တောင်ကုတ်မြို့နယ်၊ ခူး(သက္ကပြင်)ကျေးရွာအုပ်စု၊ အဘေကျေးရွာတွင် TMP ကုမ္ပဏီမှ တောင်ကုန်း များနှင့် ဒီရေတောများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအဖြစ် လျှောက်ထားလုပ်ကိုင်သည့် ပုစွန် မွေးမြူရေးစီမံကိန်းကို ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ခွင့်ပြုလုပ်ကိုင်ခဲ့ခြင်းရှိ/မရှိနှင့် EIA, SIA တိုင်းတာတွက်ချက်ခဲ့မှုရှိ/မရှိ၊ မရှိလျှင် မည်သို့အရေးယူမည်တို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ယခုမေးခွန်းကို မေးမြန်းခဲ့သည်မှာ ၅ လ ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် လွှတ်တော်နားချိန် မဲဆန္ဒ နယ်ကိုဆင်းသည့်အခါ မိမိမေးမြန်းထားသည့်အချက်များထဲက အချို့အချက်ကို အောက်ခြေတွင် ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်နေပါကြောင်း၊ သို့သော် အချို့အချက်များက လိုအပ်နေဆဲဖြစ်ပါကြောင်း၊ မိမိ ၎င်းမေးခွန်းကို မေးမြန်းရသည့်အဓိကအချက်များက ယခုစီမံကိန်းပြုလုပ်ထားသော ကျေးရွာ အပါအဝင် အနီးအနားကျေးရွာများမှ ပြည်သူများ၏လက်မှတ်ထိုးတိုင်ကြားချက်များအပေါ် မေးမြန်းခဲ့ သည်က တစ်ကြောင်းနှင့် မိမိကိုယ်တိုင် ကွင်းဆင်းလေ့လာခဲ့သည့် အခြေအနေတွေ့ရှိချက်များအပေါ် အခြေခံကာ မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ဒသမအကြိမ်လွှတ်တော်နား၍ မဲဆန္ဒနယ်ကိုပြန်သည့်အခါ TMP ကုမ္ပဏီမှ ဂဏန်းပျော့မွေးမြူရေးအတွက် စီမံကိန်းအနီးနားကျေးရွာများမှ ရွာသူရွာသား အယောက် ၁၀၀ ကျော်ကို အလုပ်ခန့်ထားပါကြောင်း၊ သို့သော် ယခုအချိန်အထိ ထိုစီမံကိန်းတွင် ဥပဒေနှင့်အညီပြုလုပ်ရန် လိုအပ်ချက်များစွာရှိနေပါကြောင်း၊ တောင်ကုတ်မြို့နယ်၊ ခူး(သက္ကပြင်) ကျေးရွာအုပ်စု၊ အဘေကျေးရွာတွင် TMP ကုမ္ပဏီမှ ၁၇-၁၂-၂၀၁၆ ရက်နေ့တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ၃၄၆.၄၁ ဧက လျှောက်ထားခဲ့ကြောင်းကို ၈-၅-၂၀၁၈ ရက်နေ့ကျသည့်အခါမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ၁၀ အိမ်မှူးများကို အစည်းအဝေးခေါ်ယူကာအသိပေးသဖြင့် သိခဲ့ရပြီး ကန့်ကွက်လွှာ အား ၁၆-၅-၂၀၁၇ ရက်နေ့တွင် ပေးပို့ခဲ့ပါကြောင်း၊
ထို့အပြင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းမလျှောက်ထားမီ ၆ လခန့်ကတည်းက သဘာဝဒီရေတော များကို တာတမံပိတ်ခြင်း၊ တာတမံအတွင်း ဒီရေရောက်သစ်တောများအား ခုတ်လှဲ၍ စုပုံမီးရှို့ခြင်း၊ ကန်အတွင်းပိုးသတ်ဆေးများသုံး၍ သန့်ရှင်းရေးပြုလုပ်ခဲ့ပြီး ဒီရေအတက်အကျဖြင့် ရေအသွင်း အထုတ်ပြုလုပ်ရာတွင် ဓာတုပိုးသတ်ဆေးများသည် ဒီရေများနှင့်အတူ ဘေးပတ်ဝန်းကျင်များသို့ ပျံနှံ့ခဲ့ခြင်းကြောင့် အနီးအနားချောင်းများမှ ရေနေသတ္တဝါများ သေကျေပျက်စီးခဲ့ရသည့်အပြင် ဒီရေ တောများအား အပင်များခုတ်လှဲစုပုံခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ထားပါကြောင်း၊ လွှတ်တော်နားစဉ် ကာလက မိမိကိုယ်တိုင်ကျေးရွာများကို ကွင်းဆင်းသည့်အခါ အဆိုပါနေရာအနီးက စက်လှေဖြင့် ဖြတ်သန်းသွားလာခဲ့သည့်အတွက် ဒီရေတောများ၏အခြေအနေကို မြင်တွေ့ခဲ့ရပါကြောင်း၊ သက်ဆိုင်ရာဌာနများသို့ ၎င်းကိစ္စကိုမေးကြည့်သည့်အခါ မသိရှိကြောင်း ပြန်လည်ဖြေကြားပါကြောင်း၊
ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ယခု ဧက ၁၀၀၀ ကျော် လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း၊ ဒီရေတောများကို ရှင်းလင်းပြီး ချောင်းငယ်လေးများကို ပိတ်ထားပါကြောင်း၊ မိမိမဲဆန္ဒနယ်က ပြည်သူလူထုများက မိမိထံ လက်မှတ်ရေးထိုးပြီး ကန့်ကွက်တိုင်ကြားထားပါကြောင်း၊
မိမိသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်နေခြင်းကို ကြိုဆိုပါကြောင်း၊ မကန့်ကွက်ပါကြောင်း၊ ဥပဒေနှင့်အညီ လုပ်ကိုင်ရန် အတွက်သာ ပြောဆိုနေရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းစီမံကိန်းတွင် လယ်ယာမြေနည်းဥပဒေ ပုဒ်မ ၆ နှင့် ပုဒ်မ ၃၀ အရ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့က ဒေသခံများ၏ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် စိုက်ပျိုးမြေများ ထိခိုက်မှုအပေါ် မည်သူမဆို ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း၊ ပွင့်လင်း မြင်သာစွာ အသိပေးပြောဆိုခဲ့ခြင်းရှိ/မရှိ သိလိုပါကြောင်း၊ လယ်ယာမြေနှင့်အခြားမြေများအား အခြား နည်းသုံးစွဲခွင့်၊ လုပ်ပိုင်ခွင့်၊ စိစစ်ခြင်းဆိုင်ရာ ပုံစံ ၁၄ နှင့် နည်းဥပဒေပုဒ်မ ၈၄၊ ၈၆ အရ ဆောင်ရွက် ခြင်းရှိ/မရှိကိုလည်း သိလိုပါကြောင်း၊ အရေးကြီးသည့်အချက်အနေဖြင့် ဒီရေတောများ ရှင်းလင်းသွား သည့်နေရာတွင် မည်ကဲ့သို့ပြန်လည်လုပ်ဆောင်ပေးနိုင်မည်ကို သိလိုပါကြောင်း၊ နောက်ဆုံးအချက် အနေဖြင့် ချောင်းငယ်၊ မြောင်းငယ်များကို စီးဝင်နေသော မြစ်လက်တက် ၁၀ ခုကျော်ကို ပိတ်ဆို့ ထားခြင်းသည်လည်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေနှင့်သာ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ပြဋ္ဌာန်းချက်ဥပဒေများနှင့်ညီ/မညီ၊ EIA, SIA တိုင်းတာတွက်ချက်ခဲ့မှုများရှိ/မရှိကိုလည်း သုံးသပ်ရန် အထူးလိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေနှင့်အညီဖြစ်စေရန် တောင်ကုတ်မြို့နယ်၊ ခူး (သက္ကပြင်) ကျေးရွာအုပ်စု၊ အဘေကျေးရွာတွင် TMP ကုမ္ပဏီမှ တောင်ကုန်းများနှင့် ဒီရေတောများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအဖြစ် လျှောက်ထားလုပ်ကိုင်သည့် ပုစွန်မွေးမြူရေးစီမံကိန်းကို ဥပဒေ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ခွင့်ပြုလုပ်ကိုင်ခဲ့ခြင်းရှိ/မရှိနှင့် EIA, SIA တိုင်းတာတွက်ချက်ခဲ့မှုရှိ/မရှိ၊ မရှိလျှင် မည်သို့အရေးယူမည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းနှင့် စပ်လျဉ်းပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် မြေနေရာပါ တောင်ကုတ်မြို့နယ်အတွင်း ကုမ္ပဏီနှင့် မြေလွတ်၊ မြေလပ်ဧရိယာဧက ၃၄၆.