရွာမှ ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်မှု မရှိသေးသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ဒေသခံများအနေဖြင့် ဖုန်းဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးသည့် သက်ဆိုင်ရာကို အကြိမ်ကြိမ်တောင်းခံခဲ့ကြသော်လည်း ယနေ့အထိ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ဝေးလံခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော နယ်စပ်ဒေသ တိုင်းရင်းသားများ၏ လူနေမှုဘဝ ပြည်မနှင့်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထူးဦးစားပေး အစီအစဉ်အနေဖြင့် ပြည်ထောင်စုအစိုးရက အလေးထားဖြည့်ဆည်းပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လူဦးရေအချိုးအစားဖြင့် သုံးစွဲသူများ၏ တွက်ခြေကိုက်မှုအပေါ်တွင် အခြေခံပြီး ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးမည်ဆိုပါက ဝေးလံခက်ခဲသည့် ချင်းတိုင်းရင်းသား ဒေသများအတွက် ဆက်သွယ်ရေးဖုန်းလိုင်းများ အဆင်ပြေစေရန် မဖြစ်နိုင်သည့် အခြေအနေကို ဝန်ကြီးဌာနအနေဖြင့် စာနာနားလည်ပေးသင့်ပါသည်ဟု ယူဆပါကြောင်း၊

သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် လူဦးရေအချိုးအစားတွက်ချက်မှုအပေါ် အခြေခံ ဖြည့်ဆည်း ပေးခြင်းမျိုးမဟုတ်ဘဲ မြို့နယ်တွင်းသဘာဝ အခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝေးလံခက်ခဲသည့် ဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသားချင်းလူမျိုးများ တိုးတက်ဖြစ်ထွန်းနေသည့် ကမ္ဘာကြီးနှင့်ချိတ်ဆက် အဆက်သွယ်မပြတ်တောက်ရန် တိုင်းရင်းသားများ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးများကို စာနာနားလည်ပြီး အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်သည့် ဆက်သွယ်ရေးတာဝါတိုင်များ ဦးစားပေးအစီအစဉ်အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးသင့်ပါကြောင်း၊

ထို့ကြောင့် ဝေးလံခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော ကျေးလက်တိုင်းရင်းသား ဒေသများတွင် ခက်ခဲကြမ်းတမ်းသည့် လူနေမှုဘဝများ ယနေ့ကမ္ဘာတိုးတက်မှုဖြစ်စဉ်များနှင့် အဆက်သွယ် ပြတ်တောက်နေမှုကို သက်ဆိုင်ရာဝန်ကြီးဌာနမှ စာနာနားလည်ပြီး ဦးစားပေးအနေဖြင့် အမြန်ဆုံး အကောင်အထည်‌ဖော် စုံစမ်းပေးနိုင်ရန် အနူးအညွှတ်မေတ္တာရပ်ခံရင်း ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးလက်နေ ချင်းတိုင်းရင်းသားပြည်သူများကိုယ်စား မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး
အဖြေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်တွင် CDMA 450 MHz စခန်းတစ်ခုနှင့် GSM စခန်းတစ်ခု ဖွင့်လှစ်ထားရှိပြီး မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တယ်လီနောမြန်မာ လီမိတက်အနေဖြင့် ကန်ပက်လက်မြို့နယ်အတွင်းရှိ နတ်မတောင်အမျိုးသား ဥယာဉ်တွင် GSM စခန်းတစ်ခု၊ ဗိုလ်ချုပ်လမ်း၊ အမှတ် (၁) ရပ်ကွက်တွင် GSM စခန်းတစ်ခုနှင့် အေးစခန်း ကျေးရွာတွင် GSM စခန်းတစ်ခု စုစုပေါင်း GSM စခန်း သုံးခုကို ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အော်ရီဒူးမြန်မာလီမိတက် အနေဖြင့်လည်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ မြို့ပတ်လမ်းအပေါ်တွင် GSM စခန်းတစ်ခု၊ နတ်မတောင် အမျိုးသားဥယာဉ်တွင် GSM စခန်းတစ်ခု စုစုပေါင်း GSM စခန်း နှစ်ခုကို ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့အတူ Telecom International Myanmar (MyTel) အနေ ဖြင့်လည်း ကန်ပက်လက်မြို့၊ မြို့ပတ်လမ်းအမှတ် (၂) ရပ်ကွက်တွင် GSM စခန်းတစ်ခုကို ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများပေးလျက်ရှိပါကြောင်း၊

