နိုင်ငံအတွင်းရှိ မြစ်ချောင်းတစ်လျှောက် နှစ်စဉ်လိုလိုဖြစ်ပေါ်တတ်သော ရေတိုက်စားမှုကြောင့် ကမ်းပြို၊ မြေပြိုမှုဖြစ်ပြီး ပြည်သူအများကြုံတွေ့နေရသော အခက်အခဲများပြေလည်နိုင်စေရေးနှင့် နိုင်ငံတော်အနေနှင့် တာဝန်ယူနေရသော ဝန်ထုပ်ဝန်ပိုးများ လျှော့ချပြေလည်နိုင်စေရန်အတွက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူများပြုလုပ်အသုံးပြုနေကြသော ဝါးကျဲနံရံမြေထိန်း၊ ရေစီးထိန်းစနစ်ကို စနစ်တကျ သုတေသနပြု လေ့လာဆန်းစစ်ပြီး နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံအတွင်းရှိ မြစ်ချောင်းတစ်လျှောက်ကမ်းဘေးများတွင် ရေတိုက်စား၍ စိုက်ပျိုးလယ်မြေ၊ ယာမြေနှင့် နေအိမ်၊ ကျေးရွာများကမ်းပြိုပြီး ပျက်စီးဆုံးရှုံးမှုကို နှစ်စဉ်လိုလိုတွေ့နေရပါကြောင်း၊ လွှတ်တော်အသီးသီးတွင်လည်း မြစ်ကမ်းထိန်းနံရံများ တည်ဆောက်ပေးရန် ကိုယ်စားလှယ်များက မိမိဒေသအခက်အခဲများ ပြေလည်စေရန်အတွက် နိုင်ငံတော်အစိုးရထံ တင်ပြတောင်းဆိုနေကြ သည်များရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် ကမ်းပြိုရေတိုက် စားမှုများအတွက် အရေးကြီးမှု အနေအထားအပေါ်မူတည်ပြီး နိုင်ငံတော်ဘဏ္ဍာငွေကို ကျခံသုံးစွဲ ပေးနေရသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကုန်အကျခံရမည့် ဘဏ္ဍာငွေများ ကို သဘာဝဘေးကြောင့်နှစ်စဉ် ပျက်စီးနေမှုအတွက် သုံးစွဲနေရသည်များ သက်သာစေရန် အတွက် ရေတိုက်စား၍ကမ်းပြိုခြင်းများ ၊ ကြိုတင် ကာကွယ်နိုင်ရန် ပြည်သူအများဆုံးရှုံးနစ်နာမှု သက်သာ စေရန် ရည်ရွယ်ပြီး ဝါးကျဲနံရံများနှင့် မြစ်ချောင်းနှင့် ရေကြောင်းထိန်းသိမ်းပေးခြင်း လုပ်ငန်းကို သုတေသနပြုလေ့လာမှုနှင့်အတူ ပညာပေးခြင်း၊ နည်းပညာဖြန့်ဖြူးပေးခြင်းများနှင့် ပြည်သူများ နှင့် နိုင်ငံတော်အတွက် အထောက်အကူပြုစေရန် မေးခြင်းဖြစ်ပါကြောင်း၊
၁-၁၁-၂၀၁၀၈ ရက်နေ့ Facebook တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှနေပြီး ပြည်သူ အများကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် ကုန်ကျစရိတ်နည်းပါးပြီး နိုင်ငံ၌ လွယ်လွယ်ကူကူပေါများပြီး ရရှိနိုင်သည့် ဝါးနှင့်ပြုလုပ်သည့် ကမ်းထိန်း၊ မြေထိန်းစနစ်၊ ဝါးလုံးကွက်ကျားအတွင်းမှ ရေစီးစေပြီး ရေစီးကိုနှေးစေရန် ရေလမ်းကြောင်းလွှဲပြောင်းပေးနိုင်မှုနှင့်အတူ ရေစီးနှင့်အတူပါလာသည့် နုန်း၊ ကျောက်များကို အနည်ထိုင်စေရန် ရေတိုက်စားသည့်နေရာတွင် ပြန်ပြည့်စေရန်စနစ်ကို နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ရည်ရွယ်ပြီးတင်ပြရခြင်းဖြစ်ပါကြောင်း၊ အများအားဖြင့် မြစ်ချောင်းအကွေ့ နှင့် ရေဦးရေထိုးသည့် နေရာများတွင် ဖြစ်ပေါ်ပြီး အင်ဂျင်နီယာများက Hjulstrom မျဉ်းကွေး ဇယားနှင့် တွက်ချက်ဖော်ပြကြပါကြောင်း၊ ရေစီးနှုန်းတစ်မိနစ်ကို ပေ ၁၀၀ အထက်မှာ ရှိမည်ဆိုပါ က၁.