မိမိတို့ ပြည်ထောင်စု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနကနေပြီး သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးစာရင်းများကို တစ်ဦးချင်းစာရင်းရရှိရန်အတွက် ညွှန်ကြားထားသည့် ညွှန်ကြားချက်မှာ ၂၈-၆-၂၀၁၈ ရက်နေ့က ထုတ်ပြန်ထားခြင်း ဖြစ်ပါကြောင်း၊ မင်းဘူး(စကု)မြို့နယ်တွင်ရှိသည့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးကတာဝန်ရှိသော ပုဂ္ဂိုလ်များ၊ ဌာနပေါင်းစုံနှင့် မြေစာရင်းက တာဝန်ရှိသည့် ပုဂ္ဂိုလ်များနှင့် ပူးပေါင်းပြီး ညွှန်ကြားချက်တွင် ပါသည့်အတိုင်း ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကို ညွှန်ကြားချက်နှင့်အညီ ဖွဲ့စည်းပြီး စာရင်းကောက်ခဲ့ပါကြောင်း၊ ၎င်းညွှန်ကြားချက်အရ ကျွန်တော်တို့က တင်ပြရရှိလာသော တောင်သူတစ်ဦးချင်း ထိခိုက်မှုပျက်စီးစာရင်းများကို မိမိတို့က အဆင့်ဆင့် တင်ပြပြီး ညွှန်ကြားချက်အပိုဒ် ၂ အပိုဒ်ခွဲငယ် (င) အရဆိုလျှင် ပံ့ပိုးထောက်ပံ့မှုများကို တစ်ဦးချင်းစီ ပေးမည်ဖြစ်ပါကြောင်းကို သိရှိရပါကြောင်း၊ ထို့ကြောင့် မင်ဘူး (စကု) မြို့နယ်၏ ညွှန်ကြားချက်နှင့်အညီ သီးနှံပျက်စီးမှု စာရင်းဇယားများကို ကောက်ခံထားသည့်အတိုင်း၊ ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါစာရင်း ဇယားများကိုလည်း ပူးတွဲတင်ပြထားပြီးလည်း ဖြစ်ပါကြောင်း၊ မိမိတို့ မြို့နယ်မှတာဝန်ရှိသည့် ပုဂ္ဂိုလ်များအားလုံး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ အားလုံးလက်မှတ်ထိုးပြီး တင်ပြထားပါကြောင်း၊ ထို့ကြောင့် မင်းဘူး (စကု) မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော အမှန်ကွင်းဆင်း ကောက်ယူထားသည့် သီးနှံထိခိုက်ပျက်စီးမှု စာရင်းဇယားကို တင်ပြထားသည့်အတိုင်း မည်သည့်အချိန်တွင် မည်သည့်နှုန်းထားဖြင့် ပံ့ပိုးထောက်ပံ့ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီးအတွင်း လွန်ခဲ့သော ၂၀၁၇ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် အတွက်ကြောင့် နှမ်း၊ မြေပဲ၊ ပဲမျိုးစုံသီးနှံများအတွက် တစ်ဧက ကျပ်ငါးထောင်နှုန်း၊ မိုးစပါးအပါအဝင် အစေ့ထုတ်ပြောင်း၊ ချည်မျှင်ရှည်ဝါ၊ ဟင်းသီးဟင်းရွက်စသည့် သီးနှံများအပါအဝင် သီးနှံများအတွက် တစ်ဧက တစ်သောင်းနှုန်း၊ နွေနှမ်းတွင် တစ်သောင်းငါးထောင်နှုန်း၊ မိုးမြေပဲ သုံးသောင်းနှုန်း၊ နွေစပါးအတွက် နှစ်သိန်းငါးသောင်းနှုန်းဖြင့် သီးနှံအလိုက် ထိခိုက်ပျက်စီးဧရိယာ ၅၈၉၂၂ ဧကအတွက် ထောက်ပံ့ကြေးငွေကျပ် ၁.၂ ဘီလီယံကို ၂၀၁၈ ခုနှစ် Mini Budget စက်တင်ဘာလအတွင်း ထောက်ပံ့ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးခွန်းတွင် ဒေသအတွင်း ၂၀၁၈ ခုနှစ်၊ ဇွန်လ အတွင်း မိုးသည်းထန်စွာ ရွာသွန်းသည့် အတွက်ကြောင့် မင်းဘူး (စကု) မြို့နယ်အတွင်း ၄-၇-၂၀၁၈ ရက်နေ့အထိ သီးနှံပျက်စီး ဧရိယာများသည် နွေနှမ်း ၁၈၅၃၀ ဧက၊ နွေစပါး ၁၇၇.