၄၁ ဧကကို သံတွဲမြို့ TMP ကုမ္ပဏီက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီကို လျှောက်ထားခဲ့မှုရှိပါကြောင်း၊ ဗဟိုကော်မတီ အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြည်နယ် လုပ်ငန်းအဖွဲ့ကို လွှဲပြောင်းစစ်ဆေးစေခဲ့ပါကြောင်း၊ ပြည်နယ်လုပ်ငန်းအဖွဲ့က ပြဋ္ဌာန်းထားသည့် နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်မှုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ ကိစ္စနှင့် စပ်လျဉ်းပြီး လုပ်ငန်းစဉ်အရ တောင်ကုတ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနအနေဖြင့် လုပ်ငန်းစာတွဲ၊ အမှုတွဲဖွင့်ရပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကန့်ကွက်မှုရှိ/မရှိ ထုတ်ဆင့်ကြေညာခဲ့ပါကြောင်း၊ ကန့်ကွက်မှုမရှိသည့်အတွက် လုပ်ငန်းစာတွဲကို ခရိုင်အဆင့်မှ၊ ပြည်နယ်အဆင့်သို့ ၂၀၁၇ ရက်နေ့၊ ဧပြီလ ၄ ရက်နေ့ နေ့စွဲဖြင့်တင်ပြခဲ့ပါကြောင်း၊ ၎င်းတင်ပြချက် နှင့်အညီ ပြည်နယ်ဦးစီးဌာနက လုပ်ငန်းစာတွဲကို စိစစ်ခဲ့မှုရှိပါကြောင်း၊ လုပ်ငန်းစဉ်အရ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဖြင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ သဘောထားများကို တောင်းခံဆောင်ရွက်ခဲ့ပါကြောင်း၊
၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးအဖွဲ့၏ အစည်းအဝေး (၂/၂၀၁၇) တွင် အဆိုပါအမှုတွဲနှင့်ပတ်သက်ပြီး ကွင်းဆင်းစိစစ်တင်ပြရန် ဆုံးဖြတ်ခဲ့ပြီးနောက် ပြည်နယ်ငါးလုပ်ငန်းဦးစီးခေါင်းဆောင်သည့် အဖွဲ့ဝင် ၄ ဦးပါသည့် ကွင်းဆင်းစိစစ်ရေးအဖွဲ့ကို တာဝန်ပေးခဲ့ပါကြောင်း၊ အဆိုပါအဖွဲ့အနေဖြင့် ကွင်းဆင်း စစ်ဆးခဲ့ရာ ကုမ္ပဏီမှဆောင်ရွက်ခဲ့သော ပုဇွန်မွေးမြူရေးလုပ်ငန်းသည် ချောင်းမြောင်းများ ပိတ်ဆို့ ဆောင်ရွက်ထားခြင်းမရှိပါကြောင်းနှင့် လက်ရှိ ပုဇွန်ကန် ၁၂ ကန် တူးဖော်ထားရာတွင် အဆိုပါ ကန်များအတွက် အောက်ခံမြေသားအခြောက်ခံခြင်း၊ မြေသားလဲလှယ်ခြင်းများ ဆောင်ရွက်ခြင်းနှင့် လဲလှယ်ပြီး မြေသားများအပေါ် ထုံးဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း စိစစ်တင်ပြ ထားမှုအရ သိရှိရပါကြောင်း၊ ရေနေသတ္တဝါများ သေဆုံးစေနိုင်သော ဓာတုဆေးဝါးသုံးစွဲခြင်း မရှိပါကြောင်းနှင့် ပုစွန်မွေးမြူရေးကန် ဆောင်ရွက်စဉ်က