၅ မီလီမီတာရှိသည့် သဲနုန်းနှင့်ရေတိုက်စားခံရမှုဖြစ်လို့ သဲနုန်းတွေရေစီးနှင့်အတူ ဆက်မမျော နိုင်အောင် သဲနုန်းတစ်မိနစ်ကို ၁၆ ပေအောက် လျှော့နိုင်မည်ဆိုပါက တစ်မိနစ် ၂ ပေ အောက် လျှော့ချနိုင်ပါက ရေစီးနှင့်ပါလာသည့် ကျောက်၊ သဲ၊ ခဲနှင့်နှုန်းများ ရပ်တန့်ပြီး အနည်ထိုင်စေ သည် ဟု သိရပါကြောင်း၊ ဝါးကျဲနံရံလုပ်ငန်းတွင် ဝါးများကို နှစ်ပေ၊ သုံးပေ စတုရန်းကွက်ဖွဲ့ပြီး အမြင့်ကို ရေအတက်ဆုံးအချိန်တွင် ရေအမြင့်ထိရောက်အောင် တွက်ချက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ရေစီးရေလာကိုမထိခိုက်သဖြင့် ရေနေသတ္တဝါများအတွက် ပြဿနာမရှိပါကြောင်း၊ လိုအပ်ပါက ရေစီးနှုန်းကို ၅၀ ရာခိုင်နှုန်းအောက်ကို လျှော့ချနိုင်မည်ဆိုပါက ဝါးကွက် ပိုမိုစိပ်အောင် ပြုလုပ် ပေးရမည်ဖြစ်ပြီး အရမ်းစိပ်လွန်းခြင်းမျိုးမဖြစ်ရန် လိုအပ်ပါကြောင်း၊ ရေတက်နေသည့်အချိန်တွင် ရေယာဉ်များအန္တရာယ်မဖြစ်စေရန်အမှတ်အသားလုပ်ပေးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝါး ကို တစ်နိုင်ငံလုံးတွင် လွယ်လွယ်ကူကူရနိုင်ပြီး စနစ်တကျတွက်ချက် လေ့လာဆန်းစစ်၍ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးချပြနိုင်မည်ဆိုပါက နိုင်ငံနှင့်ပြည်သူအတွက် အများကြီးအကျိုးရှိမည် ဖြစ်ပါကြောင်း၊ နိုင်ငံအတွင်းရှိ မြစ်ချောင်းတစ်လျှောက် နှစ်စဉ်လိုလို ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု၊ မြေပြိုမှုဖြစ်လို့ ပြည်သူအများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် နိုင်ငံတော်အနေ ဖြင့် တာဝန်ယူနေရသည့် ဝန်ထုပ်ဝန်ပိုးများ လျှော့ချပြေလည်နိုင်ရန် အတွက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူများအသုံးပြုလျက်ရှိနေသည့် ဝါးကျဲနံရံမြေထိန်း၊ ရေစီးထိန်းစနစ်ကို စနစ် တကျ သုတေသနပြု လေ့လာဆန်းစစ်ပြီး နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်း မြစ်ရေတိုက်စားကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများကို သွယ်ဝိုက် ကာကွယ်ခြင်းစနစ်(Indirect Protection