(င)-မင်းတုန်းမြို့နယ်အတွင်းရှိ တိမ်ကောနေသော မင်းတုန်းချောင်းတစ်လျှောက် ရေလမ်းကြောင်း ဖြောင့်ဖြူးရေးအတွက် တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၂၂.၂.၂၀၁၉)

 

မင်းတုန်းမြို့နယ်အတွင်း စီးဆင်းနေသည့် မင်းတုန်းချောင်းနှင့် အခြားချောင်းများ နွေရာသီတွင် ရေစီးဆင်းမှုနည်းသော်လည်း မိုးရာသီတွင် ဆိုးရွားသည့် ရေကြီးရေလျှံခြင်းများကို နှစ်စဉ် ဖြစ်ပေါ်စေပါကြောင်း၊ ချောင်းကြမ်းပြင် မြင့်တက်လာသည့်အတွက် မိုးရာသီတွင် ရေကြီးရေလျှံ ဖြစ်ပေါ်စေပါကြောင်း၊ ရေကြီးရေလျှံဖြစ်လာပါက တောင်သူများစိုက်ပျိုးထားသော စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးရခြင်း၊ လမ်းများပျက်စီး၍ သွားလာရခက်ခဲခြင်း၊ ပြည်သူများ ရေဘေးဒုက္ခနှင့် ကြုံရခြင်း၊ ကမ်းပါးပြိုကျပြီး ကျေးရွာများကို အန္တရာယ်ပြုခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေပါကြောင်း၊ ပုသိမ်-မုံရွာလမ်းပေါ်တွင် မင်းတုန်းချောင်းကူးတံတားရှိပြီး မိုးရာသီတွင် မင်းတုန်းချောင်းရေကြီးရေလျှံဖြစ်ပြီး မင်းတုန်းမြို့၏ အနိမ့်ပိုင်းရပ်ကွက်များအထိ ရေလျှံပါကြောင်း၊ ပုသိမ်-မုံရွာလမ်းပေါ်ရှိ မင်းတုန်းချောင်းကူးတံတား အမှတ်(၃၇)နှင့်အပြိုင် စီးဆင်းနေသည့် တံတား၏မြေထိန်းနံရံကို အန္တရာယ်ပြုနေပါကြောင်း၊ ကျေးရွာလူနေအိမ်များကိုလည်း အန္တရာယ်ပြုနေပါကြောင်း၊ လွန်ခဲ့သောနှစ်အနည်းငယ် ကျေးရွာတစ်ရွာမှာ ကမ်းပါးပြိုပြီး ရွာအလိုက် ပြောင်းရွှေ့ခဲ့ရဖူးပါကြောင်း၊ ကျေးရွာများကို အန္တရာယ်ပြုလာသောကြောင့် ကျေးရွာများမှ မြေထိန်းနံရံပြုလုပ်ပေးရန် တောင်းဆိုထားသည်မှာ ၅၇ ရွာရှိပါကြောင်း၊ ထိုအခြေအနေများကို ကျော်လွှားနိုင်ရန် အဓိကချောင်းကြမ်းပြင် မြင့်တက်ခြင်းကို နစ်တူးပေးရန်နှင့် ရေလမ်းကြောင်းပြောင်းပေးရန် အဓိကလိုအပ်ပါကြောင်း၊ နွေရာသီ ရေနည်းချိန်မှာ အချိန်မီပြုလုပ်ပေးစေလိုကြောင်း၊ သို့ဖြစ်ပါ၍  မင်းတုန်းမြို့နယ်အတွင်းရှိ တိမ်ကောနေသော မင်းတုန်းချောင်းတစ်လျှောက် ရေလမ်းကြောင်း ဖြောင့်ဖြူးရေးအတွက် တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