၅၉ ဧက၊ မိုးနှမ်း ၂၃၇၃၄ ဧက၊ ပဲတီစိမ်း ၈၈၅ ဧက၊ မြေပဲ ၅ ဧက၊ ဟင်းသီးဟင်းရွက် ၈၆ ဧက၊ မိုးစပါးပျိုးခင်း ၁၄ ဧကနှင့် မိုးစပါးစိုက်ခင်း ၅၃၃ ဧက၊ အစေ့ထုတ်ပြောင်း ၂ ဧက သီးနှံစုစုပေါင်း ၄၃၉၆၉.၈၇ ဧက ပျက်စီးခဲ့သည်ဟု ဖော်ပြပါရှိပါကြောင်း၊ ၆-၉-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးစိစစ်ချက်အရ မင်းဘူး (စကု) မြို့နယ်၏ သီးနှံပျက်စီး ဧရိယာသည် ၁၉၇၀၀ ဧကဖြစ်ကြောင်း တင်ပြထားမှုရှိပါသည်။ ထို့ကြောင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သီးနှံပျက်စီးဧက ကွာဟနေမှုအပေါ် ပြန်လည်ဆက်စပ်စိစစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတည်ပြုဆုံးဖြတ်ထားသည့် သီးနှံစိုက်ပျိုးဧက ၁၉၇၀၃ ဧကအတွက် သီးနှံပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့နိုင်ရေးအတွက် စီးပွားရေးရာ ကော်မတီမှတစ်ဆင့် တင်ပြတောင်းခံခဲ့ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၈) အရ ခွင့်ပြုချက်လည်း ရရှိပြီးဖြစ်ပါကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း အရေးပေါ်ရန်ပုံငွေမှ ပြောင်းလဲသုံးစွဲခြင်းကိစ္စ စိစစ်သဘောတူ ခွင့်ပြုပြီးလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၈ ခုနှစ် ဇွန်လအတွင်း မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ် မိုးများ၍ ရေကြီးနစ်မြှုပ် ပျက်စီးသွားသော သီးနှံ ၁၉၇၀၃ ဧကအတွက် မိုးနှမ်း၊ ပဲတီစိမ်း၊ ဆောင်းမြေပဲ တစ်ဧက ငါးထောင်ကျပ်နှုန်း၊ မိုးစပါးစိုက်ခင်း၊ ဟင်းသီးဟင်းရွက်၊ အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်းသီးနှံ များအတွက် တစ်ဧက တစ်သောင်းကျပ်နှုန်း၊ နွေနှမ်းတစ်ဧက ငါးသောင်းကျပ်နှုန်း၊ မိုးမြေပဲတစ်ဧက သုံးသောင်းကျပ်နှုန်း၊ မိုးစပါးပျိုးခင်းတစ်ဧက တစ်သိန်းကျပ်နှုန်းနှင့် နွေစပါးတစ်ဧက နှစ်သိန်းငါးသောင်း ကျပ်နှုန်းဖြင့် သီးနှံပျက်စီးသော တောင်သူများကို ဆောလျင်စွာ ထောက်ပံ့ပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဝင်းဝင်း (မင်းဘူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဒုတိယဝန်ကြီးဖြေကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ၁၉၇၀၃ ဧကသာ သီးနှံပံ့ပိုးမှုရမည်ဟု ဖြေသွားပါကြောင်း၊ မိမိတို့ အမှန်တကယ် ကောက်ယူရရှိပြီး ဇွန်လ ၂၈ ရက်နေ့က ညွှန်ကြားချက်အတိုင်း အဖွဲ့ဖွဲ့ပြီး ကွင်းဆင်းပြီး အဖွဲ့၏ တင်ပြချက်အရ ၄၃၉၆၉.၈၇ ဧကဖြစ်ပါကြောင်း၊ အကယ်၍ တင်ပြချက်အတိုင်း ထောက်ပံ့မှုမပေးနိုင်လျှင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုံးဖြတ်ထားသည့်အတိုင်း ၁၉၇၀၃ ဧကသာ ပေးမည်ဆိုပါက မဲဆန္ဒနယ် တောင်သူများကို ပြန်ပြီးထောက်ပံ့မှု ပေးသည့်အခါ စာရင်းဇယားများက ကွာဟသွားနိုင်ပါကြောင်း၊ နောက်တစ်ခုက မိမိတို့ ရပ်/ကျေး ကစာရင်းကောက်သည့် အဖွဲ့ကိုလည်း မိမိတို့ မေးပါကြောင်း၊ အကယ်၍ အဆိုပါ ၁၉၇၀၃ ဧကသာ ပေးမည်ဆိုလျှင် ပြန်ဝေရန် အဆင်ပြေမှုရှိ/မရှိ၊ အမှန်တကယ် အဆိုပါ စာရင်းများကို တိုက်ဆိုင်စစ်ဆေးသည့်အခါ ရပ်/ကျေးက