Method) နှင့် တိုက်ရိုက်ကာကွယ်ခြင်း စနစ် (Direct Protection Method)ဟူ၍ နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သွယ်ဝိုက်ကာကွယ်မှုစနစ်သည် ကမ်းပြိုမှုများဖြစ်ပွားနေသော ကမ်းပါးတွင်တိုက်ရိုက်ဆောင်ရွက် ခြင်းမဟုတ်ဘဲ ကမ်းပြိုမှုဖြစ်ပွားရာနေရာတစ်လျှောက် တိုက်ရိုက်စီးဆင်းနေသော ရေလမ်းကြောင်း ကို ကမ်းမှဝေးကွာသွားစေရန် ရေလွှဲရေကာများတည်ဆောက်စေပြီး ရေအရှိန်ကို ဟန့်တား၍ အနည်အနှစ်များကို ဖမ်းယူစေခြင်းဖြင့် သောင်များကို ပြန်လည်ဖြစ်ထွန်းစေသောနည်းစနစ် ဖြစ်ပြီး တိုက်ရိုက်ကာကွယ်မှုနည်းလမ်းသည် ရေတိုက်စားခံရသည့် ကမ်းပါးတစ်လျှောက် ကမ်းထိန်းနံရံ များ၊ ကမ်းထိန်းတမံများ၊ မြေထိန်းနံရံများ တည်ဆောက်၍ ကာကွယ်ပေးခြင်းဖြစ်ပါကြောင်း၊ ထိုသို့ တိုက်ရိုက်ကာကွယ်မှုများ ဆောင်ရွက်ရာတွင် ရေလမ်းအခြေအနေ၊ ကမ်းပါးအခြေအနေ၊ မြေသား အခြေအနေများအပေါ်မူတည်ပြီး အခိုင်အမာကာကွယ်နည်း(Hard Technique)နှင့် ယာယီ ကာကွယ်နည်း(Soft Technique)များ အသုံးပြု၍ ကာကွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းနှင့် ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက် သည့်လုပ်ငန်းဒီဇိုင်းပေါ်မူတည်ပြီး အားသာချက်နှင့် အားနည်းချက်များ တွေ့ရပါကြောင်း၊ အခိုင်အမာကာကွယ်နည်းဖြင့် ဆောင်ရွက်မည်ဆိုပါက အားသာချက်အနေဖြင့် ရေရှည်တည်တံ အောင် ထိန်းသိမ်းနိုင်ခြင်း၊ သာယာလှပမှုကို ဖော်ဆောင်နိုင်ခြင်းစသည်တို့ ရရှိနိုင်သော်လည်း အားနည်းချက်အနေဖြင့် ကနဦးလုပ်ငန်း ကုန်ကျစရိတ်မြင့်မားခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ် ကြီး မြင့်ခြင်းစသည်တို့ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ယာယီကာကွယ်နည်းများ အသုံးပြု၍ ဆောင်ရွက် မည်ဆိုပါက အားသာချက်များအနေဖြင့် ကနဦးလုပ်ငန်းကုန်ကျစရိတ် နည်းပါးခြင်း၊ ဒေသထွက် ပစ္စည်းများအသုံးပြု၍ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေ ဖြစ်အောင်ဖော်ဆောင်နိုင်ခြင်း၊ ကမ်းပြုမှုဖြစ်ပေါ်ခဲ့သောနေရာအား သဘာဝအတိုင်း သဲနုန်း ပြန်လည်ပို့ချမှုကောင်းမွန်စေခြင်း၊ ဝါးများကို စနစ်တကျစုစည်းတည်ဆောက်နိုင် မည်ဆိုပါက ရေလွှဲရေကာများကဲ့သို့ အကျိုးသက်ရောက်မှုရရှိအောင် ဆောင်ရွက်နိုင်ခြင်းနှင့် ပြုပြင် ထိန်းသိမ်း စရိတ်နည်းပါးခြင်း စသည်တို့ကိုရရှိနိုင်သော်လည်း အားနည်းချက်များအနေဖြင့် ရေရှည်ခိုင်ခံမှု အားနည်းခြင်း၊ ရေနက်ကြောင်းကပ်၍ စီးဆင်းမှုရှိသော