မင်းတုန်းချောင်းသည် ရခိုင်ရိုးမမှ ချောင်းဖျားခံပြီး ကံမမြို့အထက်ဘက်မှ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည့် ချောင်းဖြစ်ပါကြောင်း၊ တောင်ကျချောင်းရေ ဖြစ်ခြင်းကြောင့် ရေစီးသန်ပြီး ရေစီးထုထည်များသော ချောင်းဖြစ်ပါကြောင်း၊ ချောင်းတစ်လျှောက် ကွေ့ကောက်စီးဆင်းမှုကြောင့် ကျေးရွာအချို့နှင့် စိုက်ပျိုးမြေများ ရေတိုက်စားမှု နှစ်စဉ်ဖြစ်ပေါ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ မင်းတုန်းချောင်းသည် မိုးရာသီရေများချိန်မှာသာ ရေထုထည် မြင့်မားစွာစီးဆင်းပြီး ကျန်ကာလများမှာ ရေအနည်းငယ်သာ စီးဆင်းပါကြောင်း၊ မင်းတုန်းချောင်း တံတား၏ ရေလမ်းကြောင်းမှာလည်း ချောင်းရေထုထည်မြင့်မားစွာ စီးဆင်းချိန်တွင် ကမ်းကပ် ခုံနှစ်ခုကြားရှိ ရေလယ်တိုင်းများအတွင်း ရေစီးကြောင်းမှာ သာမန်ချောင်း ဖြတ်ပိုင်းများ၌ရှိသော ပမာဏထက်ပိုလေ့ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရေထုထည်ပမာဏ ကျဆင်းပြီးချိန်၌ တံတား၏ နောက်ကျောဘက် ရေလမ်းအတွင်းတွင် ရေမွှာပေါက်များ ဖြစ်ပေါ်ပြီး သဲနုန်းပို့ချမှုများ ရှိသည့်အတွက် ကမ်းပါးတိုက်စားခံရမှု၊ ရေလမ်းကြောင်းပြောင်းလဲမှု၊ ချောင်းကြမ်းပြင်နှင့် ရေမျက်နှာပြင် အနိမ့်အမြင့် ပြောင်းလဲမှုများစသည်တို့ ဖြစ်ပေါ်လာသည်ကို လေ့လာတွေ့ရှိ ရပါကြောင်း၊ မိုးရာသီ ချောင်းရေများချိန်တွင် တံတား၏ မြစ်ညာဘက် (အထက်ဘက်) ရေလမ်းကြောင်း ပြောင်းလဲခြင်းကြောင့် S ပုံသဏ္ဌာန်ချောင်းကွေးများ ဖြစ်ပေါ်ပြီး ဘူးတောင်းကျေးရွာနှင့် အဆိုပါကျေးရွာဘက်ခြမ်းရှိ မင်းတုန်းမြို့ ဆက်သွယ်ရေးကားလမ်း၊ တောင်ဖီလာကျေးရွာနှင့် အဆိုပါကျေးရွာဘက်ခြမ်းရှိ ပုသိမ်-မုံရွာကားလမ်းတို့ကို ရေဦးထိုး တိုက်စားကမ်းပြိုမှုခံရခြင်းများ ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ထိုသို့ရေဦးထိုး တိုက်စားကမ်းပြိုမှုများ သက်သာစေရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၄)၊ မကွေးတိုင်းဒေသကြီးရုံးမှ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာကာလအတွင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အခွန်ဝေစုရန်ပုံငွေမှ ကျပ် ၂၀၀.၆၃၈ သန်းဖြင့် မင်းတုန်းချောင်းတံတား ရေလမ်း ကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

မင်းတုန်းချောင်းတံတား ရေလမ်းကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်ခဲ့သည့် ကမ်းထိန်းနှင့် ရေလွှဲရေကာလုပ်ငန်း ၁၁ ခုနှင့် ဖြတ်မြောင်း တူးခြင်းလုပ်ငန်း ၄ ခု စုစုပေါင်း လုပ်ငန်းအမျိုးအစားပေါင်း ၁၅ ခု၏အစီအမံများကို ဖော်ပြထားရှိပါကြောင်း၊ ဖော်ပြပါမြေပုံတွင် ဘူးတောင်းကျေးရွာဘက်ခြမ်း၌ ဆောင်ရွက်ခဲ့သည့် ရေလွှဲရေကာလုပ်ငန်း ၇ ခုနှင့် လုပ်ငန်းတစ်ခုချင်းစီ၏ တန်ဖိုးများကို တင်ပြထားခြင်း ဖြစ်ပါကြောင်း၊ တောင်ဖီလာရွာဘက်ခြမ်းတွင် ဆောင်ရွက်ခဲ့သည့် ရေလွှဲရေကာလုပ်ငန်း ၄ ခုနှင့် တံတား အထက်ဘက်နှင့်အောက်ဘက် ဖြတ်မြောင်းတူးခြင်းလုပ်ငန်း ၄ ခုတို့၏ တစ်ခုချင်းစီ၏ လုပ်ငန်းတန်ဖိုးများကို တင်ပြထားခြင်း ဖြစ်ပါကြောင်း၊ စုစုပေါင်းလုပ်ငန်း ၁၅ ခု အတွက် စုစုပေါင်းလုပ်ငန်းတန်ဖိုးကျပ် ၂၀၀.၆၃၈ သန်းဖြစ်ပါကြောင်း၊ ဘူးတောင်းကျေးရွာဘက်ခြမ်းတွင် ဆောင်ရွက်ထားသည့် ကမ်းထိန်းလုပ်ငန်းများနှင့် တောင်ဖီလာကျေးရွာဘက်ခြမ်း ဆောင်ရွက် ထားသည့် ကမ်းထိန်းလုပ်ငန်းများနှင့် ရေလွှဲရေကာတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပါကြောင်း၊ တံတားအထက်ဘက် ဘူးတောင်းကျေးရွာဘက်ခြမ်းတွင် S ပုံသဏ္ဌာန် ချောင်းကွေးများ ဖြစ်ပေါ်နေမှုကို ရေလမ်းကြောင်းဖြောင့်တန်းစွာ စီးဆင်းနိုင်ရေးအတွက် တူးမြောင်းဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပါကြောင်း၊ ရေလမ်းထိန်းအစီအမံများ ဆောင်ရွက်ပေးမှုကြောင့် မင်းတုန်းချောင်းရေသည် မူလက ဘူးတောင်းကျေးရွာဘက်မှ စီးဆင်းခဲ့ရာ ယခုအခါ လက်ရှိမြစ်ရေကျချိန်တွင် တူးဖော်ထားသည့် ဖြတ်မြောင်းတစ်လျှောက် စီးဆင်းလာပြီး တံတားအဝင် ရေလမ်းဖြောင့်တန်းလာမှု အခြေအနေ၊ ဘူးတောင်းကျေးရွာ ဘက်ခြမ်းနှင့် တောင်ဖီလာကျေးရွာဘက်ခြမ်းတွင် ရေတိုက်စားမှုများ သက်သာလာပြီး သဲသောင်များ ကျဆင်းလာမှုစသည့်တို့ တိုးတက်ဖြစ်ပေါ်လာသည့် အခြေအနေများ ရှိပါကြောင်း၊