မြေပြုပြင်ဆောင်ရွက်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ဒီရေတောများရှိခဲ့သည့်အတွက် အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရန် တစ်နှစ်လျှင် ဒီရေရောက်အပင် ၂၀၀၀ မှ ၅၀၀၀ ထိ နှစ်စဉ်စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွေ့ဆုံစိစစ်သည့်အခါ ကုမ္ပဏီ ၏ထွက်ဆိုချက်အရ အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကွင်းဆင်းစိစစ်ရေးအဖွဲ့က ပြန်လည်တင်ပြခဲ့မှုကို သိရှိရပါကြောင်း၊ တင်ပြချက်အပေါ် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် ပြုလုပ်သည့်အစည်းအဝေး အမှတ်စဉ် (၄/၂၀၁၈) အရ TMP ကုမ္ပဏီမှ ပုစွန်၊ ငါးမွေးမြူရန်လျှောက်ထားသည့် ဧရိယာ ၃၄၆.၄၁ ဧက အနက် ပတ်သက်ပြီး လက်ရှိမွေးမြူထားမှုအခြေအနေကိုပြန်လည်စိစစ်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် လက်ရှိ တွင် ပြည်နယ်လုပ်ငန်းအဖွဲ့က စိစစ်ဆောင်ရွက်လျက်ရှိဆဲဖြစ်ကြောင်း သိရှိရပါကြောင်း၊
လက်ရှိအခြေအနေတွင် TMP ကုမ္ပဏီအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် လျှောက်ထားသည့် ဧရိယာ ၃၄၆.၄၁ ဧကအနက် ၁၈၁.၅၇ ဧကကို တောခုတ်ထွင်ရှင်းလင်းပြီး ဖြစ်ကြောင်း စိစစ်သိရှိရပါကြောင်း၊ ၎င်းဧရိယာ ၁၈၁.၅၇ ဧကတွင် ပုစွန်ကန် ၁၂ ကန်အတွက် တာပေါင်များတည်ဆောက်ထားပါကြောင်း၊ ကန်မဖော်ရသေးသည့် ဧရိယာ ၁၀၈.၁၅ ဧက ရှိပါ ကြောင်း၊ တောခုတ်ထွင်ရှင်းလင်းရန် ၅၆.၇၉ ဧက ကျန်ရှိကြောင်းနှင့် အဆိုပါဧရိယာအတွင်း ဒီရေပင် များပေါက်ရောက်လျက်ရှိကြောင်း ပြန်လည်ကွင်းဆင်းမှုအရ စိစစ်သိရှိရပါကြောင်း၊ TMP ကုမ္ပဏီ အနေဖြင့် ခွင့်ပြုချက်မရမီ ယခင်လုပ်ငန်းများဆောင်ရွက်နေမှုအပေါ် တောင်ကုတ်မြို့နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ခွင့်ပြုချက်မရရှိဘဲ ကျူးကျော်ဝင်ရောက် အသုံးပြုခြင်းမပြုရန် ကုမ္ပဏီကို အသိပေးအကြောင်းကြား ဆောင်ရွက်ထားခဲ့ပြီးနောက် လုပ်ငန်းများ ဆက်လက်တိုးချဲ့လုပ်ဆောင်ခြင်းမရှိဘဲ ရပ်တန့်ထားသည့်အခြေအနေဖြစ်ပါကြောင်း၊
သို့ဖြစ်သည့်အတွက် တောင်ကုတ်မြို့နယ်၊ ခူးကျေးရွာအုပ်စုနှင့် ဂျီဝကျေးရွာအုပ်စုရှိ မြေလွတ်၊ မြေရိုင်း ဧရိယာ ၃၄၆.၁ ဧကကို TMP ကုမ္ပဏီမှ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားမှုကို ဥပဒေနှင့်အညီဖြစ်စေရန် ပြည်နယ်တွင် စိစစ်ဆောင်ရွက် ဆဲဖြစ်ပါကြောင်း၊ ဗဟိုကော်မတီကခွင့်ပြုပေးထားခြင်း မရှိသေးပါကြောင်း၊ အဆိုပါ လျှောက်ထားလာမှု အပေါ် လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်လျက်ရှိပြီး ဗဟိုကော်မတီကလုပ်ငန်းအပေါ် ဥပဒေနှင့် အညီစိစစ်ပြီးမှသာ အကယ်၍ခွင့်ပြုပေးနိုင်မှသာ လုပ်ထုံးလုပ်နည်းနှင့်လိုအပ်သော EIA, SIA နှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက စိစစ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လက်ရှိ အနေအထားတွင် ခွင့်ပြုမိန့်မရမီအသုံးပြုထားသည့်အပေါ် ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် သက်ဆိုင်ရာကော်မတီကို တားမြစ်ထားမှုရှိပြီး ခွင့်ပြုချက်မရမီ ကြိုတင်ဆောင်ရွက်ထားမှုများကို ယခု ပြင်ဆင်ပြီးဖြစ်သော ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပါ ပြဋ္ဌာန်း ချက်နှင့်အညီ အရေးယူဆောင်ရွက်သွားရန်ရှိပြီဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
ဒေါ်နီနီမေမြင့်(တောင်ကုတ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဒုတိယဝန်ကြီးဖြေကြားသွားရာတွင် TMP ကုမ္ပဏီကရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို လျှောက်သည့်အခါ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကန့်ကွက်မှုမရှိဘူးဟု ပြောကြားခဲ့ပါကြောင်း၊ ကန့်ကွက်မှုမရှိဘူး ဆိုသည်မှာ လုပ်ကိုင်ခွင့်ခွင့်ပြုချက်ပေးခြင်း မဟုတ်ပါကြောင်း၊ ချောင်းများ၊ မြောင်းများကို ပိတ်ဆို့ထား ခြင်းမဟုတ်ဆိုသည်မှာ တကယ့်မြေပြင်နှင့် ကွဲလွဲနေသည်ဟု မိမိထင်မြင်ပါကြောင်း၊ အဘယ့် ကြောင့်ဆိုသော် ကျေးရွာများ၊ ကျွန်းများကို ဆင်းသည့်အခါ အဆိုပါနေရာက မကြာခဏ စက်လှေဖြင့် ဖြတ်သွားနေရသည့်အတွက် မိမိပိုမိုသိရှိပါကြောင်း၊ ဧရိယာနှင့်ပတ်သက်ပြီး မြေပြင်နှင့်အနည်းငယ် ကွဲလွဲနေသည်ဟု ထင်မြင်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် သေချာကွင်းဆင်းပြီး စစ်ဆေးစေလိုပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ထပ်မံပြီးစနစ်တကျကွင်းဆင်းရန် အစီ အစဉ်ရှိ/ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
လက်ရှိအခြေအနေတွင် အဆိုပါအကြောင်းအရာကိစ္စရပ်နှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့က ပြန်လည်စိစစ်ဆောင်ရွက်နေဆဲအခြေအနေ ဖြစ်ပါကြောင်း၊ စစ်ဆေးဆောင်ရွက်သည့်အခါ လွှတ်တော် ကိုယ်စားလှယ်ကြီး၏ ဆက်စပ်မေးခွန်းတွင်ပါဝင်သည့်ကိစ္စရပ်များလည်းရှိလာမည် ဖြစ်ပါကြောင်း၊ ၎င်းကိစ္စရပ်များအပေါ် ပြည်နယ်အစိုးရအဖွဲ့က စိစစ်ရရှိမှုအခြေအနေပေါ်မူတည်ပြီး မိမိတို့ဆက်လက် ဆောင်ရွက်သွားရမည့်အခြေအနေမျိုးလည်း ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တောင်းဆို သကဲ့သို့ အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ဗဟိုအဆင့်ကအထူးလုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်ရမှုအခြေအနေများလည်း ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး၏လိုလားချက် ရှိမည်ဆိုပါက မိမိတို့ဗဟိုကအထူးလုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီး ထပ်မံစစ်ဆေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