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း MPT ၊ Telenor ၊ Ooredoo နှင့် Mytel တို့မှ ဆက်သွယ် ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော CDMA 450 MHz စခန်းတစ်ခုနှင့် GSM စခန်းခုနစ်ခုတို့ ရှိပါကြောင်း၊ ပြည်တွင်း/ပြည်ပဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ မြို့ပြနှင့်ကျေးလက် ဒေသများပါမကျန် ဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရန်အတွက် မိုဘိုင်းဆက်သွယ်ရေး စခန်းများကို တိုးချဲ့တည်ဆောက်ပေးလျက်ရှိ သော်လည်း မိုဘိုင်းစခန်းများ တည်ဆောက်ရာတွင် ရင်းနှီးမြုပ်နှံမှုကုန်ကျစရိတ်၊ အဝေးဆက်သွယ်ရေး ဆက်ကြောင်း (မိုက္ကရိုဝေ့/ဖိုင်ဘာ/ဂြိုဟ်တု) စသည်များ တည်ဆောက်ရခြင်း၊ လျှပ်စစ်မီးရရှိနိုင်မှု အခြေအနေ၊ မြေပြင်အနေအထား၊ ရာသီဥတုအခြေအနေ၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု အခြေအနေစသည်တို့အပေါ် မူတည်ပြီး တည်ဆောက်ရခြင်း ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မိုဘိုင်းဆက်သွယ်ရေးစခန်းတည်ဆောက်ပေးရန် လွှတ်တော်ကိုယ်စားလှယ်ကြီး တောင်းဆိုထားသော ကန်ပက်လက်မြို့နယ်အတွင်း ကျင်းဒွေး၊ မှန်တောင်၊ လဲပုံ၊ မကြားအိမ်နူး၊ လုံအိမ်နူး၊ ငွန်းဇိုင်ကျေးရွာအုပ်စုများမှာ လျှပ်စစ်မီးမရရှိနိုင်ခြင်း၊ သွားလာရန်ခက်ခဲခြင်း၊ တောတောင် ထူထပ်ခြင်း၊ အဝေးဆက်သွယ်ရေးစခန်း ဆက်ကြောင်းတည်ဆောက်ရန် ခက်ခဲခြင်းတို့ကြောင့်  ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် ကန်ပက်လက်မြို့နယ်အတွင်း အဆိုပါ ကျေးရွာအုပ်စုများတွင် မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်ပေးရန် လောလောဆယ် အစီအစဉ် မရှိသေးပါကြောင်း သိရှိရပါသည်။ သို့ရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများမှ အချိုးကျ ထည်‌့ဝင်သည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေး ဆိုင်ရာရန်ပုံငွေ (Universal Service Fund-USF) ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပထမအဆင့်အနေဖြင့် မြို့နယ် ၁၉ မြို့နယ်တွင် မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်ပေးနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း တင်ဒါခေါ်ယူပြီး လုပ်ငန်းများဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ ဆက်သွယ်ရေးကွန်ရက် အပြည်‌့အဝလွှမ်းခြုံမှု မရရှိသေးသည့် ချင်းပြည်နယ်၊ ကန်ပက်လက် မြို့နယ်ပါဝင်ပြီး ကန်ပက်လက်မြို့နယ်အတွင်း မိုဘိုင်းဆက်သွယ်ရေးစခန်း ကိုးခုတည်ဆောက်ပေးရန် စီစဉ်လျာထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။