တင်ပြခဲ့သည့်အတိုင်း မင်းတုန်းချောင်းတံတား ရေလမ်းကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြင့် တံတားအဝင် ရေလမ်းဖြောင့်တန်းပြီး ပုသိမ်-မုံရွာကားလမ်းမကြီးပေါ်ရှိ မင်းတုန်းချောင်းတံတားနှင့် တံတားချဉ်းကပ်လမ်းကို ရေဦးတိုက်စားမှုမှ ကာကွယ်နိုင်ခြင်းနှင့် ဘူးတောင်းကျေးရွာနှင့် တောင်ဖီလာကျေးရွာတို့ကို ရေတိုက်စား ကမ်းပြိုမှုမှ ကာကွယ်နိုင်ခြင်း စသည့် အကျိုးရလဒ်များ ရရှိခဲ့ပါသဖြင့် လတ်တလောအနေဖြင့် မင်းတုန်းချောင်းအတွင်း သောင်တူးဖော်ရန် အစီအစဉ်မရှိပါကြောင်းနှင့် လက်ရှိဖြစ်ပေါ် တိုးတက်လာသည့် ရေလမ်း အခြေအနေကို ထိန်းသိမ်းနိုင်ရေးအတွက် တည်ဆောက်ပြီး ရေကာများကို စွမ်းအားမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဒေါ်ခင်သန်းနု (မင်းတုန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပုသိမ်-မုံရွာလမ်းက တံတားအမှတ်(၃၇) ထိပ်အနီးတွင် ရေလမ်းကြောင်းလွှဲထားသည်ကို သိပါကြောင်း၊ သို့သော်လည်း ၎င်းရေလမ်းကြောင်း လွှဲထားသည့် အခြေအနေလောက်နှင့် မရနိုင်သည်ကို မိမိတို့နယ်မြေခံများ သိပါကြောင်း၊ ဘူးတောင်းကျေးရွာ၏ အထက်တွင် မြစ်ရွာကိုင်း၊ သစ်ဆိမ့်ပင်၊ ပြောင်းပြာ၊ ရှမ်းရွာ၊ ကူဖြူ၊ ပေါက်ကိုင်းရွာများမှာ အလွန်ပင် အန္တရာယ်ဖြစ်နေပါကြောင်း၊ သို့ဖြစ်၍ ဤချောင်းတစ်လျှောက်ကို တူးပေးရန် အလွန်ခက်ခဲ သော်လည်း လိုအပ်သည့် နေရာများကို အဖြတ်လိုက်၊ အဖြတ်လိုက် တူးပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် ရေလမ်းကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ ပြည်ထောင်စုရန်ပုံငွေမှ သုံးစွဲသကဲ့သို့ ကမ်းပြုကာကွယ်ရေးကိစ္စများ မှာလည်း ပြည်နယ်နှင့်တိုင်းဒေသကြီး ရန်ပုံငွေထဲက သုံးစွဲရခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးမှာ ကမ်းပြိုမှုများ၊ ရေကြီးမှုများ၊ ဖြစ်နေသည့်နေရာမှာ ရန်ပုံငွေရရှိမှုအခြေအနေ အပေါ်မူတည်ပြီး ဦးစားပေးအခြေအနေ၊ ဦးစားပေးအစီအစဉ်နှင့် ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသည်ကိုလည်း သဘောပေါက်ပါကြောင်း၊ မိမိတို့ကလည်း ဤအတိုင်းထားမည် မဟုတ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများကဆိုလျှင် ဒေသတွင်အမြဲတစ်စေ စူးစမ်းလေ့လာပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညှိနှိုင်းပေါင်းစပ်ပြီး အမြဲလေ့လာနေပါကြောင်း၊ လောလောဆယ် အစီအစဉ် မရှိသေးသော်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသကဲ့သို့ မင်းတုန်းချောင်း သောင်တူးရန်ကိစ္စကို အခြားအရေးကြီးသည့် ကမ်းပြိုကာကွယ်မှုလုပ်ငန်းများ ဦးစားပေးအစီအစဉ် အရ တိုင်းဒေသကြီး/ပြည်နယ်နှင့် ညှိနှိုင်း၍ ဆက်လက်လေ့လာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။