နေရာများတွင် ဆောင်ရွက်ရန် ခက်ခဲခြင်း၊ မြို့ရွာကမ်းပါးများ သာယာလှပရေးရှုထောင့်မှကြည့်လျှင် ခန့်ငြားနိုင်မှု အားနည်းခြင်း၊ ရေနက်ပိုင်း များတွင် တည်ဆောက်ရန်အတွက် အကန့်အသတ်များရှိခြင်း၊ ကမ်းပြိုမှုဖြစ်ပွားသည့် နေရာတိုင်း တွင် ဆောင်ရွက်၍မရနိုင်ခြင်း၊ စောင့်ကြည့်၍ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပေး ရန်လိုအပ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ပျက်စီးဆုံးရှုံးမှု များပြားနိုင်ခြင်း စသည်တို့ကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ကြောင်းများ တစ်လျှောက် ကမ်းပြိုမှုအများစုသည် ရေဦးထိုးစီးဆင်းမှုကြောင့်လည်းကောင်း၊ မြေအောင်းရေစိမ့် ထွက်မှုမှ တစ်ဆင့် ကမ်းပါးမြေလွှာလျော့ကျခြင်း၊ ကမ်းရင်းရေနက်စီးကြောင်းကြောင့် ကမ်းပါးအိကျခြင်း ဖြစ်စဉ် များကြောင့် ဈေးနှုန်းသက်သာသည့် ဝါးကဲ့သို့သောပစ္စည်းများဖြင့် ရေရှည်ထိန်းကြောင်း ရန် ဖြစ်နိုင်ခြေအလွန်နည်းပါးသည့်အတွက် ၎င်းနေရာမျိုးတွင် တောင့်တင်းခိုင်မာသည့် ကမ်းထိန်း ဒီဇိုင်းများဖြစ်သာ ထိန်းကြောင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့သော်အချို့သောအခြေအနေများတွင် ဥပမာ ရေလှိုင်းပုတ်ဒဏ်ကြောင့် ကမ်းစားသည့် ဖြစ်စဉ်များ၊ ရေကြောင်းကျယ်၍ ရေစီးနှေးသည့် နေရာများတွင် ကမ်းပါးတိုက်စားမှုဖြေလျော့ရန်နှင့် သဲသောင်ဖြစ်ထွန်းမှုရရှိစေရန်တို့အတွက် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ် နှင့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် များတွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ကမ်းပြို ကာကွယ်ရေးလုပ်ငန်းတွင် ဝါးများကို အသုံးပြုပြီး ကမ်းပြိုကမ်းပါးတစ်လျှောက် ကရစ်ကွက်များဖြင့် ပုံဖော်တည်ဆောက်သည့် ဝါးကရစ် ကမ်းထိန်း လုပ်ငန်းဖြင့် တိုက်ရိုက်ကာကွယ်ခဲ့ရာတွင် အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပဲနွယ်ကုန်းမြို့၊ တပင် ရွှေထီးရပ်ကွက်၊ တုံကန်ချောင်းကမ်းပြို ကာကွယ်ရေး၊ ဖြူးမြို့နယ်၊ မြို့ချောင်းရွာ၊ ဖြူးချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ လက်ပံတန်းမြို့နယ်၊ လှည်းလမ်းဆိပ်ရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်း၊ အမှတ်(၃)ရပ်ကွက် မင်းဘူးချောင်းရေ တိုက်စားမှု ကာကွယ်ရေးလုပ်ငန်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောက်တန်း မြို့နယ်၊ တံတားမြို၊ အမှတ်(၄)ရပ်ကွက်အနီး ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများတွင် ဝါးကရစ် ကွက်ဖြင့် ကာကွယ်မှုများဆောင်ရွက်ခဲ့ရာ ထိရောက် အောင်မြင်သော အကျိုးသက်ရောက်မှုများ ရရှိခဲ့ပါကြောင်း၊ ၎င်းအပြင် ဝါးများကိုအသုံးပြုပြီး ဝါးကရစ်ကွက်ကမ်းထိန်းလုပ်ငန်းများ၊ ဝါးဖောင် အသုံးပြုသည့် Floating Structure များ၊ ဝါးနှင့်ကိုင်းပင်များ ယှဉ်တွဲအသုံးပြု၍ ကိုင်းဒလက်ချ ထားခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသော်လည်း ဝါး၏ သက်တမ်းသည် သုံးနှစ် ခန့်သာရှိနိုင်သည့်အတွက် ရေရှည်စိတ်ချရသော ဖြေရှင်းနည်းမဟုတ်ပါကြောင်း၊ ကိုယ်စား လှယ်ကြီးရည်ညွှန်းထားသည့် Facebook ဆောင်းပါးတွင်ဖော်ပြပါရှိသည့် ဂျမူနာမြစ်သည် ရေကြောင်းကျယ်ပြန့်ခြင်း၊ ရေစီးနှုန်းနည်းခြင်း၊ သဲနုန်းပါဝင်မှုမြင့်မားခြင်းတို့ကြောင့် ဈေးနှုန်း သက်သာသည့် ဝါးကျဲနံရံများဖြင့် ဆောင်ရွက်အောင်မြင်နိုင်သည်မှာ အမှန်ဖြစ်ပါကြောင်း၊ ဝါးကျဲနံရံများကို အသုံးပြု၍ ကမ်းပြိုကာကွယ်ရေးလုပ်ငန်များဆောင်ရွက်ရာတွင် ကုန်ကျစရိတ် သက်သာခြင်း၊ ရေစီးနည်း၍ အပြန့်ကျယ်သော ချောင်းငယ်များအတွင်း၌လည်းကောင်း၊ ရေမွှာ ပေါက်များသည့် မြစ်ကြောင်းများတွင် အဓိကရေလမ်းကြောင်းကို ဖွံ့ဖြိုးစေရန်အတွက် ဆောင်ရွက်ရန် ပိုမိုသင့်လျော်ခြင်း၊ ဒေသထွက်ပစ္စည်းများဖြင့် တစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီစွာ အကျိုးဖြစ်ထွန်းနိုင်ခြင်းစသည့် အကျိုးသက်ရောက်မှုများ ရရှိနိုင်သော်လည်း ဧရာဝတီမြစ်သည် ဝါးကျဲနံရံများ အသုံးပြုကာကွယ်ထားသည့် ဂျမူနာမြစ် နှင့်နှိုင်းယှဉ်လျှင် ပျမ်းမျှရေထုစီးဆင်းမှုတွင် လေးဆ၊ ပျမ်းမျှရေစီးနှုန်းတွင် ၁.၅ ဆ အသီးသီး များသည် အတွက် ဝါးကျဲနံရံများဖြင့် ကာကွယ်မှု ဆောင်ရွက်ပါက အကျိုးသက်ရောက်မှု တူညီ နိုင်မည် မဟုတ်ပါကြောင်း၊ ဝါးကျဲနံရံများကဲ့သို့ ကုန်ကျစရိတ်သက်သာပြီး အခြေခံသဘော တရားချင်းတူညီသော ဝါးကရစ်ကွက်မြေထိန်း၊ ရေစီးထိန်းစနစ်များကို မိမိတို့နိုင်ငံမြစ်ချောင်းများ၏ ဆီလျော်သည့်နေရာများတွင် အသုံးပြုလျက် ရှိနေပါကြောင်း ဝါးထက် သက်တမ်းပို၍ ကြာရှည်ခံ သည့် မျောများကိုအသုံးပြု၍ ယာယီကမ်းထိန်း အနေဖြင့် မျောကရစ်တန်း တည်ဆောက်၍ ကာကွယ်မှုများသုံးစွဲလျက်ရှိပါကြောင်းနှင့် လက်ရှိ အနေအထားအရ ဝါးကျဲနံရံများကို ကျယ်ကျယ် ပြန့်ပြန့်အသုံးချနိုင်ရေးအတွက် အသေးစိတ် လေ့လာပြီးနောက် စမ်းသပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