တင်ပြခြင်းများနှင့် ကွာနေပါကြောင်း၊ တချို့ရွာများဆိုလျှင် ပျက်စီးမှုစာရင်း မတင်ဘဲ မြေစာရင်းမှ မှန်းပြီးတင်ထားသည်ကို သိရပါကြောင်း၊ ထို့ကြောင့် အဆိုပါ ၁၉၇၀၃ ဧကကို မိမိတို့ပေးမည်ဆိုပါက မဲဆန္ဒနယ်က ပြည်သူများလည်း အခက်အခဲ ဖြစ်နိုင်ပါကြောင်း၊ မိမိတို့ ဦးဆောင်ပြီး စာရင်းကောက်သည့်အပေါ် ယုံကြည်မှုနည်းခြင်း၊ အထင်အမြင်လွဲခြင်းများ ဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ကွာဟနေသော စာရင်းများကို ပြန်လည်တိုက်ဆိုင် စစ်ဆေးပြီး အမှန်တကယ် ပျက်စီးသည့်အတိုင်း ပြန်လည်စိစစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
ဆက်စပ်မေးခွန်းနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့ သဘာဝဘေးကြောင့် သီးနှံထိခိုက်ပျက်စီးမှုအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ဆောင်ရွက်ပြုစုသည့် စာရင်းများအပေါ် မိမိတို့ပြည်ထောင်စု ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယခု ရေကြီးနစ်မြှုပ်မှုကြောင့် သီးနှံများရေကြီးနစ်မြှုပ်သည့်အခါ ရေပြန်ပေါ်ပြီးနောက် ထိခိုက်သည့်ဧရိယာ၊ ပျက်စီးသည့်ဧရိယာများကို လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ အောက်ခြေကွင်းဆင်း အဖွဲ့များက ကွင်းဆင်းစစ်ဆေးပါကြောင်း၊ ရေကြီးနစ်မြှုပ် သော်လည်း နှစ်စဉ်ပုံမှန် တစ်ဧကအထွက်နှုန်းကိုမမီဘဲ လေးပုံတစ်ပုံအထိ အထွက်ရရှိနိုင်မှုဆိုလျှင် ထိခိုက်သည်ဆိုသည့် စာရင်းအဖြစ် မှတ်သားပါကြောင်း၊ သီးနှံအားလုံးပျက်စီးပြီး မရိတ်သိမ်းနိုင်သော Desolate လုံးဝပျက်စီးမှသာ ပျက်စီးဧရိယာဟု စာရင်းမှတ်သားပါကြောင်း၊ ရာသီအတွင်း ပျက်စီးသွားသည့် သီးနှံများပြန်လည် စိုက်ပျိုးနိုင်ရန် ပြန်လည်စိုက်ပျိုးသည့် ဧရိယာကို ကွင်းဆင်းပြီး စာရင်းမှတ်တမ်း တင်ပါကြောင်း၊ ယခုလို ဆောင်ရွက်မှသာ ထိခိုက်ဧရိယာ၊ ပျက်စီးဧရိယာများသည် ကွဲကွဲပြားပြားသိရှိပြီး ကိန်းဂဏန်းဖောင်းပွမှု မဖြစ်ပေါ်စေရန် ဂရုပြုပြီး စာရင်းပြုစုရသည့် အခြေအနေဖြစ်ပါကြောင်း၊ ထိုသို့ ပြုစုရရှိသည့် ကိန်းဂဏန်းများကို နောက်ဆုံး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့က အပြန်ပြန်အလှန်လှန် စိစစ်ပြီးမှ ပံ့ပိုးပေးနိုင်မည့် အထောက်အပံ့ အပိုင်းကို ပြည်ထောင်စုကို ဆက်လက်တင်ပြ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယခုလို လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာ ကနဦးစာရင်းဖြစ်သည့် ၄၃၉၆၉.၈ ဧကအပေါ်တွင် စိစစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးမှ အတည်ပြုခဲ့သည့် ၁၉၇၀၃ ဧကကို မိမိတို့ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့် လုပ်ထုံးလုပ်းနည်းနှင့်အညီ ထောက်ပံ့ပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ စာရင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိစစ်အတည်ပြုထားသော ကိန်းဂဏန်းဖြစ်သည့်အတွက် အခြေပြုဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
